စည်းလုံးညီညာ အောင်ကြောင်းဖြာ

ဒေါက်တာမော်

ယနေ့ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဟူသော ကပ်ရောဂါကြီး ဖြစ်လာခဲ့ချေပြီ။ ကပ်ရောဂါဆိုသည်ကို ကြားဖူးကြ သော်လည်း၊ ကပ်ရောဂါများဖြစ်လာနိုင်သည်ဟု ပညာရှင် များက အတန်တန် သတိပေးထားသော်လည်း၊ လူ့သမိုင်း မှာ ကပ်ရောဂါများကြုံခဲ့ဖူးသော်လည်း၊ ယနေ့ခေတ်ကဲ့သို့ စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်းများ တိုးတက်၍ ကပ်ရောဂါကို လူအများစုက မေ့နေချိန်ဝယ် အငိုက်မိကာ... ထိုကပ်ရောဂါကြီးမှာ ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်ခြမ်း ကမ္ဘာတစ်ဝန်းသို့ အရှိန်အဟုန်ပြင်းစွာ ပြန့်ပွားသွားလေရာ နိုင်ငံအများစုမှာ ပြင်ဆင်ကာကွယ် ချိန် မရလိုက်ကြချေ။

လူမှန်သမျှကို ကူးစက်နိုင်

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကူးစက်ရောဂါတစ်ခု ဖြစ်၍ ထိုမြို့နေလူများ ဘဝပျက်ယောက်ယက်ခတ်နေ သည်ကို သိပ္ပံရုပ်ရှင်တစ်ခုအလား ထိုင်ကြည့်နေရာမှ မိမိ နောက်ကျောသို့ ချက်ချင်းရောက်လာပြီး မိမိတို့ပါ ဘဝ ပျက်ယောက်ယက်ခတ်နေရကြောင်း အီတလီနိုင်ငံသူ တစ်ဦးက ဆိုထားသည်။ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားပြီး များမကြာမီကာလမှာပင် ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးသို့ ဆင်းရဲချမ်းသာမရွေးပျံ့နှံ့ခဲ့လေပြီ။ ထိုရောဂါသည် အိမ်ရှေ့မင်းသား၊ ရုပ်ရှင်မင်းသားမခွဲခြားဘဲ လူမျိုး၊ ဘာသာ၊ နိုင်ငံ၊ ရာသီအသီးသီးမှာ လူမှန်သမျှကို ကူးစက်နိုင်ပါ သည်။
အစပထမတွင် ထိုကူးစက်ရောဂါမှာ မည်သို့သဘော သဘာဝရှိသည်ကို မည်သူကမျှ မသိခဲ့ချေ။ ဝူဟန်မြို့တွင် ရောဂါဖြစ်ပွားသူများ၊ ကူးစက်ပုံများကို လေ့လာရာမှအစ ပညာရှင်များက ဤသုံးလအတွင်း နေ့မအား၊ ညမနား သုတေသနပြုကြသဖြင့် ထိုရောဂါပိုး၏ သဘာဝကို တစ်စိတ်တစ်ပိုင်းသိရှိရပေပြီ။

မော်တို့နိုင်ငံ ကံကောင်းသည်မှာ အခြားနိုင်ငံများ ထက် သုံးလခန့်နောက်ကျပြီးမှ ထိုရောဂါ စတင်ဖြစ်သည် ဖြစ်သဖြင့် ရောဂါသဘာဝနှင့် ကာကွယ်နည်းများကို သူများနိုင်ငံများထက် တစ်ပန်းသာ သိရှိခွင့်ရနှင့်နေပြီဖြစ် သည်။ ထိုရောဂါ၏ သဘာဝကို မော်တို့ပြည်သူတွေ သိထားနားလည်မှသာ ကာကွယ်ရေးအကြံပေးချက်များကို ယုံယုံကြည်ကြည် လိုက်နာကြမည်ဖြစ်ပေသည်။

ထို့ကြောင့် ထိုရောဂါသဘာဝကို ဦးစွာရှင်းပြလိုပါသည်။ ထိုကူးစက်ရောဂါဖြစ်ခါစတွင် ဗိုင်းရပ်စ်ပိုးတစ်ခု ကြောင့်ဖြစ်သည်ဟုသာသိခဲ့ပြီး ထိုဗိုင်းရပ်စ်ပိုးတွင် အမည် ပင်မရှိခဲ့ချေ။ ယနေ့တွင်ကား ထိုကူးစက်ရောဂါကို ၂၀၁၉ ခုနှစ်မှာဖြစ်သော ကိုရိုနာဗိုင်းရပ်စ် (coronavirus) ရောဂါ ဖြစ်သဖြင့် ကိုဗစ်-၁၉ ဟုခေါ်တွင်ပြီး ထိုဗိုင်းရပ်စ်ကို Severe Acute Respiratory Syndrome ဖြစ်စေသော coronavirus နှင့်တူသဖြင့် SARS-CoV-2 ဟု အမည်ပေး ထားပါသည်။

ထိုဗိုင်းရပ်စ်၏သဘာဝမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) ရောဂါရှိသူက ချောင်းဆိုး၊ နှာချေ၊ စကားပြောလိုက် ခြင်းဖြင့် ထွက်လာသော အရည်အမှုန်အမွှားလေးများတွင် ထိုဗိုင်းရပ်စ်ပိုးများပါလာသည်။

ထိုအမှုန်အမွှားလေးများသည် တစ်မီတာမှ နှစ်မီတာ အထိရောက်နိုင်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာ ခွာနေရမည်ဟု ညွှန်ကြားထားခြင်းဖြစ်သည်။ မြန်မာ နိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ ညွှန်ကြားချက်နှင့်အညီ တစ်မီတာ (၃ ပေသာသာ) ခွာနေရမည်ဟု ပညာပေးထားပါသည်။ CDC (Center for Disease Control and Prevention)က ထိုအမှုန်လေးများမှာ ၆ ပေ မှ ၁၀ ပေအထိရောက်နိုင်သည်ဟု ဆိုထားသည်။ မည်သို့ဆိုစေ မော်တို့ ပြည်သူများ အလွယ်တကူလိုက်နာစေနိုင်ရန် ခပ်ခွာခွာဆိုသည်မှာ လက်နှစ်ကမ်းခန့် ခွာနိုင်သမျှ ခွာနေ ကြရန် အကြံပေးလိုပါသည်။ ချောင်းဆိုး၊ နှာချေလျှင် ထိုအမှုန်လေးများတစ်မီတာမျှပင် မရောက်စေရန် တစ်ရှူး၊ အင်္ကျီလက်စသည်တို့ဖြင့် အုပ်ရပေမည်။ လက်ဖဝါးမှ တစ်ဆင့် တံခါးလက်ကိုင်စသော မိမိကိုင်သောပစ္စည်းများ သို့ ပြန့်နိုင်ပါသဖြင့် လက်ဖဝါးဖြင့် မအုပ်သင့်ပါ။

(၂) ထိုဗိုင်းရပ်စ်သည် အနီးရှိ စားပွဲ၊ တံခါးစသည့် မျက်နှာ ပြင်များပေါ်တွင် ကျနေနိုင်ပေသည်။

ထိုစားပွဲ၊ တံခါးလက်ကိုင် စသည်တို့ကို ကိုင်မိသည့် လက်ဖြင့် မျက်စိ၊ နှာခေါင်းပွတ်မိသည့်အခါ၊ အစား အသောက်ကိုင်စားသည့်အခါ ကူးစက်နိုင်ပါသည်။ ထို့ကြောင့် မကြာခဏလက်ဆေးရမည်၊ စားပွဲ၊ ကုလားထိုင် စသည့် လူတိုင်းထိကိုင်နိုင်သော မျက်နှာပြင်များကို မကြာ ခဏသုတ်သင်သန့်ရှင်းရမည်ဟု ညွှန်ကြားထားခြင်းဖြစ် ပေသည်။

