စဉ့်ထည်ဖြင့်ပြုလုပ်သော ငရုတ်ဆုံများ သုံးစွဲသူများပြားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၁ နယ်မြေ စဉ့်အိုးဖိုရပ်ကွက်မှ ထုတ်လုပ်သည့် စဉ့်ထည် ငရုတ်ဆုံများ ရောင်းအားကောင်းလျက်ရှိကြောင်း ပုသိမ်မြို့ စဉ့်ထည်အမျိုးမျိုးနှင့် ထုတ်လုပ် ရောင်းဝယ်သည့် လုပ်ငန်းရှင်များထံမှသိရသည်။

 

စဉ့်အိုးဖိုရပ်ကွက်မှ စဉ့်အိုး၊ စဉ့်အင်တုံ၊ စဉ့်ညောင်ရေအိုး၊ စဉ့်ငရုတ်ဆုံတို့အပြင် မြေသောက်ရေအိုး၊ မြေပန်းအိုးအမျိုးမျိုးနှင့် အတာအိုး၊ ကလေးကစားစရာ အရုပ်၊ အိုးပုတ်၊ ချိုးရုပ်စသည့် မြေထည်၊ စဉ့်ထည်ပစ္စည်းများကို ထုတ်လုပ်သော်လည်း စဉ့်ငရုတ်ဆုံ တစ်မျိုးတည်းသာ အရောင်းအသွက်ဆုံး ဖြစ်ကြောင်း၊ အခြားမြေအင်တုံတို့ လုပ်ကိုင်လျက်ရှိကြောင်း စဉ့်နှင့်မြေထည် လုပ်ငန်းရှင် ဒေါ်ချိုသဲက ပြောသည်။

 

“စဉ့်အိုးလုပ်ငန်းကတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ စဉ့်အိုးသုံးမယ့် နေရာမှာ တခြား အစားထိုးပစ္စည်းတွေ ဝင်ရောက်လာတယ်။ ပလတ်စတစ်ပုံးတွေ ပလတ်စတစ်ပီပါတွေပါ။ ရွှေ့ပြောင်းရတာမှာ ပေါ့ပါးတယ်။ ကွဲရမှာ မစိုးရိမ်ရဘူး။ ရေလည်းပိုဆန့်တယ်။ ဒါကြောင့်သုံးတဲ့သူတွေက စဉ့်အိုးကို မသုံးကြတော့ဘူး။ စဉ့်အိုးပညာရှင်တွေလည်း မရှိသလောက်ရှားသွားပြီ။  စဉ့်ငရုတ်ဆုံကတော့ အစားထိုးမရှိဘူး။ သံ၊ ကျောက်၊ ငရုတ်ဆုံတွေရှိပေမယ့် အသုံးနည်းလို့ စဉ့်ငရုတ်ဆုံ ရောင်းအားကောင်းနေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

 

mdn

 

သံငရုတ်ဆုံကို ပရဆေးသမားများ အသုံးပြုကြကြောင်း၊ ကျောက်ငရုတ်ဆုံကို ကျောက်ငရုတ်ကျည်ပွေ့ဖြင့် အသုံးပြုရာတွင် ကျောက်မှုန့်ထွက်သောကြောင့် လူကြိုက်နည်းကြောင်း၊ စဉ့်ငရုတ်ဆုံကို သစ်သားကျည်ပွေ့ဖြင့် အသုံးပြုသဖြင့် အမှုန့်မထွက်သောကြောင့် လူကြိုက်များသည်ထင်ကြောင်း၊ တန်ဖိုးအနေဖြင့်လည်း စဉ့်ငရုတ်ဆုံအကြီးတစ်လုံးကို ၁၅၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၁၀၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၈၀၀ ကျပ်သာရှိသဖြင့် ဈေးနှုန်းသင့်တင့်သဖြင့် အရောင်းသွက်သည်ဟု ထင်ကြောင်း စဉ့်ထုတ်လုပ်ရောင်းဝယ်သူများက ပြောသည်။ စဉ့်ထည်အမျိုးမျိုး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေကြီး၊ လောင်စာဖြစ်သော ထင်းနှင့်ဝါးတို့ကို ဒေသအတွင်းမှ အလွယ်တကူ ရရှိသော်လည်း စဉ့်ရည်အဖြစ် အသုံးပြုသည့် ချော်ခဲချော်မှုန့်များကို ရွှေဘိုမြို့နယ် ကျောက်မြောင်းဒေသမှ မှာယူအသုံးပြုကြကြောင်း စဉ့်လုပ်ငန်းရှင်များကပြောသည်။

 

စဉ့်ထည်ငရုတ်ဆုံများကို တစ်နှစ်ပတ်လုံး ရောင်းချနေရပြီး ပုသိမ်မြို့ စဉ့်အိုးဖိုရပ်တွင် ၁၉၉၀ ပြည့်နှစ်ခန့်အထိ အလုပ်ရုံပေါင်း ၃၀ ကျော်ခန့်ရှိခဲ့ရာမှ ယခုအချိန်တွင် အလုပ်ရုံ ခြောက်ရုံသာကျန်ရှိကာ ပညာရှင်များလည်း လေးဦးမျှသာ ကျန်ရှိတော့ကြောင်း ပုသိမ်မြို့ စဉ့်လုပ်ငန်းရှင်များထံမှသိရသည်။

 

မြင့်ဟန်(ပုသိမ်ခရိုင်/ပြန်ဆက်)