Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္က္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံအတွင်း COVID-19 ရောဂါပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း

articles_advs

အခု ကျွန်မအနေနဲ့ ပြည်သူပြည်သားများကို COVID -19 ရောဂါအခြေအနေကို တင်ပြချင်ပါတယ်။ ဒီနေ့ဆိုရင် ဓာတ်ခွဲအတည်ပြုလူနာ ၃၂၉၉ ယောက်ရှိသွားပါပြီ။ သေဆုံးသွားသူက ၃၃ ယောက်ရှိသွားပါပြီ။ သေဆုံးသွားသူအများစုကတော့ ဆီးချိုတို့ သွေးတိုးတို့ နှလုံးရောဂါတို့ ကျောက်ကပ်ရောဂါတို့ အခြေခံရှိတဲ့ ပြည်သူတွေဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်မဒါတွေကို တင်ပြတာက ပြည်သူတွေ စိုးရိမ်လွန်ဖို့ မဟုတ်ပါဘူး။ တရားခံရှာဖို့လည်း မဟုတ်ပါဘူး။ အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ ဖြစ်ပါတယ်။ ရခိုင်မှာဆိုရင် အရင်လက တော်တော်စိုးရိမ်ရပါတယ်။ အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လို့ရသွားပြီလို့ ကျွန်မတို့ပြောနိုင်ပါတယ်။ အဲဒါကလည်း ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါပဲ။ ပူးပေါင်းဆောင်ရွက်မှု ဆိုတာဟာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရအကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်နယ်အစိုးရနဲ့ ပြည်သူလူထုအကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ အားလုံးကနေ ပူးပေါင်းဆောင်ရွက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဘာမှစိတ်ပူစရာအကြောင်း မရှိပါဘူး။ ဖြစ်တာတော့ ဖြစ်ပြီးပြီ။ ကုက္ကုစ္စပွားနေလို့လည်း ဘာမှမထူးပါဘူး။

အခု ရန်ကုန်မှာ အများဆုံး ဖြစ်နေတယ်ဆိုတာကိုလည်း ပြည်သူပြည်သားတွေ အားလုံးသိပြီးသား ဖြစ်မှာပါ။ ရန်ကုန်မှာ အများဆုံးဖြစ်ရတယ်ဆိုတာက ရန်ကုန်က လူဦးရေလည်းထူထပ်တယ်။ အသွားအလာလည်းများတယ်။ အဝင်ထွက်လည်း များတယ်။ အဝင်အထွက်ဆိုတာက ပြည်ပကရော ပြည်တွင်းကရော၊ အဲဒီတော့ နည်းနည်းလည်း စည်းကမ်းလိုက်နာမှုက အားနည်းချက်လေးတွေ ရှိခဲ့တယ်လို့ ပြောရမှာပါ။  အဖြစ်ကိုတော့ အဖြစ်တိုင်း ရင်ဆိုင်မှဖြစ်ပါလိမ့်မယ်။ အခုကနေ စပြီးတော့ အားလုံးကနေ တိတိကျကျ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ရန်ကုန်မှာလည်း  အခြေအနေကို မကြာခင်ကာလမှ ထိန်းချုပ်သွားနိုင်မှာပါ။ အခုဆိုရင် တစ်ယောက်နဲ့  တစ်ယောက် ကူးစက်နေတာက မိသားစုဝင်အတွင်းမှာ ကူးစက်တာတွေ တော်တော်များပါတယ်။ အဲဒါလည်း သတိပြုစေချင်ပါတယ်။ သေဆုံးတဲ့ အထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံ ရှိသူတွေ ပါပါတယ်။ အဲဒီတော့ လူငယ်များဟာ ခံနိုင်ရည်ရှိတာကြောင့်မိုလို့ တစ်ခါတစ်လေ ရောဂါလက္ခဏာမပြပါဘူး။ ၇၀ ရာခိုင်နှုန်းလောက်က ရောဂါရှိနေတဲ့ သူတွေက ရောဂါလက္ခဏာ မပြပါဘူး။ အဲဒါကိုက တစ်နည်းအားဖြင့် အန္တရာယ်တစ်ခုပါပဲ။ ရောဂါလက္ခဏာ မပြတဲ့အခါကျတော့ ကိုယ်ကိုယ့်ကိုယ် ရောဂါရှိတယ်လို့ မထင်ဘူး။ ကိုယ့်မိသားစုတွေ ကိုယ့်ဆီကနေ ကူးသွားနိုင်ပါတယ်။ အဲဒီတော့ အဲဒီထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေရှိနိုင်တယ်။ ရောဂါအခံရှိတဲ့သူတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့ ကိုယ်တစ်ယောက်က နည်းနည်းစည်းကမ်းလိုက်နာမှုမှာ အားနည်းတယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်အတွက် အများကြီးအန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်းအတွက် ဂရုစိုက်ကြပါ။ ကျွန်မစဉ်းစားမိတယ်။ တကယ်ဆိုရင် တစ်ယောက်ချင်း တစ်ယောက်ချင်းက ကိုယ့်ကျန်းမာရေးအတွက်ပဲ ဂရုစိုက်မယ်ပေါ့နော် ဒါသိတတ်တဲ့ အရွယ်ရောက်သူတိုင်းကို ဆိုလိုတာပါ။ ကလေးသူငယ် သေးသေးလေးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။

