ဒေါ်ခင်ကြည်ကြည်

ဒေါ်ခင်ကြည်ကြည်ကို နိုင်ငံရေးသမား သတင်းစာဆရာ၊ စာရေးဆရာကြီး (ဦး) သိန်းဖေမြင့်၏ ဇနီးအဖြစ် သိကြသူများပါတယ်။

အမှန်တော့ ဒေါ်ဒေါ်(ဒေါ်ခင်ကြည်ကြည်) က နိုင်ငံရေးသမား၊ တော်လှန်ရေးသမား အယ်ဒီတာ၊ စာလည်း အနည်းအပါးရေးသူ။ နည်းနည်းပါးပါးဆိုပေမယ့် သိပ်တော့မနည်းလှ။ ဗိုလ်တထောင် ခင် ဆိုတဲ့နာမည်နဲ့ ဗိုလ်တထောင်သတင်းစာမှာ၊ ပွင့်လင်းဂျာနယ်မှာ ဆောင်းပါးတွေရေးသည်။ ခင်ကြည်ကြည်ဆိုတဲ့ နာမည်နဲ့လည်း ရွက်နုဝေမဂ္ဂဇင်း ပြည်သူ့ခေတ်၊ ပြည်သူ့အရေးဂျာနယ်တို့မှာ ရေးခဲ့တယ်။ သိပ္ပံပညာနှင့် ရူပဗေဒဆိုတဲ့ ကျွန်တော်တို့ လက်လှမ်းမမီတဲ့ စာအုပ်ထူ နှစ်အုပ်ကို ဘာသာပြန်ဆို ရေးသားဖူးတယ်။ ပြီးတော့ တက္ကသိုလ်ဆရာမ၊ ပညာရှင် စတဲ့ ဂုဏ်တွေနဲ့ ပြည့်စုံသူ၊ အဲဒီတာဝန်တွေ အလုပ်တွေကို ထမ်းဆောင်ခဲ့သူပါ။ ပြီးတော့ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့်။

 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်မတော်စစ်ဦး ဌာနချုပ်၊ အမျိုးသမီးတပ်ဖွဲ့မှာ ပြန်တမ်းဝင်အရာရှိ၊ အဲဒီတုန်းက ဒေါ်စောမြ (အလံနီ) က ဗိုလ်၊ ဒေါ်ခင်ကြည်ကြည်နဲ့ ဒေါ်ခင်ထားထား ညီအစ်မ၊ ဒေါ်လှရင်၊ ဒေါ်ခင်အုန်းရင် ညီအစ်မ၊ ဒေါ်ခင်ကြည် (နောင် ရဲဘော်သုံးကျိပ် ဗိုလ်ရဲထွဋ်ရဲ့ ဇနီး) တို့က ဒုဗိုလ်တွေပါ။ ဖက်ဆစ်တော်လှန်ရေးလုပ်တော့ ဒေါ်ဒေါ်က သီရိကျော်ထင်တပ်ဖွဲ့၊ ဖက်ဆစ်တော်လှန်ရေး တိုင်း (၇) က ပါဝင်၊ ဗိုလ်မှူးအောင်ရဲ့ တိုင်း။

 

ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယ ကွန်ဂရက်မှာ ပါတီကို ပြန်ပြီးဖွဲ့တော့ ဒေါ်ဒေါ် က ဗဟိုကော်မတီဝင် ဖြစ်လာတယ်။

 

အတွင်းရေးမှူး ဗမာတိုင်းလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး၊ ဗမာနိုင်ငံ အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ ဗမာနိုင်ငံ အမျိုးသမီးကွန်ဂရက်။

 

နောက်၊ စာပေဗိမာန်စာပြု။ ရန်ကုန် တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေး ဌာန စာတည်း။

 

ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှာ သရုပ်ပြဆရာမ။ ဂျာမန်ဘာသာဒီပလိုမာကို အဲဒီအချိန်က အရှေ့ဂျာမနီ လိုက်ပဇစ်မှာရှိတဲ့ ကားလ်မာ့က်စ်တက္ကသိုလ်မှာ သွားပြီးယူခဲ့တယ်။

 

ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူတူအလုပ် လုပ်ခဲ့ဖူးတဲ့သူတွေထဲက ကျွန်တော်တို့သိသူများထဲ နောက်ဆုံးကျန်သူက ဒေါ်ဒေါ်ပဲ ဖြစ်မယ်ထင်ပါတယ်။ ဒေါ်ဒေါ်က ကျန်ခဲ့တဲ့ ဇွန်လထဲတုန်းက အသက် ၉၉ နှစ်ပြည့်ခဲ့တာ။

 

