ဆောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁၇ ရွာမှ ရေအရည်အသွေး ဓာတ်ခွဲစမ်းသပ်ပေးလျက်ရှိ

ဆော ၂၀ စက်တာဘာ

မကွေတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောမြို့နယ်အတွင်း ကျေးရွာများရှိ ရေအရည်အသွေး ကောင်းမွန်မှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ခြင်းကို လူထုဗဟိုပြုစီမံကိန်း (CDD) မှ လက်ထောက်နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများက ဓာတ်ခွဲစမ်းသပ်ပေးလျက်ရှိသည်။

ဓာတ်ခွဲစမ်းသပ်ရာတွင် ဓာတ်သတ္တုပစ္စည်းများ၊ ပိုးမွှားများ ရေတွင်ပါဝင်မှု ရှိ/မရှိ စစ်ဆေးပေးလျက်ရှိပြီး ဓာတ်သတ္တုပစ္စည်းများ ပါဝင်မှုသိရှိနိုင်စေရန် pH,TDS,Tubidity, EC, Fluoride, Nitrate စသည်တို့ကို ကျေးရွာ၏ အများဆုံးအသုံးပြုသည့် ရေထွက်ပင်ရင်းမှ ယူဆောင်လာကာ (၂၄)နာရီအတွင်း စမ်းသပ်စစ်ဆေးပေးခြင်းနှင့် Bacteria, Total Caliform Bacteria များ ရေတွင်ပါဝင်ခြင်း ရှိ/မရှိ သိရှိနိုင်စေရန် လက်ထောက်နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများက ကျေးရွာ၏ အများဆုံးအသုံးပြုသည့် ရေထွက်ပင်ရင်းသို့ သွားရောက်ပြီး Aquagenx Compartment Bags များနှင့် စမ်းသပ်ပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ရေအရည်အသွေး စမ်းသပ်ခြင်းလုပ်ငန်းကို ဆောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁၇ ရွာမှ အများသုံးရေနမူနာများကို ရယူပြီး စမ်းသပ်ပေးလျက်ရှိကြောင်း မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရသည်။

မောင်သူရ