စင်ကာပူမှာ ဘလူးတုအသုံးပြု ကိုဗစ်-၁၉ ခြေရာခံကိရိယာကို လူထုအတွင်းစတင်ဖြန့်ဝေ

စင်ကာပူနိုင်ငံမှာ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဘလူးတုစနစ်ပါရှိတဲ့ ဗိုင်းရပ်စ်ထိတွေ့မှု ခြေရာခံတိုကင်တွေကို လူဦးရေငါးသန်းရှိတဲ့ စင်ကာပူပြည်သူတွေဆီ စတင်ဖြန့်ဝေပေးနေပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေပါတယ်။

 

ဟာ့ဒ်ဝဲဗားရှင်းနဲ့ ထုတ်လုပ်ထား

 

ခရာကြိုးကဲ့သို့ လည်ပင်းမှာ ဆွဲထားပြီးတော့ဖြစ်စေ၊ အိတ်ဆောင်အနေနဲ့ ထည့်ထားပြီးတော့ဖြစ်စေ သယ်သွားလို့ရတဲ့ ဗိုင်းရပ်စ်ခြေရာခံ တိုကင်ဟာ စင်ကာပူမှာ ပြီးခဲ့တဲ့လအတွင်းက စတင်သုံးစွဲခဲ့တဲ့ လက်ရှိဗိုင်းရပ်စ်ခြေရာခံ ဆော့ဖ်ဝဲလ်ကို ဟာ့ဒ်ဝဲဗားရှင်း အသွင်နဲ့ တီထွင်ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။

 

ဆော့ဖ်ဝဲလ်အက်ပလီကေးရှင်းတစ်ခုလိုပဲ ဒီအရာက တခြားသုံးစွဲသူဆီမှာရှိနေတဲ့ အလားတူ ကိရိယာကို ဘလူးတုအသုံးပြုပြီးရှာဖွေတာ ဖြစ်ပါတယ်။ ယခုအသုံးပြုမယ့် တိုကင်ရဲ့ အားသာချက်ကတော့ ဒီကိရိယာက စမတ်ဖုန်းမသုံးတဲ့ အသက်ကြီး ပုဂ္ဂိုလ်တွေအတွက်ပါ အဆင်ပြေစေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အစိုးရအနေနဲ့ ယခုထုတ်လုပ်လိုက်တဲ့ ခြေရာခံတိုကင်ဟာ နိုင်ငံ့ စီးပွားရေး နောက်တစ်ကြိမ် ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ထားပါတယ်။

 

ပြည်ပနိုင်ငံသားများပါ ရရှိမည်

 

အဆင့်မြင့်ဟိုတယ်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ အားကစားရုံ တွေလိုမျိုး ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားတဲ့ ဝန်းကျင်တွေမှာ ဗိုင်းရပ်စ်ထိတွေ့မှုကို ပိုမိုကောင်းစွာ ခြေရာခံနိုင်စေလိမ့်မယ်လို့ အစိုးရက မျှော်မှန်းထားပါတယ်။

 

ဒီတော့ ကိုဗစ်- ၁၉ ထိတွေ့မှုခြေရာခံတိုကင်တွေကို စမတ်ဖုန်းအသုံးနည်းသူတွေလည်းဖြစ်၊ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားနိုင်ခြေများတဲ့ ကျန်းမာရေးဆိုင်ရာ အားနည်းသူတွေလည်းဖြစ်တဲ့ အသက်ကြီးပုဂ္ဂိုလ်တွေ စုဝေးရာနေရာတွေမှာ အရင်ဆုံး ဦးစားပေးဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်ခြေရာခံ တိုကင်ကို စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ ပြည်ပနိုင်ငံ သားတွေအပါအဝင် စင်ကာပူနိုင်ငံသားမှန်သမျှ လက်ခံရရှိမှာ ဖြစ်ပါတယ်။

 

စမတ်ဖုန်းဖွင့်စရာမလို

 

