စေတုတ္တရာမြို့နယ် မဏ္ဍပ်ကိုင်းကျေးရွာတွင် (၄၀၀)ဗို့အား လျှပ်စစ်မီးသွယ်တန်းထားမှုအား ကြည့်ရှုစစ်ဆေး

စေတုတ္တရာ ၁  ဒီဇင်ဘာ           

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မဏ္ဍပ်ကိုင်းကျေးရွာတွင် ပြည်သူထည့်ဝင်ငွေနှင့် မြစိမ်းရောင်အတိုးရ ရန်ပုံငွေတို့ဖြင့် ကျေးရွာတွင်း (၄၀၀)ဗို့အား လျှပ်စစ်မီးသွယ်တန်းထားရှိမှုအား ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများသည် မဏ္ဍပ်ကိုင်းကျေးရွာရှိ မြစိမ်းရောင်အတိုးရ ရန်ပုံငွေ ကျပ်သိန်း(၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ် (၂၃၅) သိန်းဖြင့် ၄၀၀ ဗို့အား အရှည်ပေ (၆၇၀၀) ရှိသော ကျေးရွာတွင်း လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်အတိုးရရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာ(၃)ရွာတွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများဖြင့် ကျေးရွာတွင်း ကုန်ထုတ်လမ်းများ ဆောင်ရွက်ခြင်း၊ ကျေးရွာရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘက်စုံသုံးခန်းမဆောင်များ တည်ဆောက်ခြင်း၊ ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အစရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)