ဒလမြို့နယ်ရှိ အောင်ဇေယျဈေးနှင့် ကမာကဆစ်ဈေးတို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

ရန်ကုန်  ၂၉  မတ် 

 

ဒလမြို့နယ်အတွင်းရှိ အောင်ဇေယျဈေးနှင့် ကမာကဆစ်ဈေးတို့၌ ဈေးရောင်းဈေးဝယ်သူများနှင့် ဒေသခံမိဘပြည်သူများအား  COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်စေရေးအတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက  အဆိုပါ ဈေးများအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများနှင့် ဈေးအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို ဒုတိယအကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးဝန်ထမ်းများက  ဈေးအတွင်းရှိ  ဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်ဈေးတန်း၊ သားငါးဆိုင်များ၊ အထည်ဆိုင်များ၊ ဈေးဧရိယာ အတွင်းအပြင်တို့၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများနှင့် ဈေးအတွင်းရှိ  အမှိုက်များ စုပေါင်းရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ဒလမြို့နယ် အောင်ဇေယျဈေးတာဝန်ခံ ဦးအောင်လွင်ဦး က “ ကျွန်တော်တို့ ဈေးကို ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိပါတယ်၊ နံနက်ပိုင်းဈေးနဲ့  ညဈေး နှစ်ချိန် ရောင်းချပေးတယ်၊ လက်ရှိအချိန်မှာ ဈေးတွေကို မပိတ်ပါဘူး၊ လာမယ့် နှစ်ဆန်း တစ်ရက်နေ့နဲ့ လပြည့်နေ့မှာတော့ ဈေးပိတ်မှာပါ၊ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကြောင့်  အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင်၊ သက်ဆိုင်ရာတာဝန်ရှိသူများက ပိတ်ခိုင်းရင်တော့ ဈေးတွေကိုပါ ပိတ်သွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ် ”  ဟု ပြောသည်။ 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနအနေဖြင့် ဒလမြို့နယ် အောင်ဇေယျဈေး၌ ဈေးဆိုင် ခန်းပေါင်း ၂၃၂ ဆိုင်၊ ပျံကျ ၃၄၁ ဆိုင်နှင့် ကမာကဆစ်ဈေး၌  ဈေးဆိုင်ခန်းပေါင်း ၃၃၅ ဆိုင် ၊ ပျံကျ ၂၆၇ ဆိုင်တို့ဖြင့်  ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ဈေးများပိတ်မည်ဆိုပါက ဒေသခံမိဘပြည်သူများအား ကြိုတင်အသိပေး ကြေငြာသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်ထံမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)