ဒီဇင်ဘာရဲ့ညတစ်ညမှာ ကလေးတွေကို လက်ဆောင်တွေပေးတဲ့ ဘိုးဘိုးကြီး ဆန်တာကလော့

၁ ဒီဇင်ဘာ

ဆောင်းတွင်းကိုရောက်လာပြီဆိုတော့ ကလေးတို့ဒီဇင်ဘာကျောင်းပိတ်ရက်ကို မျှော်နေကြပြီမဟုတ်လား။ ဒီဇင်ဘာ ၂၄ ရက်နေ့ညမှာ ကလေးလေးတွေ ရှိတဲ့အိမ်ကိုရောက်လာပြီး ခြေအိတ်ကလေးထဲကို လက်ဆောင်တွေထည့်ပေးသွားတတ်တဲ့ ဘိုးဘိုးကြီးတစ်ယောက်ရှိတယ်ဆိုတာ ကလေးတို့သိကြသလား။ အဲဒီအယူအဆက မမတို့နိုင်ငံနဲ့တော့ နည်းနည်းလေးအလှမ်းဝေးတာပေါ့ကွယ်။ ကမ္ဘာကြီးရဲ့ အရှေ့ခြမ်းမှာရှိတဲ့ မမတို့ဆီမှာ နှင်းတွေရှိတဲ့နေရာဆိုလို့ တောင်ပေါ်ဒေသတချို့မှာပဲရှိပြီး အများစုကတော့ ပူပြင်းစိုစွတ်တဲ့ ရာသီဥတုရှိတယ်လေ။ ဒါကြောင့် ဒီဇင်ဘာကျောင်းပိတ်ရက်တွေ၊ ခရစ္စမတ်နေ့တွေဟာလည်း အများကြီးထူးခြားမှုမရှိဘူးပေါ့။ ဒါပေမယ့် သိပ်ကိုအေးပြီး ရေခဲတတ်တဲ့ တိုင်းပြည်တော်တော်များများမှာတော့ ဒီဇင်ဘာပိတ်ရက်တွေ၊ ခရစ္စမတ်နေ့နဲ့ နှစ်သစ်ကူးညတွေဟာ အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းတာ ပေါ့ကွယ်။ မမတို့ဆီက နှစ်သစ်ကူးသင်္ကြန်ပွဲတော်လိုမျိုးပေါ့။

ဒီဇင်ဘာ ၂၄ ရက်ညမှာ ကလေးတို့ဟာ သိပ်ကိုစိတ်လှုပ်ရှားကြတာပေါ့။ ခရစ္စမတ် ဘိုးဘိုးကြီးလို့ခေါ်တဲ့ ဆန်တာကလော့ဟာ ကလေးတွေရှိတဲ့အိမ်ရဲ့ တံခါးပေါက်မှာ ကလေးတို့အတွက် လက်ဆောင်လေးတွေ ချထားပေးတတ်တယ်လေ။ ညမအိပ်ဘဲ စောင့်ချင်ပေမယ့် ကလေးတွေဟာ မနက်အထိ မစောင့်နိုင်ကြဘဲ အိပ်ပျော်သွားကြရင်း မိုးလင်းတဲ့အခါ တံခါးကို အလုအယက် ဖွင့်ကြည့်ကြတာပေါ့။ သူတို့ အမည်လေးတွေနဲ့ ခရစ္စမတ်လက်ဆောင်လေးတွေကို ရကြတဲ့အခါ အလွန်ပျော်ကြတာပေါ့။ မမက ဒီတစ်ပတ်မှာ ခရစ္စမတ်ဘိုးဘိုးကြီး ဆန်တာကလော့ တကယ်ရှိသလား၊ သူက တကယ်ပဲ လက်ဆောင်လေးတွေ ပေးသလားဆိုတာကို ပြောပြချင်ပါတယ်။

ဥရောပတိုက်နိုင်ငံတွေက စခဲ့တယ်လို့ ပြောကြပေမယ့် နှင်းခဲတဲ့နိုင်ငံတိုင်းက ဆန်တာဟာ သူတို့နိုင်ငံကပါဆိုပြီး ပြောကြပါတယ်။ ဟော်လန်မှာတော့ ကက်သလစ် ခရစ်ယာန်ဘာသာရဲ့ ဘုန်းတော်ကြီး စိန့်နီကိုးလပ်စ်ဟာ ခရစ္စမတ်ဘိုးဘိုးကြီးလို့ ယုံကြည်ကြပါတယ်။ ဘုန်းတော်ကြီးဟာ ချမ်းအေးတဲ့ ကာလမှာ အဖြူရောင်တုတ်ကြီးကိုကိုင်ပြီး မြင်းကြီးကိုစီးလာတတ်ပြီး ကလေးတွေကို သိပ်ချစ်တတ်ပါသတဲ့။ နောက်ထပ် ခရစ္စမတ်ဘိုးဘိုးကြီးလို့ ပြောစမှတ်တွင်ခဲ့သူကတော့ ခရစ်ယာန်ဘုန်းတော်ကြီး ခရစ္စမတ်ပေါ့။ သူက ထွားကြိုင်းပြီး ခေါင်းစွပ်လည်း စွပ်တယ်၊ ကလေးတွေအတွက် စားစရာတွေလည်း ပေးခဲ့ဖူးသတဲ့။ အမေရိကန်ပြည်ထောင်စုမှာတော့ အဲဒီဘိုးဘိုးကြီးကို ဆန်တာကလော့၊ စိန့်နီကိုးလပ်စ်၊ ဖာသာခရစ္စမတ်နဲ့ ကရစ် ကရင်ချ်ဆိုပြီးတော့ ခေါ်ကြပါတယ်။

၁၈၂၃ ခုနှစ်မှာ ခရစ္စမတ်မတိုင်မီညဆိုတဲ့ ကဗျာလေးကို အမေရိကန်ပြည်ထောင်စုမှာ ပုံနှိပ်ခဲ့သတဲ့။ အဲဒီကဗျာမှာ ခရစ္စမတ်နေ့ မတိုင်ခင်တစ်ရက်မှာ အင်္ကျီအနီရောင်ဝတ် ထားတဲ့ လူကြီးတစ်ယောက်ဟာ ခြေအိတ်ထဲကို လက်ဆောင်လေးတွေထည့်ပြီး ကလေးတွေကို လက်ဆောင်ပေးသတဲ့။ သူက လူပုလေးတစ်ယောက်ဖြစ်ပြီး သမင်လေးတွေ ဆွဲတဲ့လှည်းလေးနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လက်ဆောင်ပေးတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆန်တာကလော့ဟာ ကလေးတွေရဲ့အချစ်တော်ဖြစ်ပြီး လိုချင်တာတွေကို ခရစ္စမတ်မတိုင်ခင် တစ်ပတ်လောက် ကတည်းက ကလေးလေးတွေဟာကြိုပြီး ဆန်တာကြားအောင် ပြောထားကြတယ်။

ဆန်တာရဲ့အိမ်က ဘယ်နားရှိတယ်ဆိုတာလည်း အငြင်းအခုံတွေ ဖြစ်ကြတာပေါ့။ နောက်ဆုံးမှာတော့ ဖင်လန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ရိုဗန်နိုင်မီဆိုတဲ့ မြို့လေးဟာ ဆန်တာရဲ့ မြို့ဆိုပြီး ယုံကြည်ကြသူတွေများလာပါတယ်။ အဲဒီမြို့ရဲ့ ရွာလေးတစ်ရွာမှာ ဆန်တာရှိပြီး ခရစ္စမတ်နေ့မတိုင်ခင် နှစ်ရက်အလိုကတည်းက သမင်ကြီးတွေဆွဲထားတဲ့ စွပ်ဖားလှည်းကြီးနဲ့ လက်ဆောင်တွေတင်ပြီး သူက ကလေးတို့အိမ်တွေကို သွားတယ်ဆိုပြီး ယုံကြည်တဲ့အတွက် ဆန်တာကို မြင်ချင်လို့ ဒီဇင်ဘာ ၂၃ ရက်မှာ ဖင်လန်နိုင်ငံ ရိုဗန်နိုင်မီ မြို့ကို သွားလည်သူတွေ မနည်းမနောပဲတဲ့ ကလေးတို့ရေ။

 

ကနေဒါနိုင်ငံမှာတော့ ဆန်တာကို နိုင်ငံသားအဖြစ် ကြေညာထားပြီး သူ့ဆီကို စာပို့နိုင်ဖို့ စာတိုက်သေတ္တာနံပါတ်တောင် သတ်မှတ်ပေးထားပါသေးတယ်။ အမေရိကန် ပြည်ထောင်စုမှာလည်း ဆန်တာနဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ထားရှိပြီး ကလေးတို့ စိတ်ကြိုက် ပြောခွင့်ပေးထားပါသေးတယ်။ ကလေးတွေဟာ ဆန်တာ့ဆီက လက်ဆောင်ကို ခရစ္စမတ်နေ့မတိုင်မီ မျှော်ကြတဲ့ အလေ့အထကတော့ အတော်လေးကြာခဲ့ပြီပေါ့ကွယ်။

ခရစ္စမတ်နေ့ဆိုတာကတော့ ခရစ်ယာန် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့နေ့ပဲ ကလေးတို့ရေ။ အဲဒီတော့ ခရစ္စမတ်နေ့ မတိုင်မီညမှာ ဆန်တာကလော့ဆိုတဲ့ ဘိုးဘိုးကြီးက ပေးတဲ့လက်ဆောင်ကို ကလေးတိုင်းက တန်ဖိုးထားကြသတဲ့။ အမှန်ကတော့ ခရစ်ယာန်ဘာသာဝင် မိဘတွေ၊ အဘိုးအဘွား တွေက ကလေးတွေကို ပျော်ရွှင်အောင်၊ ချစ်ခင်မှုကို တန်ဖိုးထားတတ်အောင် ကလေးတို့ လိုချင်တဲ့ လက်ဆောင်လေးတွေကို သူတို့အိပ်တဲ့အချိန်မှာ အိမ်ရှေ့တို့၊ ကလေးတို့ခုတင်ခြေရင်းတို့မှာ ချထားပေးကြ တာဖြစ်ပါတယ်။ ကလေးတို့တွေ ခရစ္စမတ်နေ့ နိုးထလာတဲ့အခါ လက်ဆောင်လေးတွေရပြီး ပျော်သွားရအောင်လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဆန်တာကလော့ဘိုးဘိုးကြီးဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်ကြီးကြီးတွေပေးပြီး ဆိုးတဲ့ကလေးလေးတွေကိုလက်ဆောင် သေးသေးလေးတွေ ပေးတယ်လို့လည်း ယုံကြည်ကြပါသတဲ့။ ကလေးတို့လည်း ခရစ္စမတ်ညမတိုင်ခင်ညမှာ ခရစ္စမတ်ဘိုးဘိုး ကြီးကို စောင့်ကြည့်လိုက်ကြပါဦးနော်။ ။

ကေ-ဂျူဝယ်လ်