ဗိုင်းရပ်စ်ခြေရာခံတိုကင်နဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ နည်းပညာအေဂျင်စီဆိုင်ရာ အကြံပေးသူက ယခု တီထွင်လိုက်တဲ့ ကိရိယာဟာ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့သူတွေ အားလုံးအတွက် ပိုကောင်းတဲ့ ကိရိယာတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

ဆော့ဖ်ဝဲတစ်ခုရဲ့ လုပ်ဆောင်ချက်လိုပဲ သတင်းအချက်အလက်တွေကို တိုကင်ထဲမှာ သိမ်းဆည်း သိုလှောင်ထားပြီး ပုံမှန်ရှင်းလင်းပေးမှာ ဖြစ်သလို အကယ်၍ တိုကင်သုံးစွဲသူထံမှာ ကိုဗစ်- ၁၉ ဗိုင်းရပ်စ် ရှိနေရင် ကျန်းမာရေးဝန်ကြီးဌာနဆီ တိုကင်ကို ကိုယ်တိုင်လွှဲပြောင်းပေးတဲ့ ကိစ္စမျိုးမှာသာ upload တင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုကင်ကို အိတ်တစ်ခုခု သို့မဟုတ် လည်မှာ ခရာကြိုးလို ဆွဲထားပြီး သယ်ဆောင် သွားနိုင်သလို ဒီကိရိယာကို အသုံးပြုဖို့ စမတ်ဖုန်းဖွင့်နေ စရာမလိုတာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။

 

သုံးစွဲသူအမြောက်အမြားရှိခဲ့

 

ပြီးခဲ့တဲ့မတ်လအတွင်း စင်ကာပူနိုင်ငံဟာ ကိုဗစ်- ၁၉ ခြေရာခံ ဆော့ဖ်ဝဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စတင် အသုံးပြုတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စင်ကာပူ ပြည်သူ ၂ ဒသမ ၄ သန်းအထိ အဲဒီခြေရာခံ အက်ပလီ ကေးရှင်းကို ဒေါင်းလုတ်ဆွဲခဲ့ကြပြီး ဩဂုတ်လမှာ သုံးစွဲသူ ၁ ဒသမ ၄ သန်းအထိ ရှိတယ်လို့ သိရပါတယ်။

 

အဲဒီသုံးစွဲသူအရေအတွက် ပမာဏကိုကြည့်ခြင်း အားဖြင့် ဗိုင်းရပ်စ်ခြေရာခံဆော့ဖ်ဝဲနဲ့ ဘလူးတုစနစ် ခြေရာခံ တိုကင်တွေကို ထိထိရောက်ရောက်နဲ့ ပိုမိုတီထွင် ပြုလုပ်သွားဖို့ လိုအပ်တယ်ဆိုတာကို စင်ကာပူအစိုးရက အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန က အဲဒီအစီအစဉ်ဟာ ကိုဗစ်- ၁၉ ကူးစက်ခံထားရသူတွေနဲ့ နီးကပ်စွာ ထိတွေ့မှုကို ဖော်ထုတ်ဖို့နဲ့ ကန့်သတ် စောင့်ကြည့်မှု ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ကြာချိန်ကို လေးရက်ကနေ နှစ်ရက်အထိ လျှော့ချနိုင်ဖို့ အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။

 

တခြားနိုင်ငံတွေထက် စိတ်အားထက်သန်

 

စင်ကာပူနိုင်ငံဟာ ကိုဗစ်- ၁၉ ခြေရာခံဆော့ဖ်ဝဲနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေထက်ပိုပြီး စိတ်အား ထက်သန်မှုရှိတာကို တွေ့ရပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဒီအက်ပလီကေးရှင်းကို စတင်အသုံးပြုတဲ့နေရာမှာ လည်း တုံ့ဆိုင်းမှုရှိသလို ကောင်းကောင်းအသုံးပြုနိုင်ဖို့ အတွက်လည်း ဝန်လေးတဲ့သဘောကို တွေ့ရပါတယ်။

