စစ်မှန်သည့်မေတ္တာဖြင့် ငြိမ်းချမ်းခြင်းသို့တက်လှမ်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ သီးသန့်တွေ့ဆုံပွဲအခမ်းအနား၌ “၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းနှင့် တပ်မတော်အနေဖြင့် သန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူ လူထု လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့ လက်သို့အရောက်အပ်နှင်းမည်ဟူသည့် သန္နိဋ္ဌာန်”ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါပြောကြားခဲ့သည့် သန္နိဋ္ဌာန်နှင့်အညီ တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ထူးခြားသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ပြည်သူ ပြည်သားများအနေဖြင့် လွန်စွာဝမ်းမြောက်ကြ မည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကလည်း အဆိုပါထုတ်ပြန်ချက်ကို ကြိုဆိုလိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) လက်မှတ်ရေးထိုးပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့နှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော အခြေခံမူများရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် (NCA) လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေးအတွက် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကိုကြိုဆိုထောက်ခံရမည်ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသည် (NCA)လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၁၀) ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှုခိုင်မာရေး၊ နိုင်ငံရေးသဘော တူညီချက်များ ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသော လက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့ ပါဝင်လာရေးအတွက် တပ်မတော်၏ဆောင်ရွက်ချက်မှာ ထာဝရငြိမ်းချမ်းရေးသို့ တက်လှမ်းလာနိုင်စေရန် ပြင်းပြသည့် ကြိုးပမ်းဆောင်ရွက်မှုပင်ဖြစ်သည်။ 

ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် အရေးကြီးသည့် ဦးစားပေး လိုအပ်ချက်ဖြစ်သဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအားလုံး (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံစားပွဲဝိုင်းများတွင် ပါဝင်ဆွေးနွေး နိုင်ကြစေရန် မေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် စစ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပြန်အလှန်စိုးရိမ်မှုများ ပြေပျောက်စေရန်အတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ငြိမ်းချမ်းစွာ အဖြေရှာခြင်းဖြင့် နိုင်ငံတော်၏မျှော်မှန်းချက်များ၊ တိုင်းရင်းသားပြည်သူများ၏ နှစ်ပေါင်းရှည်ကြာ မျှော်လင့်တောင့်တနေသောဆန္ဒများကို ဖြည့်ဆည်းပေးရာ ရောက်ပေမည်။

သို့ဖြစ်ရာ မျက်မှောက်ကာလသည် လွတ်လပ်ရေးအောင်ပွဲသဘင်ကို ဆင်ယင်ကျင်းပတော့မည့် ကာလဖြစ်ပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ထိုအချိန်ကာလတွင် ရန်စစ်မီးငြိမ်းစေရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းလိုက်သဖြင့် ထိုအခွင့်အလမ်းကောင်းကို အမိအရဆုပ်ကိုင်ကာ ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်သည်အထိ ညီညီညွတ်ညွတ် လက်တွဲပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