ဒုတိယအကြိမ်  ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ဆဋ္ဌမနေ့ကျင်းပ

mdn

နေပြည်တော် ၂၂  နိုဝင်ဘာ         

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိ်မ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းဖြေကြားသည်။

 

ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာ အုပ်စု အတွင်း မင်းဝံတံခွန် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလတ်စားဓာတ်သတ္တုတူးဖော်ရေး လျှောက်ထားလျက်ရှိရာ ၄င်းနေရာတွင် မူလတောင်သူ(၁၇)ဦးပိုင် မြေများ ပါဝင်နေ သဖြင့် မည်သို့ဆက်လက်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်  စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ဝန်ကြီးရုံး၏ ညှိနှိုင်းချက်အပေါ် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာန၊ ဒုတိယအထွေထွေမန်နေဂျာ၊ အမှတ်(၂) သတ္တု တွင်းလုပ်ငန်းနှင့် ကနီမြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ မြေပြင်ကွင်းဆင်း စစ်ဆေး တင်ပြရန် အကြောင်းကြားထားပါကြောင်း၊ ဌာနဆိုင်ရာများ၏ စိစစ်တင်ပြချက် များရရှိမှ သာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြဆွေးနွေး၍ လွတ်ကင်းသည့် ဧရိယာများကိုသာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် သဘောထားမှတ်ချက်ပေး နိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် စိစစ်ဆဲသာဖြစ်ပြီး ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တစ်စုံတစ်ရာ ပေးပို့ရခြင်း မရှိသေးပါကြောင်း။

 

ကနီမြို့နယ် တဇယ်ချောင်ကျေးရွာအုပ်စုတွင် မင်းဝံတံခွန် သတ္တုတူးဖော်ရေး ကုမ္ပဏီက ဓာတ်သတ္တုစမ်းသပ်တိုင်းတာရေး လျှောက်ထားမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၌ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများကြောင့် လွတ်ကင်းမှုမရှိသဖြင့် ဓာတ်သတ္တုရှာဖွေတူးဖော်ရန်မသင့်၍ သဘောမတူပါကြောင်း ပြန်ကြားလာပါက ဝန်ကြီးဌာနမှလည်း ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေး ရွာအုပ်စုရှိ မိုးယွန်းကြီးအင်း မြောက်ကျောင်းလမ်းမှ အမြန်လမ်းမိုင်တိုင် (၅၂/၃) အထိ ရှိသော သစ်ထုတ်လုပ်ရေး လမ်းမကြီးအား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက   ပဲခူး(တောင်)သစ် ထုတ် ရေးဒေသအနေဖြင့် နှစ်စဉ်  ရာသီချိန်အတွင်း တောတွင်းသစ်ကွက်များသို့ သွားရာတွင် သစ်တိုက်ကားလမ်းအဖြစ် ဘိုတဲလေးသစ်ဆိပ်မှ အမြန်လမ်းမိုင်တိုင် (၅၂/၃)အထိ ၄ ဒသမ ၅ မိုင် အကွာအဝေးကို မြေသားလမ်းအဆင့်သာ ဖောက်လုပ်အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် သစ်ထုတ်လုပ်ငန်းရပ်နားချိန်အထိသာ အသုံးပြုခဲ့ပါကြောင်း။

 

ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသို့ လွှဲအပ်သစ်များ၊ ပြည်ပရောင်း ဝယ်ရေးမှ ရွေးချယ်ထားသော  Export သစ်များ သယ်ယူခြင်းလုပ်ငန်းများအတွက်  ဘိုတဲလေးသစ်ဆိပ်မှ မိုးယွန်းအင်းမြောက်ကျောင်းလမ်းအပိုင်းအား ၂၀၁၇ ခုနှစ် မတ်လအထိသာ အသုံးပြုခဲ့ပါကြောင်း၊  သစ်ထုတ်လမ်းများမှာ ဒိုုဇာဖြင့် သစ်တိုက်ကား သွားနိုင်သည့်  မြေသားလမ်းအဆင့်သာ သစ်ထုတ်ရေးဌာနမှ ဖောက်လုပ်ခြင်းဖြစ်သည့် အတွက် အဆိုပါလမ်းအား ဌာနမှ အသုံးမပြုတော့သည့် နောက်ပိုင်းတွင် ကွန်ကရစ် လမ်းခင်းပြီး လမ်းအဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့်  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်သာ ညှိနိုင်းဆောင်ရွက်သွား သင့်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