 

ဗြိတိန်နဲ့ ဝေးလ်မှာဆိုရင် ၎င်းတို့ တီထွင်ထားတဲ့ ခြေရာခံဆော့ဖ်ဝဲကို ယခုလနှောင်းပိုင်းအထိ စတင် အသုံးပြုဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဩစတြေးလျမှာ တော့ ၎င်းတို့သုံးတဲ့ ခြေရာခံဆော့ဖ်ဝဲက ပုံမှန်ထိတွေ့မှု ခြေရာခံခြင်းနည်းအားဖြင့် သတင်းအချက်အလက်မရရှိနိုင် တဲ့အတွက် အချက်အလက်ရရှိရေး ကြိုးပမ်းနေရတယ်လို့ သိရပါတယ်။

 

၄၈ ဦး ထပ်မံကူးစက်ခံရ

 

စင်ကာပူနိုင်ငံမှာ ကိုဗစ်- ၁၉ကူးစက်ဖြစ်ပွားမှု ဆက်လက်အရှိန်မြင့်နေဆဲဖြစ်ပြီး စက်တင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ၄၈ ဦး ထပ်မံကူးစက်ခံရကြောင်း စစ်ဆေး တွေ့ရှိရပါတယ်။ ဒီထဲကမှ ငါးဦးဟာ ပြည်ပကနေ ကူးစက် ခံလာရသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စင်ကာပူ တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၅၇၄၅၄ ဦး ရှိပြီဖြစ်ပါတယ်။

 

ခပ်ခွာခွာနေထိုင်ဖို့ မလွယ်ကူ

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း နိုင်ငံ အတွင်း ကိုဗစ်- ၁၉ ထပ်မံကူးစက်ခံရသူ ၄၉ ဦး တွေ့ခဲ့ပြီး ၎င်းတို့ထဲက အများစုဟာ ရွှေ့ပြောင်း လုပ်သားအိမ်ရာတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ ရွှေ့ပြောင်းလုပ်သားအိမ်ရာတွေမှာ နေထိုင်ကြတဲ့ လူဦးရေဟာ ပြွတ်သိပ်ကျပ်ညပ်နေတဲ့ အနေအထား ကြောင့် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ဖို့ မလွယ်ကူတဲ့အတွက် ရောဂါကူးစက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

 

၇၀ ရာခိုင်နှုန်းလောက်အထိ အသုံးပြုနိုင်

 

ဘလူးတုအသုံးပြုတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ခြေရာခံ တိုကင်ကို စင်ကာပူလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း လောက်အထိ အသုံးပြုနိုင်မှာဖြစ်ပြီး စမတ်ဖုန်းတွေမရှိတဲ့ ပြည်သူငါးရာခိုင်နှုန်းလောက်ကပါ အစိုးရရဲ့ ဗိုင်းရပ်စ် ခြေရာခံ ကွန်ရက်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်လို့ ရတော့မှာဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီရန် ဘာလာကရစ်ရှ်နန်က ပြောကြားခဲ့ပါတယ်။

 

ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးမည်

 

လူကြီးတွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ခြေရာခံကိရိယာကို နောက်ထပ် သုံးလအကြာမှာ ပြည်သူလူထုအတွင်း ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ကိုဗစ်- ၁၉ ဆိုင်ရာ ကန့်သတ်ချက်အများအပြားကိုလည်း ဖယ်ရှားထားပြီဖြစ်တဲ့အတွက် စင်ကာပူ အစိုးရ အနေနဲ့ နိုင်ငံ့စီးပွားရေးကို ဘေးကင်းလုံခြုံစွာပြန်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်စောင့်စားလျက် ရှိနေပါတယ်။ ။

 

စီအင်န်အင်န်

ကလျာမိုးမြင့်