စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်း Investing in Myanmar Government Bonds Conference သို့ တက်ရောက်

ရန်ကုန်  ၁၈   နိုဝင်ဘာ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်းသည် ရန်ကုန်မြို့၊ Melia Hotel တွင် ယနေ့နံနက် ၉ နာရီ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာရှဖွံ့ဖြိုး ရေးဘဏ်နှင့် ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department for International Development-DFID) တို့ပူးပေါင်းကျင်းပသည့် အစိုးရငွေတိုက်စာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

ေ

 

ညီလာခံတွင်   မြန်မာနိုင်ငံ၌ အရင်းအနှီးဈေးကွက်များဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဂျပန်နိုင်ငံ၏ ကြွေးမြီစီမံခန့်ခွဲမှုမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ထိုင်းနိုင်ငံ၏ ငွေချေးစာချုပ်ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းအတွေ့အကြုံများ၊ ဘတ်ဂျက်လိုငွေများအား အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချခြင်းနည်းလမ်းဖြင့်ဖြည့်ဆည်းဆောင်ရွက်နေသည့် ဂျော်ဂျီယာနိုင်ငံ၏ အတွေ့ အကြုံများ၊ မြန်မာနိုင်ငံတွင် အစိုးရငွေတိုက်စာချုပ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ အာဆီယံ ဒေသတွင်း နိုင်ငံအလိုက်ငွေကြေးများဖြင့်ထုတ်ဝေသည့် ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးမှုအခြေ အနေများအား အာရှဖွံ့ဖြိုးရေးဘဏ်၊ DFID၊ ဂျပန်၊ ထိုင်း၊ ဂျော်ဂျီယာနှင့် မြန်မာနိုင်ငံတို့မှ ပညာရှင်များနှင့် ကျွမ်းကျင်သူများက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်  အစိုးရငွေချေးသက်သေခံလက်မှတ်များ ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းအား ၂၀၁၅ ခုနှစ်မှ စတင်၍ ဈေးကွက်က သတ်မှတ်သည့်အတိုး နှုန်းဖြင့်ရောင်းချလျက်ရှိရာ နိုင်ငံပိုင်ဘဏ်များ၊  ပုဂ္ဂလိကပိုင်ဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ အာမခံကုမ္ပဏီများက ယင်းအစိုးရငွေချေးသက်သေခံ လက်မှတ်များအား ဝယ်ယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငွေတိုက်စာချုပ်ဈေးကွက်မှာ Primary Market အဆင့်၌သာ ရှိသေးသဖြင့် Secondary Market သို့ တိုးတက်ရောက်ရှိနိုင်ရေးကြိုးပမ်းမှုတစ်ရပ်အနေဖြင့် အဆိုပါညီလာခံ အား ကျင်းပခဲ့ခြင်းဖြစ်သည်။


အဆိုပါညီလာခံသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ငွေတိုက် ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ နိုင်ငံတော်ပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင် ဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာမိတ်ဘက် အဖွဲ့အစည်းများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် အာမခံကုမ္ပဏီများမှ တာဝန်ရှိသူ စုစုပေါင်း (၁၁၂) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်