သိတတ်တဲ့အရွယ်ရောက်သူတိုင်းဟာ ကိုယ်ကျန်းမာရေးတစ်ခုပဲတည်းအတွက် သတိပြုမယ်ဆိုရင်တောင်မှ လုံလောက်နေပြီ။တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကိုယ့်ကျန်းမာရေးအတွက်ပဲ ဂရုစိုက်သွားမယ်။ကိုယ် မကူးဘူးဆိုရင် ကိုယ့်ဆီကလည်း သူများဆီကူးစရာအ‌‌ကြောင်း မရှိဘူး။ ကျန်တဲ့ကိစ္စကို ကျွန်မတို့ နိုင်ငံတော်က တာဝန်ယူနိုင်ပါတယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ ဝန်ထမ်းတွေလည်း တော်တော်ပင်ပန်းပါပြီ။ တော်တော်ပင်ပန်းပါပြီဆိုတာဟာ အထူးသဖြင့် ကျန်းမာရေးဘက်က ဝန်ထမ်းတွေ ဖြစ်ပါတယ်။ သို့သော်လည်း ပင်ပန်းပါတယ်လို့ ညည်းညူတာတွေကိုတော့ ကျွန်မမကြားရပါဘူး။ ပင်ပန်းမှာပဲလို့ ကျွန်မတို့ခန့်မှန်းနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကြားထဲမှာရော တခြားဝန်ထမ်းတွေ ကြားထဲမှာရော ရောဂါပြန့်ပွားလာတာ အတိုင်းအတာတစ်ခုထိရှိပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကူညီနေတာ ကျွန်မတို့ရဲ့ အားသာချက် တစ်ခုကဒါပါပဲ။ ကျွန်မတို့ပြည်သူတွေက တကယ်အရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြပါတယ်။ ဒီအကူအညီ တွေအတွက်လည်း ကျွန်မတို့ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ထပ်လည်း ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မတို့စေတနာ့ ဝန်ထမ်းတွေ ပညာရှင်တွေ နိုင်ငံတော်အစိုးရရဲ့ လုံးပမ်းမှု တွေကိုဝိုင်းဝန်းကူညီပေးကြပါ။ အားလုံးက ဝိုင်းဝန်းလုပ်မယ်ဆိုရင် အောင်မြင်မှာပါဆိုတာ ကျွန်မဒီကနေ ပြောချင်ပါတယ်။

ကျွန်မတို့ဝန်ထမ်းတွေအကြောင်း ပြောရင်းနဲ့ နေပြည်တော် အကြောင်းပြောချင်ပါတယ်။ နေပြည်တော်မှာလည်း ကိုဗစ်ရောဂါ စွဲကပ်တဲ့သူ အခုဆိုရင် ၄၀ ကျော်သွားပြီလို့ ကျွန်မနားလည်ပါတယ်။ ဒီဟာကလည်း နေပြည်တော်နဲ့ ရန်ကုန်ကြားမှာ အဆက်အစပ်ကလည်း အင်မတန်မှ များပါတယ်။ နေပြည်တော်ကတော့ အစိုးရရုံးစိုက်တဲ့ နေရာဖြစ်တဲ့ အခါကျတော့ ရန်ကုန်ကရော တတိုင်းပြည်လုံးကပါ လာကြပါတယ်။ အထူးသဖြင့် ရန်ကုန်ကများတာပေါ့။ သံတမန်လောက၊ နိုင်ငံတကာအသိုင်းအဝိုင်းလောက၊ စီးပွားရေးလောက အသီးသီးဟာ ရန်ကုန်ကနေ နေပြည်တော်ကို အဝင်အထွက် အင်မတန်မှ များပါတယ်။ ဒီလိုများတဲ့အခါကျတော့ ရန်ကုန်မှာ ကိုဗစ်ရောဂါပြန့်ပွားတယ်ဆိုတဲ့ အချိန်မှာ နေပြည်တော်မှာ ပြန့်ပွားတယ်ဆိုတာကလည်း ဘာမှထူးထူးခြားခြား အံဩစရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် အခုဆိုရင် သေသေချာချာ အစိုးရယန္တရားလည်ပတ်မှုကို မထိခိုက်အောင် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး လုပ်ကိုင်နေပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကျွန်မတို့ ဒီကဝန်ထမ်းတွေမှာဆိုရင် နှစ်ပတ်တက်  နှစ်ပတ်အိမ်ကနေ အလုပ်လုပ်၊ နှစ်ပတ်ရုံးတက် အလုပ်လုပ်၊ နှစ်ပတ်အိမ်နေ အလုပ်လုပ်ဆိုပြီး နှစ်ပတ်နှစ်ပတ် သတ်မှတ်ရတာကလည်း အကယ်၍ ကိုဗစ်ရောဂါဝင်ခဲ့ပြီဆိုရင် နှစ်ပတ်အတွင်းမှာ သိရှိနိုင်တဲ့အခြေအနေရှိလို့ပါ။ ဒါကိုလည်း ကျွန်မတို့ ပြည်သူတွေ သိရှိပြီးသား ဖြစ်မှာပါ။

