COVID-19 ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်ပွားနေစဉ်ကာလအတွင်း လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သော အကူအညီတောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာချက်

၁။ ၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးရိတ်သိမ်းရာတွင် အချိန်မီရိတ်သိမ်းနိုင်ရန်နှင့် အခြောက်ခံနိုင်ရန် အတွက် ရိတ်သိမ်းခြွေလှေ့စက်(Combine Harvester)များနှင့် အခြောက်ခံစက်(Dryer)များကို ရွှေ့ပြောင်းသယ်ယူပို့ဆောင်ရေးနှင့် တပ်ဆင်အသုံးပြုရေး၊ ဆောင်းသီးနှံ ထွန်ယက်စိုက်ပျိုးရေး အတွက် ထွန်စက်ကြီးများ ရွှေ့ပြောင်းဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် မောင်းနှင်သူ များနှင့် ကျွမ်းကျင်သူများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် လယ်ယာသုံးစက်ကိရိယာများ ရွှေ့ပြောင်းအသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ အား ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။

 

၂။ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပွားနေစဉ်ကာလအတွင်း ကုန်တင်ယာဉ်များ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် သွားလာမည့် ကုန်တင်ယာဉ်များ လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက် (Standard Operating Procedure, SOP)များနှင့်အညီ မိုးစပါးရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဈေးကွက်သို့ တင်ပို့ခြင်းလုပ်ငန်းများအား “မြို့နယ်အဆင့်လယ်ယာသုံးစက်ကိရိယာများရွှေ့ပြောင်းအသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့” က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

 

၃။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုအပ်ပါက သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနများသို့ လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းနံပါတ် - ၀၆၇-၄၁၀၁၃၉ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဖုန်းနံပါတ် - ၀၁-၂၃၀၁၁၂၈ နှင့် ၀၁-၂၃၀၁၁၂၉ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်။

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန