စက်တင်ဘာအတွက် MNL လအလိုက် အကောင်းဆုံးဆုကို ဦးအောင်နိုင်(ရှမ်း)နှင့် ဟိန်းထက်အောင် (ဟံသာဝတီ)တို့ ရရှိ

စက်တင်ဘာ ၁၉

မြန်မာနေရှင်နယ်လိဂ်က ရွေးချယ်သည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ စက်တင်ဘာအတွက် လအလိုက်အကောင်းဆုံးဆုကို ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်နှင့် ဟံသာဝတီအသင်း တောင်ပံကစားသမား ဟိန်းထက်အောင်တို့ ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ပွဲများဆက်တိုက် ကျင်းပနေရသောကြောင့် ပွဲစဉ် (၄)ခုအပြီးတွင် လအလိုက်အကောင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်နေခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၃) မှ (၁၆) အထိ လေးပွဲစလုံး အနိုင်ရခဲ့သောကြောင့် နည်းပြချုပ်ဦးအောင်နိုင် က အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရခိုင်ကို သုံးဂိုး-ဂိုးမရှိ၊ ဟံသာဝတီကို လေးဂိုး-နှစ်ဂိုး၊ မကွေးကို ငါးဂိုး-နှစ်ဂိုး၊ ရန်ကုန်ကို လေးဂိုး-ဂိုးမရှိတို့ဖြင့် လေးပွဲစလုံး အနိုင်ရခဲ့ပြီး ချန်ပီယံလမ်းကြောင်းပေါ်တွင် ဆက်ရှိနေရန် အရေးပါသည့် ဟံသာဝတီ၊ ရန်ကုန်တို့နှင့်ပွဲများတွင် အနိုင်ရအောင် ကစားနိုင်ခဲ့သည်။ အကောင်းဆုံးကစားသမားဆုရ ဟိန်းထက်အောင်သည် လေးပွဲစလုံး ပါဝင်ကစားခဲ့သည့်အပြင် တစ်ဂိုးသွင်း၊ လေးကြိမ် ဂိုးဖန်တီးမှုပြုလုပ်ခဲ့သောကြောင့် ရွေးချယ်ခံရခြင်းဖြစ်ပြီး လအလိုက်အကောင်းဆုံးဆုကို ပထမဆုံးရရှိခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးနည်းပြဆုရ ဦးအောင်နိုင် (ရှမ်းယူနိုက်တက်) ကို စက်တင်ဘာ ၁၉ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပသည့် ရှမ်း-အားကာသိပ္ပံပွဲမတိုင်မီ ဆုချီးမြင့်ခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်းခွဲကို မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်ကလည်းကောင်း၊ အကောင်းဆုံးကစားသမားဆုရ ဟိန်းထက်အောင် (ဟံသာဝတီ) ကို စက်တင်ဘာ ၁၉ ရက်က YUSC ကွင်း၌ ကျင်းပသည့် ဟံသာဝတီ-ရန်ကုန်ပွဲမတိုင်မီ ဆုချီးမြှင့်ခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးကျပ်နှစ်သိန်းကို  မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုရာသီတွင် MNL လအလိုက်အကောင်းဆုံးဆုများကို ဇန်နဝါရီတွင် အကောင်းဆုံးနည်းပြဆုကို ဦးမျိုးမင်းထွန်း (ဟံသာဝတီ)၊ အကောင်းဆုံးကစားသမားဆုကို ဒိုနယ် (ဟံသာဝတီ)၊ ဖေဖော်ဝါရီတွင် အကောင်းဆုံးနည်းပြဆုကို ဦးတင်မောင်ထွန်း (ရန်ကုန်)၊ အကောင်းဆုံး ကစားသမားဆုကို မောင်မောင်လွင် (ရန်ကုန်)၊ မတ်/သြဂုတ်တွင် အကောင်းဆုံးနည်းပြဆုကို ဦးမျိုးမင်းထွန်း (ဟံသာဝတီ)၊ အကောင်းဆုံးကစားသမားဆုကို ဒေးဗစ်ဒန်း (ရှမ်းယူနိုက်တက်)၊ စက်တင်ဘာတွင် အကောင်းဆုံးနည်းပြဆုကို ဦးအောင်နိုင် (ရှမ်းယူနိုက်တက်) နှင့် အကောင်းဆုံးကစားသမားဆုကို ဟိန်းထက်အောင် (ဟံသာဝတီ) တို့က ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်