Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

articles_advs

အရင်အပတ်ကဆိုရင် နည်းနည်း ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ပြည်သူ နည်းနည်းများလာတယ်ပေါ့။ ဒါကတော့ ကျွန်မတို့ ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ ဒီတစ်ပတ် နှစ်ပတ်လည်း ဒီလိုပဲ ရှိနေမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ထိန်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဆက်လက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ထပ်တလဲလဲပြောပါတယ်။ Mask တွေနဲ့ Face Shield တွေကို တတ်နိုင်သမျှတပ်ပါ။ အပြင်မထွက်ဘဲ နေနိုင်ရင်နေပါ၊ အထူးသဖြင့် နောက်တစ်ပတ်နှစ်ပတ် အတွင်းမှာပေါ့၊ ကျွန်မတို့လည်း ဖြေလျော့ပေးဖို့လည်း အများကြီးကြိုးစားနေပါတယ်။

ဒီတော့ အခြေအနေတွေ နည်းနည်းထိန်းလို့ရလာတာနဲ့အမျှ ပြန်ပြီးတော့ ဖြေလျော့ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေရဲ့ စိတ်ဖိစီးမှုတွေလည်း သက်သာအောင်လို့၊ နောက်စီးပွားရေးလည်း ပြန်ပြီးလည်ပတ်အောင်လို့ပါ။ အရင်အပတ်က ကျွန်မပြောထားတဲ့အတိုင်းပဲပေါ့။ စီးပွားရေး အခုရေတိုအတွင်းမှာ လည်ပတ်ဖို့ရော၊ ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ကိုက်ညီဖို့ရော၊ ပြည်သူကို ပညာပေးတဲ့ စီးပွားရေး အစီအစဉ်တွေ၊ ပြည်သူတွေအနေနဲ့ ပါဝင်ပြီးတော့ လုပ်နိုင်မယ့် စီးပွားရေးလုပ်ငန်းလေးတွေ။ ဘယ်လိုလုပ် ရမလဲဆိုတာတွေကို ဒီအပတ်စပြီးတော့ ရုပ်မြင်သံကြားမှာ လွှင့်ပါ့မယ်။ နောက် ဗုဒ္ဓဟူးနေ့မှာ တစ်ခု၊ နောက်ပြီး ကြာသပတေးနေ့မှာ တစ်ခု၊ ဗုဒ္ဓဟူးနေ့ကတော့ ပိုပြီးတော့ ပညာပေးအနေနဲ့ ကြာသပတေးနေ့ကျတော့ ပညာပေးလည်းဖြစ် တယ်။ လက်တွေ့ကျကျတွေ ဘယ်လိုဆောင်ရွက်နေကြတယ်၊ ဘယ်လို ဆောင်ရွက်လို့ရတယ်ဆိုတာကိုလည်း ပြမှာဖြစ်ပါတယ်။

ဒီလိုအစီအစဉ်တွေ အကြောင်းပြောရင်းနဲ့ ကျွန်မ တစ်ခုမေတ္တာရပ်ခံချင်ပါတယ်။ အဲ့ဒါကတော့ ဖြစ်နိုင်ရင် သတင်းစာတွေကို ဖတ်စေချင်ပါတယ်။ နိုင်ငံတော်သတင်းစာတွေ၊ အဲဒါက သတင်းစာရောင်းချင်လို့ ကျွန်မပြောတာမဟုတ်ပါဘူး။ ရောင်းလို့ကောင်းရင်လည်း ကောင်းတာပေါ့။ ဒါပေမယ့် ဘာဖြစ်လို့ ပြောရလဲဆိုတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ နောက်တခြားအစိုးရဌာန အသီးသီးက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို တချို့တွေက သေသေချာချာ မဖတ်ဖြစ်ကြဘူး။ သေသေချာချာ ဂဃဏန ပေါ့။ ဘာတွေပြောထားသလဲဆိုတာ မသိကြဘူးဆိုတာ ကျွန်မ သတိပြုမိပါတယ်။ ဖုန်းထဲမှာ ကြည့်တဲ့အခါကျရင် တစ်ခါတစ်လေလည်း အစအဆုံး မကြည့်လိုက် မိတာလား၊ ရုပ်မြင်သံကြားမှာလည်း မကြားမိတာလားတော့ မသိဘူး။ တချို့တွေကနေ ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ၊ ချမှတ်ထားတဲ့အကြံပြုချက်တွေပေါ့။ ဒါတွေ သေသေချာချာ မသိတာကို သတိထားမိပါတယ်။

