စစ်ကိုင်းယူနိုက်တက်အသင်း၏ စပွန်ဆာစာချုပ် ချုပ်ဆိုပွဲကျင်းပ

၁၆  ဇန်နဝါရီ

 

                      

မြန်မာနေရှင်နယ်လိဂ်ကလပ် စစ်ကိုင်းယူနိုက်တက်အသင်း၏ စပွန်ဆာစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

                       

အခမ်းအနားတွင် စစ်ကိုင်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက်(ခ) ဦးဖိုးချစ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Winner Sport မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးပိုင်ချစ်နှင့် ဇော်ဂျီမြန်မာမှ ဦးရာဇာတို့က  စပွန်ဆာပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်   မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က  မုဒိတာစကားပြောကြားခဲ့သည်။ ယင်းနောက်  စစ်ကိုင်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက်၊ စပွန်ဆာများဖြစ်သော ဇော်ဂျီမြန်မာ တိုင်းရင်းဆေးနှင့် ဂျာစီစပွန်ဆာ Pro// Sport တို့စပွန်ဆာစာချုပ်များ ချုပ်ဆိုပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်သည်။ Winner Sport သည် Pro// Sport အမှတ်တံဆိပ်ဂျာစီအား စစ်ကိုင်းယူနိုက်တက်အသင်းကို တစ်ရာသီ စပွန်ဆာပေးခဲ့ခြင်းဖြစ်ပြီး ဇော်ဂျီမြန်မာကလည်း စပွန်ဆာအဖြစ် ပံ့ပိုးကူညီခဲ့ကာ ရင်ဘတ်တွင် ဝတ်ဆင်ကစားမည်ဖြစ်သည်။ စစ်ကိုင်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက်က စစ်ကိုင်းယူနိုက်တက်အသင်း တည်ထောင်ရခြင်း၊ အသင်းလည်ပတ်မှု၊ ကစားသမားများ၏ အနာဂတ်အတွက် စီစဉ်ထားမှုများကို ရှင်းလင်းပြောကြားကာ ကွင်းသစ်တစ်ကွင်းတည်ဆောက်ရန် စီစဉ်ထားမှုများအား ရှင်းလင်းပြောကြားခဲ့သည်။

                         

စစ်ကိုင်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် ခြေစွမ်းပြကစားကာ အသင်းကြီးများကို အနိုင်ရခဲ့သလို ယခုရာသီတွင်လည်း အဖွင့်ပွဲ၌ Southern အသင်းကို အဝေးကွင်း၌ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် ဒုတိယပွဲအဖြစ် ဇန်နဝါရီ ၁၈ ရက်တွင် ရတနာပုံအသင်းနှင့် အဝေးကွင်း ထပ်မံကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်