COVID-19 ရောဂါ ကူးစက်မှုမဖြစ်စေရေး စစ်ဆေးခြင်းများ အရှိန်မြှင့်တင်ဆောင်ရွက်

မြင်းမူ  ၂၉  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် မြို့ရှောင်လမ်းထိပ်တွင် ကျန်းမာရေးနှင့် ပြည်ပပြန် ခရီးသွားများအား မှတ်တမ်းရယူခြင်းတို့ကို သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်း စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသုံးခြင်း မပြုရန်နှင့် ပါဆယ်ရောင်းချခြင်းသာ ပြုလုပ်ရန်တို့ကို ကြပ်မတ် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြည်ပနှင့် နယ်စပ်ဒေသများမှ မြို့နယ်အတွင်းရှိ နေရပ်အသီးသီး သို့ ပြန်လည်ဝင်ရောက်လာသူများကို စာသင်ကျောင်းအသီးသီးတွင် Facility Quarantine နှင့် Community Base အဖြစ် (၁၄)ရက်ကြာ ထားရှိပြီး ဆေးဝါးကုသကာ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)