အဲဒီတော့ သတင်းစာဖတ်တယ်ဆိုရင် သတင်းစာထဲမှာ ကြေညာချက်တွေအားလုံး ပါပါတယ်။ တရားဝင်ထုတ်ပြန်ထားတာ၊ ဌာနအသီးသီးက ထုတ်ပြန်ထားတာ၊ နောက်ပြီးတော့ ကျန်းမာရေးအထူးပြုပေါ့။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ဟာတွေ အဲ့ဒါကြောင့် ကြည့်စေချင်ပါတယ်။ နောက်တစ်ခုကလည်း facebook တို့ တယ်လီဖုန်းကနေတစ်ဆင့် ကြည့်နိုင်တဲ့ ဟာတွေရှိတာပဲလို့ တချို့ကထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါတစ်ခါ တစ်လေလည်း မပြည့်စုံတာ အပြင်မှာ သတင်းစာဖတ်တာက ဖုန်းကြည့်တာထက် အများကြီး မျက်လုံးသက်သာပါတယ်။ အဲဒါကြောင့် သတင်းစာဖတ်စေချင်တယ်။ 

ဒီ့အပြင်လည်း ဘာဖြစ်လို့ သတင်းစာတွေကို ဖြစ်နိုင်ရင်ဖတ်စေချင်လဲဆိုတာ အခု တလောဆိုရင် ရန်ကုန်တက္ကသိုလ်ရာပြည့်နဲ့ ပတ်သက်ပြီးတော့ ဆောင်းပါးတွေ၊ ဘာတွေ အများကြီး သတင်းစာတွေထဲမှာ ပါပါတယ်။ နိုင်ငံတော်သတင်းစာတွေထဲမှာပေါ့။ တခြားဂျာနယ် တွေဘာတွေမှာလည်း ပါမှာပါ။ နောက် အရင်တစ်လောကဆိုရင် မြန်မာ့ရုပ်ရှင်ရာပြည့်၊ အဲဒီလိုဆောင်းပါးတွေဟာ အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဗဟုသုတလည်းရတယ်။ အခုလိုအိမ်မှာနေရတဲ့အချိန်မှာ၊ ကိုဗစ်ကာလကြောင့် အပြင်မထွက်နိုင်တဲ့ အချိန်မှာဆိုရင် ဒီလိုဟာတွေ ဖတ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို အများကြီးသိနိုင်ပါတယ်။ ရုပ်ရှင်ရာပြည့်ဆိုတာ ရုပ်ရှင်တစ်ခုတည်းအကြောင်း မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ အနုပညာအကြောင်း ဖြစ်ပါတယ်။ နောက် အနုပညာရှင်ကြီးတွေနဲ့ အင်တာဗျူး လုပ်ထားတာတွေ၊ အနုပညာရှင်ကြီးတွေ အကြောင်းပါတဲ့ ဆောင်းပါးတွေပေါ့။ ရန်ကုန်တက္ကသိုလ်လည်း ဒီလိုပါပဲ။ တချို့က ရန်ကုန်တက္ကသိုလ်မှာ ကိုယ်တိုင်စာမသင်ခဲ့ရလို့ စိတ်မဝင်စားဘူးလို့ အဲဒီလိုမထင်ပါနဲ့။ ရန်ကုန်တက္ကသိုလ်တစ်ခုတည်း အကြောင်းမဟုတ်ပါဘူး။ ဒီဆောင်းပါးတွေ ဖတ်လိုက်ရင် ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း၊ ပညာရေး သမိုင်းအကြောင်းကိုပါ အများကြီး သိလာနိုင်ပါတယ်။ အဲဒီလို ဆောင်းပါးတွေကို လေ့လာနိုင်ဖို့ အချိန်လည်း အခုက ရှိတယ်ပေါ့၊ အိမ်မှာနေရတဲ့အခါမှာ။