လှိုင်းဘွဲ မဲဆန္ဒနယ်မှ ဦးခင်ချို၏ ၂၀၁၇နှင့် ၂၀၁၈ ခုနှစ် များအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး ဝါးစိုက်ခင်းများ အခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိ်ုက်ပျိုးဆောင်ရွက်လိုသူများအတွက် နိုင်ငံတော်မှ မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက သစ်တောနယ်မြေများတွင် စီးပွားရေးပုဂ္ဂလိက ဝါးစိုက်ခင်းများ တည် ထောင်ရန်အတွက် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ ကုမ္ပဏီများ အနေဖြင့် ဖြစ်စေ ဝါးစိုက်ပျိုးဆောင်ရွက်နေသူများအတွက် အများဆုံး ဧက ၁၀ဝ အထိကို ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ သဘောတူညီမှုနှင့် ဧက ၁၀ဝ နှင့်အထက်ကို ဝန်ကြီး ဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရ၏ သဘောတူညီမှုဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူ ခွင့်ပြုလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝါးသယံဇာတများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ်သုံးစွဲနိုင်ရေးနှင့် သဘာဝတောများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေးတို့ အတွက် ပညာပေးစည်းရုံးဟောပြောခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးကြီးကြပ်လျက်ရှိသည့်အပြင် ပုဂ္ဂလိက ဝါးစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းအတွက် လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးခဲ့ပြီး ဝါး အဆင့်မြှင့်ကုန်များထုတ်လုပ်ရေး၊ ဈေးကွက်နှင့် နည်းပညာလိုအပ်ချက်များ ဖြည့်တင်း နိုင်ရေးတို့အတွက် မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ ကျောက်မျက်အရောင်း ဆိုင်နယ်မြေ အသက်ဝင်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် သက်ဆိုင်ရာက မည်သို့ဆောင် ရွက်ထားသည်ကို သိလိုခြင်း မေးခွန်း၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၏ ဂန့်ဂေါ မြို့နယ်တွင် သစ်ထုတ်လုပ်ရေး ဆင်အကောင် ၁၀ဝ ခန့်၏ ကျက်စားရာနေရာ (habitat) ၌ ကုမ္ပဏီ(၂)ခုအား ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ခွင့်ပြုထားခြင်းကြောင့် ၄င်းဆင် များအတွက် (habitat) ကို မထိ ပါးစေရန် စီစဉ်ဆောင်ရွက်ထားခြင်းရှိ၊ မရှိ သိလိုခြင်း မေးခွန်း၊ ကြံခင်းမဲဆန္ဒနယ်မှ ဒေါက်တာထွန်းလင်းမော်၏ ကြံခင်းမြို့နယ်၊ မြောက် မြန်အောင်ကြိုးဝိုင်း၊ ကွင်းအမှတ်(၂၅)နှင့် (၂၆)အတွင်းရှိ ပျိုးပင်များ ရေလောင်းရန် အတွက်  ရေသယ်ယာဉ် (၁)စီး ထောက်ပံ့ပေးရန်နှင့် ဝန်ထမ်း၊ ပြည်သူများအတွက်  လိုအပ်နေသော ပေ ၁၇၀ဝ၀  ရှိ လမ်းပိုင်းအားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ ပေါင်မြို့နယ်၊ သဲဖြူကုန်း မြေပြိုမှုဖြစ်စေသည့် အကြောင်းအရင်းကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းဖြေကြား သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ကိုလက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန်က အစီရင်ခံစာ ဖတ်ကြား တင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက  အမည်စာရင်း တင်သွင်းနိ်ုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ဖြင့် အတည်ပြု၍ ပေးပို့လာသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း ကိုလက်ခံရရှိကြောင်းလွှတ်တော်သို့ အသိပေး တင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက အစီရင်ခံစာ ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင် ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ဖြင့် အတည်ပြု၍ ပေးပို့လာသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ကို လက်ခံရရှိ ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေး က အစီရင်ခံစာ ဖတ်ကြားတင်ပြသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  သတ္တမနေ့ကို နိုဝင်ဘာ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

 

အေးအေးသန့်(သတင်းစဉ်)