(၃) ထိုဗိုင်းရပ်စ်သည် တံတွေးမှလည်း ကူးစက်နိုင်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါတွေ့သည့် နေ့၌ “မြန်မာပြည်မှာ ကိုဗစ်ရောဂါစတွေ့ပြီ၊ နေရာတကာ တံတွေးထွေးတတ်ကြသော မြန်မာတွေအတွက် စိတ်ပူမိ သည်”ဟု မြန်မာပြည် အခြေစိုက် နိုင်ငံခြားသတင်းသမား တစ်ဦးကပြောသည်ကို ရေဒီယိုမှာကြားလိုက်မိသောအခါ မော်မျက်လုံးပြူးသွားသည်။ ကိုယ့်လူတွေကိုတော့ သတိ ပေးမှဖြစ်ပေတော့မည်။ ထိုဗိုင်းရပ်စ်ပိုး တံတွေးမှာပါ/ မပါကို အရင်လေ့လာကြည့်သည်။ အမေရိကန် ကယ်လီ ဖိုးနီးယားပြည်နယ် ကူးစက်ရောဂါအထူးကု အတိုင်ပင်ခံ ဆရာဝန်ကြီးတစ်ယောက်ကို မေးကြည့်ရာ တံတွေးတွင် ထိုဗိုင်းရပ်စ်ပါနိုင်သည်ဟု အတည်ပြုပါသည်။

ဟောင်ကောင်ယူနီဗာစီတီကလည်း ကိုဗစ်-၁၉ လူနာ ၁၂ ယောက်အနက် ၁၁ ယောက်၏ တံတွေး၌ ထိုဗိုင်းရပ်စ်ပိုးကိုတွေ့သည်ဟု ဂျာနယ်တစ်ခု (Clinical Infectious Diseases) တွင် ရေးသားထားသည်။ ဤကဲ့သို့ တံတွေးတွင် ထိုဗိုင်းရပ်စ်ပါနေခြင်းမှာ တံတွေးဂလင်းမှ လာနိုင်သည်ဖြစ်သလို လေပြွန်အပေါ်ဆုံးရှိ နှာခေါင်း အနောက်ဘက်နေရာ (nasopharynx) မှလာသည်လည်း ဖြစ်နိုင်သည်ဟု ဆက်လက်ဖော်ပြထားပါသည်။

ဆရာဝန်မဟုတ်သောသူအတွက် မိမိခပ်ထုတ်သော အချွဲများသည် တံတွေးလား၊ သလိပ်လားဟူသည်ကို ခွဲခြား သိရန်ခက်ခဲပေမည်။ ထို့ကြောင့် သူတစ်ပါးကို မကူးရန် “တံတွေးမထွေးပါနှင့်”ဟု မည်သည့်နိုင်ငံမှာမျှ ချမှတ်ထား ခြင်းမရှိသော စည်းကမ်းတစ်ခုကို မော်တို့ပြည်သူတွေ လိုက်နာရန် အကြံပြုလိုပါသည်။

“တံတွေးမထွေးရရင် မျိုချရမှာလား”ဟု မေးကြ သည်။ တံတွေးထွေးသည့်အကျင့်မရှိသူတွင် မျိုချရမည်၊ မမျိုချရမည်မှာ ပြဿနာမဟုတ်ပါ။ တံတွေးဆိုသည်မှာ စားသောက်နေချိန်၊ အစားအသောက်ကို စဉ်းစားနေချိန် တွေမှာသာ အစာချေရန် အများအပြားထွက်ခြင်းဖြစ်ပြီး ထွေးစရာမလိုပါ။ တံတွေးထွေးခြင်းသည် ကွမ်းစားခြင်း၊ အကျင့်ဖြစ်နေခြင်း၊ သလိပ်ထွက်ခြင်းတို့ကြောင့်သာဖြစ် သည်။ ထို့ကြောင့် ထိုအကျင့်ကိုပြင်ရမည်။ ကွမ်းစားခြင်းကို ရပ်ဆိုင်းရပေမည်။

(၄) ထိုဗိုင်းရပ်စ်သည် မစင်မှလည်း ကူးစက်နိုင်သည်။

ထိုဗိုင်းရပ်စ်ကို မစင်နှင့်မစင်အိမ်(rectum) များတွင် တွေ့ရသည်ဟု အချို့ဂျာနယ် (Journal of the American Medical Association, Nature Medicine Journal) များတွင် ဖော်ပြထားပြီး တရုတ်နိုင်ငံ၌ အချို့လူနာများ သည် ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်းများရှိခဲ့ သည်ဟု အချို့ဂျာနယ် (American Journal of Gastroenterology, New England Journal of Medicine)တို့တွင် ဖော်ပြထားသည်။ မစင်မှ ကူးစက်ခြင်း ကို ကာကွယ်ရန် နည်းလမ်းမှာလည်း စနစ်တကျ “လက်ဆေးခြင်း” သာပင်ဖြစ်ပေသည်။