နောက်တစ်ခုကလည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းသိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကိုသိမှသာလျှင် ဒီနိုင်ငံရဲ့ အနာဂတ်လိုအပ်ချက်တွေကို ပိုပြီးတော့ သဘောပေါက်မှာပါ။ နောက်ပြီးတော့ ကိုယ့်နိုင်ငံရဲ့အစွမ်းအစတွေ၊ ကိုယ့်နိုင်ငံ‌ရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကိုလည်း ဒီသမိုင်းကို လေ့လာခြင်းအားဖြင့် အများကြီးသိနိုင်ပါတယ်။ ဒါကတော့ သင်ပုံသင်နည်းစနစ်ရဲ့ အားနည်းချက်ကြောင့်လည်း ပါတာပေါ့။ တချို့ကဆိုရင် သမိုင်းဆိုတာဟာ အလွတ်ကျက်တဲ့ ဘာသာရပ် တစ်ခုဆိုပြီးတော့ စိတ်မဝင်စားကြဘူး။ ဘယ်နှစ်မှာ ဘာဖြစ်တယ်၊ ဘယ်တုန်းက ဘယ်မင်းက ဘယ်လောက်ကြာကြာ ဘာလုပ်သွားတယ် စသဖြင့်ပေါ့။ အဲဒီလိုမြင်ကြပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ သမိုင်းဆိုတာ တစ်ကယ်လေ့လာတတ်ရင်၊ သမိုင်းကို သုံးသပ်တတ်ရင် ကျွန်မတို့ နိုင်ငံသမိုင်းတင်မဟုတ်ဘူး ကမ္ဘာ့သမိုင်းပေါ့။ ပြောရမယ်ဆိုရင် လူသားတွေရဲ့ သမိုင်းပေါ့။ လူသားတွေဆိုတာ ခေတ်အဆက်ဆက်၊ ခေတ်ပေါင်းများစွာ ဘယ်လိုစိန်ခေါ်မှုတွေကို ကျော်လွှားခဲ့တယ်။ ယဉ်ကျေးမှုတွေက ဘယ်လိုပြောင်းလဲခဲ့တယ်။ အခုခေတ်မှာဆိုရင် အရင်ခေတ်တွေနဲ့ ဘယ်လိုကွာခြားတာတွေ ရှိသလဲ။ ဒါတွေကို အများကြီးသိနိုင်ပါတယ်။ သိခြင်းအားဖြင့်လည်း ကျွန်မတို့အနေနဲ့ အနာဂတ်ကို ဘယ်လို အကောင်းဆုံးဖြစ်အောင် ဆောက်တည်နိုင်မလဲဆိုတဲ့ အကြံဉာဏ်တွေ၊ အတွေးအခေါ်တွေလည်း ရနိုင်ပါတယ်။ ဒါကြောင့် ကျွန်မကနေပြီးတော့ နိုင်ငံတော် သတင်းစာတွေကိုလည်း တတ်နိုင်သလောက်ဖတ်ပါ။ သတင်းစာတွေက သိပ်ပြီးတော့ ဈေးကြီးကြီး ပေးရတာမျိုးမဟုတ်ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနကို အားပေးစေချင်လို့ ပြောတာမဟုတ်ပါဘူး။ အားပေးသင့်တဲ့ အခါတော့လည်း အားပေးတာတော့ မမှားပါဘူး။ အဲဒါတော့ ကျွန်မတိုက်တွန်းချင်ပါတယ်။

