စိတ်အလိုဆန္ဒကို ဦးစားမပေးဘဲ စောင့်ထိန်းလိုက်နာ

တစ်ကမ္ဘာလုံး ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးသည် အရှိန်ကောင်းနေဆဲဖြစ်သည်။ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားရာမှ ယခုအခါ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားပြီ ဖြစ်သည်။ ရောဂါဖြစ်စက ဗဟိုချက်သည် တရုတ်နိုင်ငံ ဟူပေပြည်နယ်ဖြစ်သော်လည်း ယခုအခါ အမေရိကန်ပြည်ထောင်စုသို့ ဦးတည်နေသည်ကို တွေ့ရသည်။

 

အလျင်အမြန် ကူးစက်နိုင်သော ရောဂါဖြစ်သည့်အတွက် တရုတ်နိုင်ငံတွင် ရောဂါဖြစ်စဉ်ကတည်းက မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုမရှိစေရန် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ဝန်း ကူးစက်မှုတွင် နောက်ဆုံးဖြစ်သော နိုင်ငံများတွင် ပါဝင်ပြီး မတ်လ ၂၃ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ တစ်ဦးမှစ၍ ၁၁ ရက်မြောက်နေ့ဖြစ်သည့် ဧပြီလ ၂ ရက်နေ့တွင် ရောဂါပိုးတွေ့သူ ၂၀ ဖြစ်လာခဲ့သည်။

 

ရောဂါပိုးတွေ့သူ ၂၀ တွင် ပြည်ပမှ ရောက်လာသူ ၁၂ ဦးရှိပြီး ပြည်ပသို့ သွားရောက်သည့် ခရီးသွား ရာဇဝင်မရှိဘဲ ရောဂါပိုးတွေ့သူ ရှစ်ဦးရှိသည်။ ၎င်းတို့၏ ရောဂါကူးစက်မှု ဇာစ်မြစ်ကို မသိရသေးသော်လည်း ရောဂါရှိသူနှင့် ထိတွေ့ဆက်ဆံမှု သို့မဟုတ် ရောဂါပိုးရှိသောအရာနှင့် ထိတွေ့မှု တစ်ခုခုကြောင့် ကူးစက်ခြင်းသာ ဖြစ်နိုင်သည်။ တရုတ်နိုင်ငံတွင် ရောဂါအပြင်းအထန် ဖြစ်ပွားနေစဉ်ကတည်းက ရောဂါမဖြစ်စေရန် သတိပြုလိုက်နာရမည့် အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတို့က အသိပေး ဆောင်ရွက်နေသည့်ကြားမှ ခရီးသွားရာဇဝင် မရှိဘဲ ရောဂါဖြစ်လာသောကြောင့် ယခုထက်ပို၍ အထူးသတိပြု လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါသည် လူတစ်ဦးမှတစ်ဦး ကူးစက်ခြင်း၊ ရောဂါပိုးနှင့် ထိတွေ့မိပြီး အသက်ရှူလမ်းကြောင်းသို့ ရောက်သွားခြင်းကြောင့် ရောဂါဖြစ်နိုင်ရာ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောခြင်း၊ နှာခေါင်းစည်းအုပ်ခြင်း၊ လူထူထပ်သောနေရာသို့ မသွားခြင်း၊ မိမိ မိသားစု၊ မိမိ အသိုင်းအဝိုင်း၊ မိမိ ပတ်ဝန်းကျင်တွင် အသိပေးထားသော ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တစ်စုံတစ်ရာ ပြပါက သို့မဟုတ် ရောဂါနှင့်ပတ်သက်၍ မသင်္ကာဖွယ် တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ ကျန်းမာရေးဌာနသို့ ပြသခြင်း၊ သီးသန့်ခွဲခြားနေထိုင်ခြင်း စသည့် ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်လိုပေမည်။

 

သို့သော် မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိပြီး ရက်သတ္တ နှစ်ပတ်နီးပါးရှိလာရာ လမ်းညွှန်ချက်များကို လိုက်နာသူများရှိသလို မလိုက်နာသူများ၊ လိုက်နာမှု အားနည်းသူများလည်း ရှိနေသည်ကို တွေ့ရသည်။ မိမိပတ်ဝန်းကျင်တွင် ရောဂါဖြစ်သူ၊ သေဆုံးသူ မရှိသေးသဖြင့် ပေါ့ပေါ့တန်တန်၊ ပြီးပြီးလွယ်လွယ် သဘောထားပြီး ပြုမူနေထိုင် သွားလာမိပါက ကိုဗစ်-၁၉ ရောဂါဆိုးသည် မိမိတို့ထံသို့ အချိန်မရွေး ရောက်ရှိလာနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ယုတ်စွအဆုံး မိမိ မိသားစု၊ မိမိ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းနှင့် ဆက်ဆံရာတွင်ပင် ရောဂါဖြစ်သော ပတ်ဝန်းကျင် မဟုတ်သော်လည်း ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အတိအကျ လိုက်နာရမည်ဖြစ်သည်။

 

မြန်မာတို့၏ဆိုရိုးစကားတွင် ကိုယ်ပေါင်း စိတ်ခွာ၊ စိတ်ပေါင်း ကိုယ်ခွာ နေထိုင်ရမည့် အချက်နှစ်ချက်တွင် ယခုအချိန်တွင် စိတ်ပေါင်း ကိုယ်ခွာအချက်ကို လိုက်နာ၍ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေး နေထိုင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး လိုက်နာရမည့် ခပ်ဝေးဝေး နေထိုင်ရမည့် နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် များများစားစား မဖြစ်သေးဟုဆိုကာ ပေါ့ပေါ့ဆဆ ပြီးပြီးလွယ်လွယ် မနေထိုင် မဆက်ဆံမိရန်  လိုပေသည်။ အရေးတကြီးကိစ္စ၊ မဖြစ်မနေကိစ္စမှလွဲ၍ ခရီးသွားခြင်း၊ ပြင်ပသို့ လူထူထပ်သော နေရာသို့ သွားရောက်ခြင်းတို့ကို မပြုလုပ်ကြဖို့လိုပေသည်။ ။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုသည် တစ်နေ့ထက်တစ်နေ့ တိုး၍လာနေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားသော လမ်းညွှန်ချက်များအတိုင်း တိတိကျကျ လိုက်နာကြပြီး ကိုဗစ်-၁၉ ရောဂါဘေးမှ ကင်းဝေးကျော်လွှားနိုင်ရန် မိမိတို့၏ စိတ်ခံစားချက်၊ စိတ်အလိုဆန္ဒများကို ဦးစားမပေးဘဲ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