၁။ ဒေါ်ခင်ကြည်ကြည်ကို ၁၉၂၁ ခုနှစ် ဇွန်လ ၂၀ ရက်မှာ ဖခင်ဖြစ်သူ ရှေ့နေကြီး မြူနီစီပယ်ဥက္ကဋ္ဌ ဦးဘရှိန်၊ အမိ ဒေါ်သိန်းဟန် တို့က ဖျာပုံမြို့မှာ မွေးတယ်။ ဖျာပုံ အေဘီအမ် ကျောင်းမှာ ၇ တန်းအထိ ကျောင်းနေခဲ့၊ နောက်တော့ ရန်ကုန်ပြည်လမ်းက တီတီစီ ဆရာဖြစ်သင်ကောလိပ် (နောက်တော့ပညာရေးတက္ကသိုလ် လက်တွေ့လေ့ကျင့်ရေး ကျောင်း) မှာ ၈ တန်းကနေ ၁၀ တန်းထိ ကျောင်းအိပ် ကျောင်းစားနေခဲ့ပါတယ်။ ၁၉၂၈ ခုနှစ် ဖျာပုံပြည်သူ့စာကြည့်တိုက်ကို ထူထောင်ပြီး ဖွင့်ပွဲမှာ မစ္စတာ ဖာနီဗယ်ကို မိန့်ခွန်း ပြောဖို့ဖိတ်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ အသိအမြင် နိုးကြားမှု အမြင်ကျယ်မှုဟာ သမီးဖြစ်သူ ဒေါ်ခင်ကြည်ကြည်ကို ပညာရေးလမ်းကြောင်းပေါ်ပို့ခဲ့တယ်လို့ ထင်ပါတယ်။ ပြီးတော့ဒေါ်ဒေါ်တို့ ဆယ်ကျော်သက်ကာလက ဖျာပုံနဲ့ ပတ်ဝန်းကျင်ဟာ နိုင်ငံရေးနိုးကြားတဲ့ဒေသတွေပေါ့။ သခင်စိုးတို့ ဒီပတ်ဝန်းကျင်မှာ အခြေချနေခဲ့ကြဖူးတာ။ လေထီး ဗိုလ်အုန်းမောင်တို့၊ ဆရာဇော်ဂျီနဲ့ သူ့ညီ ဦးလှသောင်း (နောင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ) တို့နဲ့ နီးစပ်ခင်မင်ကြသူတွေ ဖြစ်ခဲ့ ပါတယ်။

 

၁၉၃၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်၊ ရန်ကုန်တက္ကသိုလ်တက်။ အင်းလျားဆောင်ကိုရောက်။ ၁၉၃၉ ခုနှစ်မှာ အင်တာအောင်ပြီး ဂုဏ်ထူးတန်းတက်။ ဂုဏ်ထူးတန်း တက်နေတုန်း နောက်ဆုံးနှစ်အရောက်မှာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၊ ဒုတိယကမ္ဘာစစ်ဖြစ်၊ ကျောင်းပိတ်လိုက်ရတော့ စာသင်တာရပ်သွား ခဲ့ရ။ ကျောင်းပိတ် အိမ်ပြန်တော့ ဖျာပုံ အာရှလူငယ်မှာ ဉာဏဗလမှူး၊ နောက်တော့ ဦးလှသောင်းရဲ့ စည်းရုံးမှုနဲ့ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုထဲကို ရောက်လာခဲ့တယ်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ - မတ်လမှာပြုလုပ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ဒေါ်ဒေါ် ဗဟိုကော်မတီအဖြစ် ရွေးကောက်ခံရတယ်။

 

အဲဒီနှစ် နိုဝင်ဘာမှာ ဦးသိန်းဖေမြင့်နဲ့ အိမ်ထောင်ပြုတယ်။ ၁၉၄၉ ခုနှစ်မှာ ဝန်ကြီးချုပ် ဦးနုက ဥက္ကဋ္ဌ အတွင်းဝန်က ဦးသန့် တာဝန်ယူတဲ့ စာပေဗိမာန်မှာ စာပြုအဖြစ် အလုပ်ဝင်၊ အဲဒီအလုပ်လုပ်နေရင်း တက္ကသိုလ် ပြန်တက်ပြီး သိပ္ပံဘွဲ့ (ဂုဏ်ထူးတန်း) ပြန်တက်။ ၁၉၅၂-၅၃ ခုနှစ်မှာ ဘီအက်စ်စီ ဘွဲ့ရပြီးနောက် ၁၉၅၄ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနမှာ သရုပ်ပြဆရာမ၊ နောက် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာန လက်ထောက်ကထိက (စာတည်း) ဘဝနဲ့ ၁၉၇၂ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ထိ အလုပ်လုပ်ခဲ့ပြီး အငြိမ်းစား ယူခဲ့တာဖြစ်ပါတယ်။

 