ဒီတော့ကျွန်မတို့ဟာ အဘက်ဘက်မှာ သင့်တော်မယ်ထင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပါတယ်။ ချမှတ်တဲ့ အခါကျရင် ကျွန်မတို့ စည်းမျဉ်းစည်းကမ်းကို လိုက်နာတဲ့အခါမှာ တိကျဖို့က အရေးကြီးတာပါ။ တင်းကြပ်ဖို့လည်း မဟုတ်ပါဘူး။ တိကျဖို့က အရေးကြီးတာပါ။ တချို့နေရာတွေမှာဆိုရင် အစိုးရိမ်လွန်ပြီးတော့ စည်းမျဉ်းစည်းကမ်းဘောင်တွေကို ကျော်ပြီးတော့ တင်းတင်းကြပ်ကြပ် လုပ်တာတွေဟာ တကယ်တော့ ရေရှည်မှာ အကျိုးမဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရထိုင်ရတာ ကြပ်တည်းလာရင် ပြည်သူတွေဟာ ဒီလို ဘောင်အတွင်းမှာ ဆက်ပြီးတော့ ရည်တည်နိုင်ဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နံပါတ်တစ်အားဖြင့် သေသေချာချာလေ့လာပါ။ ဒါတွေဟာ သတင်းစာတွေထဲမှာ လည်းပါပါတယ်။ ရုပ်မြင်သံကြားကလည်း လွှင့်နေပါတယ်။ တစ်ချိန်လုံးပြည်သူ တွေသိအောင်လို့ အသိပေးနေပါတယ်။ ဒီစည်းမျဉ်း စည်းကမ်းတွေကို သေသေချာချာ လေ့လာပါ။ လေ့လာပြီးတော့ တိတိကျကျလိုက်နာပါ။ ဒါဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအတွက်လည်း အထူးအရေးကြီးပါတယ်။ စောစောက ပြောသလိုပဲ ဝန်ထမ်းတွေဟာ ရှေ့တန်းကနေ လုပ်ဆောင်နေတာကိုလည်း ကျေးဇူးတင်တယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကလည်း ဝန်ထမ်းတွေ လုပ်ပေးတာကို အသိအမှတ်ပြုစေချင်ပါတယ်။ ဘာလို့လဲဆိုရင် အကောင်းလုပ်ရင် ကောင်းတာလုပ်တာကို အသိအမှတ်ပြုမှ ပိုပြီးတော့လည်း ကောင်းကောင်းလုပ်ချင်ပါတယ်။ ဒီအချိန်မှာဆိုရင် တစ်ယောက်ကို တစ်ယောက်အားပေးဖို့ အားဖြစ်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စောစောက ပြောတာက ကုက္ကုစ္စလည်းမပွားပါနဲ့၊ တရားခံလည်း မရှာပါနဲ့၊ ဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုတာ စဉ်းစားစရာမဟုတ်ပါဘူး။ ဖြစ်ပြီးရင် ဒါကို ဘယ်လို အကောင်းဆုံးထိန်းမလဲ ဆိုတာကိုသာ အာရုံစိုက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါဆိုတာ ဒါတစ်ခုပဲ ကျွန်မတောင်းဆိုတာပါ။