(၅) ထိုဗိုင်းရပ်စ်သည် ကူးစက်နှုန်းမြန်၏။

ခပ်ခွာခွာမနေလျှင် ရောဂါပိုးရှိသူ တစ်ယောက်မှ နှစ်ယောက်၊ သုံးယောက်သို့ ငါးရက်အတွင်း ကူးစက်နိုင်ပြီး ရက်ပေါင်း ၃ဝ ခန့်အကြာတွင် လူပေါင်း ၄၀၀ ကျော်ကို ကူးစက်နိုင်သည်ဟု မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ထိုဗိုင်းရပ်စ်ပိုးသည် ရောဂါလက္ခဏာမပြမီကတည်းကပင် ကူးစက်နိုင်သဖြင့် ယနေ့ကမ္ဘာအခြေအနေအရ လူအားလုံးမှာ အချိန်မရွေး ထိုဗိုင်းရပ်စ်ပိုးရှိနိုင်သည်ဟုယူဆကာ တစ်ဦးမှတစ်ဦး မကူးစက်ရန် သတိကြီးစွာ ကာကွယ်ရပေမည်။

ထိုမျှမြန်ဆန်စွာ ကူးစက်နိုင်သော ကပ်ရောဂါကြီး အား ယနေ့အထိသိပ္ပံပညာရှင်များ လက်လှမ်းမီ သလောက်သိထားသော ကာကွယ်ရန်နည်းလမ်းများကိုသုံးသပ်ကြည့်လိုက်လျှင် (၁)ခပ်ခွာခွာနေခြင်းနှင့် (၂)သန့်ရှင်းစွာနေခြင်းဟူသော နည်းနှစ်ခုသာရှိပေသည်။ ထိုနည်းနှစ်ခုကို လူတိုင်းလူတိုင်း ကျင့်သုံးကြရင်း ကာကွယ်ဆေး၊ ကုသရန်ဆေးများပေါ်လာမည့် အချိန်ကို စောင့်စားကြပါက ဤကပ်ရောဂါကြီးကို အထိအရှအနည်း ဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ပေသည်။

ခပ်ခွာခွာနေခြင်း

လူများနှင့် ထိုကဲ့သို့ ခပ်ခွာခွာနေခြင်းကို လူမှုရေးအရ ခပ်ခွာခွာနေခြင်း (social distancing)ဟု အစပိုင်းတွင် ခေါ်တွင်ခဲ့ကြသော်လည်း လူမှုကွန်ရက် (social media)များ ထွန်းကားနေသော ဤခေတ်အခါမှာ အထီးကျန်ဖြစ်စရာမရှိသည့်အတွက် စိတ်မခွာ လူသာခွာ နေခြင်း (physical distancing)ဟု ပြောင်းလဲခေါ်တွင် နေကြပါသည်။