နောက်ပြီးတော့ စောစောကကျွန်မပြောတဲ့အတိုင်းပဲ ဖြေလျှော့ပေးနိုင်တဲ့ ကိစ္စတွေအားလုံး ဖြေလျှော့ပေးပါမယ်၊ အခြေအနေကောင်းလာတာနဲ့အမျှ၊ အဲဒါကြောင့်မို့လို့ ဒါတွေကိုလည်း သတင်းစာတွေထဲမှာကြည့်လို့ရှိရင် ဘာတွေဘယ်လို စီစဉ်နေတယ်ဆိုတာကိုလည်း သိရပါတယ်။ နောက်ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ စီးပွားရေးသုံးသပ်ချက်အနေနဲ့ မဟုတ်ဘဲနဲ့ အခု ဘာတွေလုပ်နေတယ်၊ ဘာတွေဖြစ်နေတယ်၊ ဘယ်တိုင်းဒေသကြီးတွေမှာ စီးပွားရေးနဲ့ ပတ်သက်လို့ ဘယ်လိုစီမံကိန်းတွေ ဖော်ထုတ်နေတယ်၊ အကောင်အထည်ဖော်မယ်၊ အဲဒါတွေလည်း သိနိုင်ပါတယ်။ အဲဒီလိုသိခြင်းအားဖြင့် ကိုယ့်ရပ် ကိုယ့်ရွာအကြောင်းတင်မကဘဲ ကိုယ့်နိုင်ငံတစ်ဝန်းမှာ စီးပွားရေးအခြေအနေတွေ ဘယ်လိုရှိသလဲ၊ ဘယ်လို လိုအပ်ချက်တွေရှိ သလဲ၊ ဘယ်လိုအခွင့်အရေးတွေ ရှိနိုင်မလဲဆိုတာကိုလည်း ဗဟုသုတရှာနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ သတင်းစာတွေထဲမှာဆိုရင် ပုံမှန်ပဲ ကိုယ့်နိုင်ငံရဲ့ အခြေအနေတင်မကဘဲ နေ့တိုင်းနေ့တိုင်း ဒါကတော့ ဖုန်းမှာကြည့်ရင်လည်းရပါတယ်။ ကျွန်မပြောသလိုပေါ့။ သတင်းစာကျတော့ အေးအေးဆေးဆေး သေသေချာချာလေ့လာလို့ လည်းရတယ်။ နောက်ပြီးတော့ ဖုန်းနဲ့စာရင် မျက်လုံးသက်သာတာပေါ့။ အဲဒီအထဲမှာဆိုရင် နေ့စဉ်နေ့စဉ် ဘယ်နှစ်ယောက် ရောဂါရှိတာကို တွေ့ခဲ့ရပြီ၊ ဘယ်နှစ်ယောက် သက်သာသွားပြီ၊ ဘယ်နှစ်ယောက် သေဆုံးသွားတယ်။ ဒါတွေအားလုံးကို မြင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ရောဂါအခြေအနေ ဘယ်လိုရှိသလဲဆိုတာကိုလည်း သတင်းစာတွေထဲမှာပါပါတယ်။ ဘယ်နိုင်ငံမှာဆိုရင် ဘယ်လိုအခြေအနေတွေရှိပြီ၊ ဘယ်လိုစည်းကမ်းတွေ သတ်မှတ်တယ်။ စီးပွားရေးနဲ့ပတ်သက်လို့ ဘယ်လိုသက်ရောက်မှု တွေရှိနေပြီ စသဖြင့်ပေါ့။ အဲဒီတော့ အဲဒီသတင်းစာတွေ ဖတ်လိုက်တဲ့ အခါမှာ အခုကမ္ဘာ တစ်ဝန်းက ကိုဗစ်ရောဂါ မကျသေးဘူးဆိုတာကို တွေ့ရပါမယ်။ တချို့နိုင်ငံတွေမှာ တက်နေတုန်းပဲရှိပါ သေးတယ်။ ဖြစ်ပွားမှုက တစ်နေ့ထက်တစ်နေ့ ပိုပြီးများ လာတာကို တွေ့ရပါတယ်။ များလာပြီးတော့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အမျိုး မျိုးစဉ်းစားနေ ရတာကိုလည်း တွေ့ရပါတယ်။

နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပြင်  တခြားကျန်းမာရေးနဲ့ ပတ်သက်လို့ သုတေသနတွေလုပ်ထားတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုထားတာတွေ၊ သုံးသပ်ထားတာတွေ၊ ဒါတွေကိုလည်း ဖတ်လို့ရပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်၊ အဲဒီလို ဖတ်ခြင်းအားဖြင့် ကိုဗစ်ရောဂါရဲ့ အခြေအနေဟာ ဘယ်လိုရှိသလဲဆိုတာ သိပြီးတော့ မပေါ့သင့်တဲ့နေရာမှာ မပေါ့ဖို့လည်း သတိပေးရာရောက်ပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်မတို့ စိတ်ဓာတ်ကျမှာ မဟုတ်ပါဘူး။ နိုင်ငံတော်တော် များများနဲ့စာရင် ကျွန်မတို့နိုင်ငံမှာ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တယ်လို့ ကျွန်မဒီလိုမြင်ပါတယ်။ ဒီလိုထိန်းထားနိုင်ခြင်းရဲ့ အဓိကအကြောင်းအရင်းကလည်း ပြည်သူကိုယ်တိုင်ပါဝင်လို့ပါပဲ။ ဒီဟာက ဘယ်နှစ်ခါပဲပြောပြော အမှန်တရားကတော့ အမှန်တရားအနေနဲ့ ရပ်တည်နေမှာပါ။ ပြည်သူမပါလို့ မဖြစ်ပါဘူး။ နောက်ဆုံး တချို့ နိုင်ငံတွေမှာ ရောဂါကိုမထိန်းနိုင်တာဟာ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်မှုက နည်းနည်းအားနည်းတယ်လို့ မြင်ပါတယ်။ ဒါတော့ သူ့တိုင်းပြည်နဲ့သူဆိုတော့ ကျွန်မလည်း ဘာမှမပြောလိုပါဘူး။ သူတို့ရဲ့စနစ်နဲ့ သူတို့ပေါ့။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာ အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်တာဟာ ပြည်သူတွေရဲ့ကျေးဇူးကြောင့်လို့ ကျွန်မ ဒီလိုသတ်မှတ်ပါတယ်။ 