ကျန်တာဆိုရင် ဘာမှလုပ်ရမယ်လို့ ကျွန်မတို့ ထူးထူးထွေထွေမပြောပါဘူး။ စေတနာရှင်တွေ ဝိုင်းဝန်းပြီးတော့ ကူညီပေးတာကို ကျွန်မတို့ ဖိတ်ခေါ်တယ်။ ကျေးဇူးတင်တယ်။ နောက်ပြီးတော့ ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားပါတယ်။ စောစောက ပြောသလိုပဲ တစ်ယောက်ချင်းတစ်ယောက်ချင်း စည်းကမ်းလိုက်နာမယ်ဆိုရင် ကျွန်မတို့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ အဲဒီတော့ အခုချိန်မှာလည်း စိုးရိမ်မလွန်ပါနဲ့။ ကျွန်မတို့ ရန်ကုန်မှစပြီးတော့ ရောဂါပြန့်ပွားတဲ့အချိန်ကို သတ်မှတ်လိုက်မယ်ဆိုရင် ဩဂုတ်လ နောက်ပိုင်းအပတ်ပါ။ ဒီဩဂုတ်လနောက်ပိုင်းအပတ်မှာစပြီး ပြန့်ပွားလာတယ်။ စပြီး ပြန့်ပွားလာတယ်ဆိုတာကို စက်တင်ဘာလ အစောပိုင်းမှာ၊ လဆန်းပိုင်းမှာဆိုရင် အများပြည်သူက သိလာပြီ။ သိလာတဲ့အချိန်မှာတော့ ပိုပြီးတော့ သတိထားလာပြီ။ အခုဆိုရင် တတိယပတ်ထဲကို ဝင်လာပြီ။ တတိယပတ်ထဲကိုဝင်လာပြီဆိုတော့ ဒီအချိန်မှာ ကျွန်မတို့ ထိန်းထိန်းသိမ်းသိမ်းလုပ်သွား တယ်ဆိုရင် နောက်တစ်ပတ် နှစ်ပတ်အတွင်းမှာ အကျိုးဆက်ဟာ ပေါ်လာမှာပါ။ ဘယ်သူမှတော့ အကန့်အသတ် ကြားထဲမှာမနေချင်ဘူး။ ဒါပေမယ့် ဒီကန့်သတ်မှုတွေဟာ ရေရှည်မှာ မြန်မြန်ဆန်ဆန် ဒီအခြေအနေကနေပြီးတော့ ကျွန်မတို့ ရုန်းထွက်နိုင်အောင်လို့ သေသေချာချာ သတိထားပြီးတော့ အားလုံးကနေပြီး ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။

နိုင်ငံတော်ကနေပြီးတော့ လုပ်ပေးသင့်တာတွေအားလုံး ကျွန်မတို့ လုပ်ပေးမှာပါ။ ကျွန်မတို့က ဆေးဝါးပစ္စည်းတွေလည်း လုံလုံလောက်လောက်ရှိအောင် လုပ်ပေးပါမယ်။  အခုဆိုရင် လူနာတွေကို ကုသဖို့နေရာ လုံလုံလောက်လောက်ရှိအောင် ကုသရေးဌာနတွေ လုံလုံလောက်လောက်ရှိအောင် လုပ်ပေးနေပါတယ်။ Quarantine နေရာတွေ လုံလုံလောက်လောက်ရှိအောင်လို့လည်း လုပ်ပေးနေပါတယ်။ ဒီ Quarantine နေရာတွေမှာလည်း ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေကနေပြီးတော့ အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့စေတနာ့ဝန်ထမ်းတွေလည်း ရောဂါကူးစက်တာ လည်းရှိပါတယ်။ နောက်ပိုင်း နည်းနည်းပင်ပန်းလို့ နားချင်တာတွေလည်းရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေကနေ ဝိုင်းဝန်းပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးမယ်လို့ ကျွန်မယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။ ဒါကိုလည်း ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

အားလုံးခြုံငုံပြောရမယ်ဆိုရင် ဒါဟာ ပြည်သူကိုအခြေအနေသိအောင်လို့ တင်ပြတာပါ။ အခြေအနေကိုလည်း အများပြည်သူက သိပြီးသားပါ။ သတိပေးတဲ့သဘောပါ။ ထပ်မံပြီးတော့ အလေးထားဖို့အတွက် သတိပေးတဲ့သဘောဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်မတို့ အားလုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ ကျော်လွှားနိုင်မယ်ဆိုရင် နောင်ဒီ နိုင်ငံမှာ ဘယ်လိုစိန်ခေါ်မှုပဲဖြစ်ဖြစ် ငါတို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့က ဆက်ပြီးတော့ အောင်ပွဲတွေ ခံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူပြည်သားအပေါင်း ပူးပေါင်းပြီးတော့ အဓိကအားဖြင့် ရန်ကုန်မှာပြန့်ပွားနေတဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ပေးကြပါ။ အားလုံးဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်၊ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။ နေမကောင်းတဲ့သူတွေလည်း အမြန်ဆုံး ကျန်းမာကြပါစေ။