အချို့သောသူများမှာ ခပ်ခွာခွာနေ၍ မဖြစ်နိုင်သောအခြေနေများရှိပါသည်။ သို့သော် ဖြစ်နိုင်သမျှ၊ ဖြစ်နိုင်သူ များက ခပ်ခွာခွာနေခြင်းဖြင့် မိမိကိုယ်ကိုလည်းကာကွယ်၊ သူတပါးကိုလည်း ကာကွယ်ရာ ရောက်ပါသည်။ မိမိအိမ် တွင်မိမိနေ၍ ခပ်ခွာခွာနေစဉ် ကိုယ်၏ကျန်းမာရေး၊ စိတ်၏ ချမ်းသာရေးအတွက် အိမ်တွင်းကိုယ်လက်လှုပ်ရှားမှု (လှေကားတက်ဆင်းခြင်း၊ အွန်လိုင်းဗီဒီယိုများ အကူအညီ ဖြင့် လှုပ်ရှားကခုန်ခြင်း)များ တစ်နေ့လျှင် တစ်နာရီခန့် ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ တရားနာခြင်း၊ စာပေများ ဖတ်ရှုခြင်း၊ အွန်လိုင်းအသုံးပြုကာ အလုပ်လုပ်ခြင်း၊ သူငယ် ချင်း ဆွေမျိုးများနှင့် အွန်လိုင်းမှာ တွေ့ဆုံစကားပြောခြင်း၊ တေးသီချင်းများနားထောင်ခြင်း၊ မအားမလပ်ခဲ့၍ တစ်ခါမျှ မရှင်းခဲ့ဖူးသော အခန်းလေးကို ရှင်းလင်းခြင်း၊ မိမိတွင် အကယ်၍သာ ထိုဗိုင်းရပ်စ်ပိုးရှိနေပါက သူများကိုမကူး စေချင်ဟု ကရုဏာထားခြင်း (ကရုဏာသည် ရောဂါပျောက် ကြောင်းဆေးတစ်ခွက်ပါ)၊ ကိုဗစ်-၁၉ သတင်းများကို တစ်နေ့နှစ်ကြိမ်ခန့်သာ ယုံကြည်စိတ်ချရသော သတင်း ဌာနများမှာကြည့်ရှုခြင်း စသည်တို့ဖြင့် ဤရေရှည်တိုက်ပွဲ ကြီးကို ကျန်းမာချမ်းသာစွာ ဖြတ်သန်းစေချင်ပါသည်။ (Ref: WHO daily media breifing on COVID-19)

သန့်ရှင်းစွာနေခြင်း

သန့်ရှင်းစွာနေခြင်းဟူသည်မှာ စနစ်တကျ လက်ဆေးခြင်း၊ မျက်နှာတွင် စိုစွတ်သော အမြှေးပါးလေး များရှိရာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်စသည်တို့အား မထိမိ စေခြင်း၊ စားပွဲ၊ တံခါးလက်ကိုင်စသော လူအများထိတွေ့ နိုင်သည့် မျက်နှာပြင်များကို သန့်ရှင်းအောင်ထားခြင်း၊ တံတွေးမထွေးခြင်းတို့ ပါဝင်ပါသည်။ လက်ဆေးရန်၊ မျက်နှာမထိရန် အသေးစိတ်အချက်များကို “ပြည်သူ တာဝန်မေတ္တာမွန်” ဆောင်းပါးတွင် ဖော်ပြထားပြီးဖြစ်ပါ သည်။

ထိုဗိုင်းရပ်စ်သည် လူသားတို့အတွက် ရန်သူအသစ် ဖြစ်သည်။ သူ့အကြောင်းသိရန်၊ သူ့အန္တရာယ်ကိုကာကွယ် ရန်လေ့လာကြိုးစားနေကြဆဲဖြစ်သည်။ ရန်သူ့အကြောင်း ပိုသိလာသည်နှင့်အမျှ လူသားတို့ လုပ်ဆောင်ရမည်များကို WHO၊ CDC၊ နိုင်ငံတော်အစိုးရတို့မှ သိပ္ပံနည်းကျ အထောက်အထားများအရ ညွှန်ကြားသွားမည်ဖြစ်သဖြင့် မျက်စိဖွင့်၊ နားဖွင့် ယုံယုံကြည်ကြည်လက်တွဲလိုက်နာကြ ရန်လိုပါသည်။


ကြက်သွန်ဖြူ၊ တမာရွက်၊ နနွင်းတက်နှင့် ဂျင်းမိတ် သလင်ကို အားကိုးခြင်းသည် အလေ့အကျင့်ပြောင်းခြင်း ထက် လွယ်ကူနေသဖြင့် ထင်ရာမြင်ရာ အလွယ်လမ်းကို မလိုက်စေလိုပါ။ ကိုဗစ်-၁၉ ရောဂါကြောင့်ဆေးရုံမရောက်ဘဲ ကြက်သွန်ဖြူအစားများသဖြင့် အာခေါင်ရောင်ပြီး ဆေးရုံ ရောက်ရကြောင်းကို The Straits Times သတင်းစာတွင် ဖတ်လိုက်ရသည်။ ကလိုရိုကွင်း (chloroquine)က ကိုဗစ်-၁၉ ရောဂါပျောက်စေသည်ဟုဆိုတိုင်း ဆရာဝန်နှင့် မတိုင်ပင်ဘဲ မသောက်သုံးသင့်ပါ။ ကလိုရိုကွင်းနှင့်မတည့် သူများ၊ ဘေးထွက်ဆိုးကျိုးများသည်ကို သတိပြုစေလိုပါ သည်။

