ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ

ဆေးလိပ်မသောက်နဲ့ အဆုတ်ထိခိုက်မယ်၊ ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့ အဆုတ်ပျက်စီးမယ် ဆိုတာ အရင်တည်းကသိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ဆေးလိပ်ငွေ့ကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်တယ်ဆိုတာကို သုတေသနအသစ်က သက်သေပြခဲ့ပါတယ်။

 

ဆေးလိပ်အရမ်းသောက်တဲ့သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းပြဿနာရှိနိုင်ပြီး အလင်းရောင်မှိန်ရင် သိပ်မမြင်နိုင်တာမျိုးဖြစ်လာနိုင်တယ်လို့ သုတေသီတွေကဖော်ပြခဲ့ပါတယ်။

 

သုတေသနမှာဆေးလိပ်မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ် တဲ့သူ ၆၃ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲမှာ အမြင်အာရုံပုံမှန်ရှိသူတွေနဲ့ မျက်မှန်တပ်ရသူတွေ ပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတွေဖြစ်ပါတယ်။

 

ဆေးလိပ်ငွေ့တွေ ကြားမှာပျော်မွေ့တဲ့ ဆေးလိပ်အရမ်းသောက်သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းမှာ သိသိသာသာ ပြောင်းလဲလာတာတွေ့ရပြီး အလင်းမှိန်တဲ့နေရာမှာပြတ်သားစွာမြင်နိုင်စွမ်း အခက်အခဲ ပိုရှိနေတာ တွေ့ရပါတယ်။

 

ဘာကြောင့်လဲ

 

“စီးကရက်သောက်လွန်းတာ ဒါမှမဟုတ် ဆေးလိပ်မှာပါတဲ့ ဒြပ်ပေါင်းတွေနဲ့ ကြာရှည်ထိတွေ့မှုများ နေတာက အမြင်အာရုံထင်ရှားပြတ်သားနိုင်စွမ်းမှာ ထိခိုက်စေတယ်လို့လေ့လာမှုရလဒ်တွေက ညွှန်ပြ နေပါတယ်။ စီးကရက်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဒြပ်ပေါင်းတွေအများကြီးပါတယ်။ ဦးနှောက်ရဲ့ အလွှာတွေကို ထူထဲမှုလျော့စေတယ်၊ ဦးနှောက်ထိခိုက်မှုတွေနဲ့ဆက်နွှယ်နေပါတယ်။” လို့Rutgers University Behavioral Health Care မှ ဒါရိုက်တာဖြစ်တဲ့ တွဲဖက်သုတေသီSteven Silverstein ကပြောပါတယ်။

 

အရင်သုတေသန တွေမှာတော့ ကာလကြာရှည် ဆေးလိပ်သောက်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းကို ဖြစ်နိုင်ခြေပိုများ၊ ပိုမြန်စေပြီး မျက်စိရောင်ရမ်းခြင်းတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။

 

နီကိုတင်းနဲ့ ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေပြီး မြင်လွှာမှာရှိတဲ့ သွေးကြောနဲ့ အာရုံကြောဆဲလ်တွေကိုထိခိုက်စေနိုင်တယ်လို့တွေ့ရှိထားပါတယ်။

 

ဒီသုတေသနကို Psychiatry Research ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

 

ဒါ့ကြောင့်ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်နိုင်တာ အဆုတ်ကိုပဲ မဟုတ်ပါဘူး။ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်ကို ဖြတ်နိုင်အောင် မကြိုးစားနိုင်တောင် လျှော့သောက်ဖို့ သတိထား သင့်ပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

 

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Yun Sandi Nan Mon