ဒါပေမယ့် ကျွန်မတို့နိုင်ငံထက်ပိုပြီးတော့ အခြေအနေကောင်းတဲ့ ပိုပြီးတော့ ကောင်းကောင်း ထိန်းထားနိုင်တဲ့ နိုင်ငံတွေလဲ ရှိပါတယ်။ အဲဒီဟာလည်း မြင်ရမှာပါ။ ကျွန်မတို့ ပိုပြီးတော့ ကောင်းနိုင်တယ်၊ အခြေအနေပိုပြီးကောင်းအောင် လုပ်နိုင်တယ်ဆိုတာကိုလည်း နှလုံးသွင်းဖို့တော့ သတိပေးချင်ပါတယ်။ ပြီးတော့ ကျွန်မစောစောက ပြောတဲ့အတိုင်းပဲပေါ့။ ကျွန်မတို့အနေနဲ့ ဖြေလျော့ပေးနိုင်တာကို ဖြေလျော့ပေးနိုင်တယ်။ စီးပွားရေးကြောင့်ရော၊ ပြည်သူလူထုတွေရဲ့ စိတ်ဖိစီးမှု သက်သာဖို့အတွက်ရော၊ အဲဒီတော့ သွားရေးလာရေးပေါ့။ သွားရေးလာရေး၊ စီးပွားရေးလုပ်ဖို့၊ လုပ်နိုင်တဲ့အခွင့်အရေးတွေ ပေါ်ပေါက်ရေး ဒါတွေကို အထူးဂရုစိုက်ပြီးတော့ အမြန်ဆုံးအခြေအနေ ကောင်းလာအောင်လို့ ကြိုးစားပါ့မယ်။

နောက်တစ်ခုကလည်း မကြာမီဆိုရင် ခရစ္စမတ်ကာလ၊ နှစ်သစ်ကူးကာလ ရောက်ပါတော့မယ်။ အဲဒါတွေနဲ့ပတ်သက်လို့ အထူးအစီ အစဉ်တွေအနေနဲ့ နိုင်ငံတော်ကနေ ပြီးတော့ ဘာတွေလုပ်မလဲဆိုတာကိုလဲ ပြည်သူတွေသိအောင်လို့ မှန်မှန် ကျွန်မတို့ပြော သွားမှာဖြစ်ပါတယ်။ တခြားမြို့တွေမှာတော့ မသိဘူး။ တခြားမြို့တွေ တော်တော်များများမှာလည်း တခြားမြို့တွေဆို ကျွန်မစဉ်းစားတာ တကယ်တော့ အဓိကအားဖြင့် ရန်ကုန်နဲ့ မန္တလေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ်မှုလဲ များတယ်။ နောက်ပြီးတော့ လူဦး ရေလဲထူထပ်တယ်။ အဲဒီနေရာတွေမှာတော့ သေသေချာချာ ကျွန်မ မနက်က မကြည့်လိုက်မိဘူး။ အပူချိန်ဘယ်လောက်ရှိလဲလို့။ နေပြည်တော်မှာတော့ နည်းနည်း အေးလာပါတယ်။ အေးလာတာနဲ့အမျှ ကိုဗစ်ရောဂါလဲ နည်းနည်း ပြန့်ချင်သလိုလိုတော့ ရှိတယ်။ ဒါကြောင့် အေးလာတဲ့ဒေသတွေမှာဆိုရင် အထူးဂရုစိုက်ပါ။ သက်ကြီးရွယ်အိုတွေ ဂရုစိုက်ပါ။ ရောဂါအခံရှိတဲ့လူ အားလုံး ဂရုစိုက်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးကျန်းမာချမ်းသာအောင်နေကြပါ။