ရန်သူမှာ ထိုဗိုင်းရပ်စ်ဖြစ်သည်။ လူသားအချင်းချင်း မဟုတ်ပါ။ မည်သူကမျှထိုရောဂါမဖြစ်ချင်ပါ။ ရောဂါရှိသူ၊ ရောဂါရှိသည်ဟုဖြစ်နိုင်ခြေရှိသူများကို မကောင်းဆိုးဝါး များကဲ့သို့ မဆက်ဆံသင့်ပါ။ ထိုကဲ့သို့ ဆက်ဆံပါက ရောဂါရှိသည်ဟုဖြစ်နိုင်ခြေရှိသူများအနေဖြင့် အသိဉာဏ် စေတနာရှိ၍ သက်ဆိုင်ရာကို အကြောင်းကြားလိုလျှင်ပင် ထွက်လာရဲမည်မဟုတ်တော့ပေ။ တစ်ဦးအပေါ်တစ်ဦး ကရုဏာထားခြင်းသည် အောင်မြင်ရာလမ်းစဖြစ်သည်။

ညွှန်ကြားချက်များကို လိုက်နာ

ထိုသို့မဟုတ်ပါက ဖမ်းဟယ်၊ ဆီးဟယ်၊ အော်ဟစ် ရိုက်ပုတ်ဟယ် စသည့် အနိဋ္ဌာရုံများနှင့် ရင်ဆိုင်ရပါမည်။ ရောဂါရှိသူ၊ ရောဂါရှိသည်ဟု ဖြစ်နိုင်ခြေရှိသူများကလည်း အများကို မကူးစက်စေရန် ထိုကပ်ရောဂါကြီး၏ အတိမ် အနက်သဘောကိုသိထားပြီး အသိစိတ်ရှိရှိ လူ့တာဝန်သိသိ ဖြင့် ကုသမှုများ၊ ညွှန်ကြားချက်များကို လိုက်နာရပေမည်။
လူသားအချင်းချင်းဆိုသည်မှာ တစ်နိုင်ငံထဲရှိ ရောဂါ ရှိသူ၊ မရှိသူများသာမက နိုင်ငံအသီးသီးသည်လည်း ရန်သူဗိုင်းရပ်စ်အကြောင်းသုတေသနများကို စုပေါင်းပြု လုပ်လေ့လာခြင်း၊ ကုသရန်ဆေးများ၊ ကာကွယ်ဆေးများကို စုပေါင်းတီထွင်စမ်းသပ်ခြင်း၊ သိရှိထားသော အချက် အလက်တို့အား မျှဝေခြင်းများကို စည်းလုံးညီညွတ်စွာပြုကြ မှသာလျှင် ဘုံရန်သူကို တိုက်နိုင်မည်ဟု WHO ညွှန်ကြား ရေးမှူးချုပ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲများ၏ ကနဦး နေ့များကတည်းက တိုက်တွန်းထားပေသည်။

ကိုဗစ်က လူသားများ၏ စည်းလုံးမှုစွမ်းအားကို စမ်းသပ်နေလေပြီ။ စိတ်အေးအေးထားပြီး အသိပညာရှိရှိ ဖြင့် ယုံယုံကြည်ကြည်လက်တွဲကာကွယ်ကြလျှင် အထိ အရှ အနည်းဆုံးဖြင့် ဤကပ်ရောဂါကြီးကို ကျော်လွန်နိုင် ပေမည်။ ဗိုင်းရပ်စ်ကို လိုသလို မဟုတ်မမှန် အမည်တပ် မနေဘဲ လူမှန်လျှင် တိုက်ခိုက်မည်ဖြစ်သော ထိုဗိုင်းရပ်စ် ကို အမိကမ္ဘာမြေပေါ်မှာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ တစ်ဦး နှင့်တစ်ဦး အပြန်အလှန်အကျိုးပြုကာ လက်တွဲ ရှင်သန် တိုးတက်လာကြသော လူသားများက အသိရှိရှိ သတိရှိရှိ ဖြင့် ညီညာစွာစုပေါင်းတိုက်ပွဲဝင်ကြပါစို့။ ။