၂။ ဒေါ်ခင်ကြည်ကြည်နဲ့ တွေ့ဆုံစကားပြောဖူးသူတိုင်း သေသေချာချာ မှတ်ချက်ချနိုင်တာကတော့ သူဟာ အင်မတန်မာသူ ဖြစ်ပါတယ်။ စကားပြောရင်လည်း မာမာ၊ ပွင့်ပွင့်လင်းလင်း ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်သူ။ အယူအဆရေးရာမှာလည်း အင်မတန်ပြတ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဦးသိန်းဖေမြင့်က နိုင်ငံရေးသမားဆိုတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လမ်းမှန်ဖြစ်ရေး ပြုပြင်ပြီး နိုင်ငံတိုးတက်ရေး ဘယ်လိုလုပ်နိုင်မလဲဆိုတာကို စဉ်းစားနေချိန်မှာ ဒေါ်ဒေါ်က ပြတ်ပြတ်ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ ဒါတွေကို သူ့ရဲ့ ဆောင်းပါးတွေ သူနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ တွေ့ရပါတယ်။ သူဟာ လမ်းစဉ်ပါတီဟာ အာဏာရှင်စနစ်ကို ထူထောင်နေသူတွေအဖြစ် သတ်မှတ်ပြီး ဆန့်ကျင် ရပ်တည်ခဲ့သူဖြစ်ပါတယ်။

 

အယူအဆ အတွေးအမြင် ပြတ်သား မာကျောပေမယ့် အလှအပ အနုပညာကို ခံစားနားလည်သူ၊ ကိုယ်တိုင်လည်း သန့်ရှင်းကြော့မော့စွာ နေတတ်သူပါ။ ဒေါ်ဒေါ်ဟာ အသက်ကိုးဆယ်ကျော်အထိ မြင်ဖူးနေကျအဖွားကြီးပုံစံနဲ့ မနေပါ။ စတိုင်တင်းသူလို့ ဆိုရပါမယ်။ မိသားစုနဲ့ ရင်းနှီးသူများကို ချစ်တတ် ခင်မင်တတ်သူ ဖြစ်ပါတယ်။ အင်မတန် နှစ်လိုချစ်ကြည်ဖွယ်ကောင်းတဲ့ အဒေါ် အဖွား ပါပဲ။ ထို့အတူပဲ တိုင်းပြည်နဲ့ လူမျိုးကို အလွန်ချစ်သူဖြစ်လို့ တိုင်းပြည်ရန်သူတွေ၊ မုန်းရမယ့်သူတွေလို့ သတ်မှတ် ထသူတွေကိုလည်း ခပ်တည်တည် ပြတ်ပြတ် သဘောထားသူ ဖြစ်ပါတယ်။

 

၃။ ဒေါ်ဒေါ်ဟာ အသက်ကိုးဆယ့်ခုနစ် နှစ်အထိ စကားအပြန်အလှန် ပြောဆိုနိုင်တုန်း၊  အဖြစ်အပျက်များစွာကို အသေးစိတ်မှတ်မိ ပြောပြနေနိုင်တုန်းပါ။ ဒေါ်ဒေါ့မှာ သားသမီး လေးဦးရှိပါတယ်။ ဦးဟံသာမြင့် (အတွင်းရေးမှူး အဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊  ဦးအာသာ မြင့် (လက်ထောက်ကထိက၊ ရုက္ခဗေဒ၊ ရန်ကုန်တက္ကသိုလ်။ ကွယ်လွန်)၊ ဒေါက်တာကြည်သာမြင့် (ပါမောက္ခ၊ ရူပဗေဒဌာန ရန်ကုန်တက္ကသိုလ်)၊ ဦးခွန်သာမြင့် (ဗိသုကာ) တို့ဖြစ်ပါတယ်။

 

ခုတော့ ဒေါ်ဒေါ် မရှိတော့ပါ။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက် မနက်ခင်း ၇ နာရီ ၁၅ မိနစ်မှာ ဒေါ်ဒေါ် အေးချမ်းစွာပဲ ကွယ်လွန်သွားပါတယ်။ ။

 

မီးစာကုန် ဆီခန်းဆိုတာ ဒါမျိုးဖြစ်မှာပါ။ သက်တမ်းစေ့နေရတဲ့ ကုသိုလ်ကောင်းသူလို့ ဆိုရပါမယ်။ အသက်တစ်ရာတန်း ပြီးတော့အိပ်ရာထဲမှာ နေရချိန်ကလည်း များနေပြီဆိုတော့ ဒေါ်ဒေါ်ဟာ အနှေးနဲ့ အမြန်ဆိုသလို ခရီးဆက်တော့မယ်လို့ နားလည်ထားပါတယ်။

 

ဒါပေမဲ့ တကယ်တမ်းထွက်သွားတော့ လွမ်းကျန်ရစ်ရတယ်။ ။

 

ဒေါ်ဒေါ်ကို ကန်တော့လိုက်ပါတယ်။

 

မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေမှာ တတ်နိုင်သလောက် တာဝန်တွေ ယူသွားခဲ့၊ အလုပ်တွေလုပ်သွားခဲ့တဲ့ ဒေါ်ဒေါ် ကို မြန်မာနိုင်ငံသူနိုင်ငံသားတွေက ကျေးဇူး တင်နေကြမှာပါ။

 

မော်လင်း