ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော်  ၁၈   နိုဝင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဧရိယာ တိုးချဲ့ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Convention on Limitation of Liability for Maritime Claims, 1976 (LLMC 1976) နှင့် Protocol of 1996 to amend the Convention on Limitation of Liability for Maritime Claims, 1976 (LLMC PROT 1996) တို့တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက အဆိုပါ Convention နှင့် ပတ်သက်၍ လက်မှတ်ရေးထိုးမည်ဆိုပါက လျော်ကြေးပေးဆောင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာသင်္ဘောပိုင်ရှင်များအနေဖြင့် ကန့်သတ်ချက်များအား ခံစားနိုင်ခွင့် ရှိပါကြောင်း၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်မှု မရှိပါကလည်း နိုင်ငံတကာမှ ကန့်သတ်ချက်များကို မရရှိနိုင်ပါကြောင်း၊ ထို့ပြင် ယခု Convention ကို လက်မှတ်ရေးထိုးပြီးပါက မိမိတို့နိုင်ငံနှင့် ပတ်သက်သည့် ဥပဒေနှင့် နည်းဥပဒေများကို ဆက်လက်ရေးဆွဲရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက ယင်း Convention ကို လက်မှတ်ရေးထိုးခြင်းဖြင့် အသက်အန္တရာယ်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်း သို့မဟုတ် ပစ္စည်းများနှင့် ပတ်သက်၍ ထိခိုက်နစ်နာမှုများ ရှိလာပါက သင်္ဘောပိုင်ရှင်များ၏ တာဝန်ရှိမှုကို နိုင်ငံတကာဥပဒေများနှင့်အညီ ကန့်သတ်တောင်းဆိုနိုင်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က သဘောတူသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှပါဝင်လက် မှတ်ရေးထိုးနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော International Convention for the Unification of Certain Rules of Law Relating to Bills of Lading (“Hague Rules”) Hague Visby Rules နှင့် SDR Protocol တို့တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးမောင်မောင်အုန်းက ယခု Convention ကို  လက်မှတ်ရေးထိုးခြင်းအားဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု ပြုလုပ်ရာတွင် သယ်ယူပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်သူတို့အကြားတွင် တာဝန်ခံမှု ရှိလာမည့်အပြင် နှင့် အာမခံလျော်ကြေး ပေးရာတွင် အထောက်အကူဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် International Convention for the Unification of Certain Rules of Law Relating to Bills of Lading (“Hague Rules”) Hague Visby Rules နှင့် SDR Protocol တို့တွင် ပါဝင်လက်မှတ်ထိုးနိုင်ရန်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း က ယင်းတို့ကို ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ပတ်သက်သောစာရွက်စာတမ်းများ ပိုမိုခိုင်မာပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ နစ်နာမှုရှိနိုင်သည်များကို ကာကွယ်နိုင်ခြင်းစသည့်  အကျိုးကျေးဇူးများအပြင် ရပိုင်ခွင့်နှင့် ခံစားခွင့်များကို နိုင်ငံတကာဥပဒေများနှင့်အညီ လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ပါဝင်လက်မှတ်ရေးထိုးသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး တင်သွင်းသည့် နိုင်ငံတော် အချုပ်အချာအာဏာ၏ ခက်မသုံးဖြာတွင် အဓိကကျသည့် ဥပဒေပြုရေး အာဏာတည်ရှိရာ ဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူက ရွေးချယ်တင်မြှောက် ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ၂၀၁၉ခုနှစ် နိုဝင်ဘာ၃ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကအကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင် ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့် တကွဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည် လွှတ်ပေးပါရန် တောင်းဆိုကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှဒေါက်တာ သန်းဝင်းက လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံ့ဝန်ထမ်းနှင့်  ပြည်သူပြည်သားတစ်ဦးဦးကို လက်နက်အားကိုးဖြင့် အကြောင်းမဲ့ ဖမ်းဆီးထားခြင်းသည် ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်တစ်ခုသာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်ရှိသည့် လွှတ်တော်ပါလီမန်များတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များ၏ အခွင့်အရေး၊ ကင်းလွတ်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းကာကွယ် ထားပါကြောင်း၊ ထို့ကြောင့် ပြည်သူများအတွက် တာဝန်ထမ်းဆောင်နေပြီး ပြည်သူများ ရွေးကောက်တာဝန်ပေးထားသည့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို တရားမဲ့ ဖမ်းဆီးထားခြင်းမှ ပြန်လည်လွှတ်ပေးရန် အောင်မြေသာစံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းသည့်အရေးကြီးအဆိုကို လေးနက်စွာထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း က ဦးဝှေ့တင်းသည် ပြည်သူကရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းသည် ပြည်သူတစ်ရပ်လုံးကို မလေးစားရာ ရောက်သကဲ့သို့ ချင်းပြည်သူတစ်ရပ်လုံးကို မလေး စားရာရောက်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ရပ်များကြောင့်သာ ရှေးယခင်ကတည်းက ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည့် ချင်းလူမျိုးနှင့် ရခိုင်လူမျိုးများအကြားတွင် အထင်အမြင် လွဲမှားမှု၊ စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ပဋိပက္ခကို  မွေးဖွားပေးသကဲ့သို့ ဖြစ်လာမည် ဖြစ်သောကြောင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အနေဖြင့် ယခုကဲ့သို့ လုပ်ရပ်မျိုးကို ရှောင်ရှားပြီး ဦးဝှေ့တင်းနှင့် အပြစ်မဲ့ပြည်သူများကို အမြန်ဆုံး လွှတ်ပေးရန် လိုအပ်ပါကြောင်း။

 

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ဒီမိုကရေစီ စနစ်ကို ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း ဖြစ်သကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့တာဝန်ကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ကို ဟန့်တားခြင်းဖြစ်သည့်အတွက် ရှုံ့ချပါကြောင်း၊ ထို့ကြောင့် အောင်မြေသာစံမဲ ဆန္ဒနယ်မှ ဒေါက်တာလှမိုး၏ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မိုင်းရူးမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းအေး(ခေါ်)စိုင်းထွန်းအေး က မိမိတို့လွှတ်တော်သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေပြုခြင်း၊ ကိုယ်စားပြုခြင်း၊ အစိုးရကို စောင့်ကြည့်ထိန်းညှိခြင်း စသည့် ထိရောက်မှုရှိသော ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုကို ဖော်ဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊ အလားတူ ပြည်သူလူ ထုက ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ပြည်သူလူထု၏ လိုအပ်ချက်များ၊ နစ်နာမှုများ၊ ဖိနှိပ်ခံရမှုများ၊ မလွတ်လပ်မှုများကို ကာကွယ်စောင့်ရှောက ်ပေးနေသည့်အပြင်  ပြည်သူ၏ လိုအင်ဆန္ဒများကို ဖော်ထုတ်ပေးနေသည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အပြစ်မဲ့ ပြည်သူများကို မတရားဖမ်းဆီး နေခြင်းသည် လျော်ကန်သည့် လုပ်ရပ် မဟုတ်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါ ကြောင်း၊  မိမိတို့၏ အမျိုးသားရည်မှန်းချက်များကို လက်နက်အားကိုး၍ ဖြေရှင်းနေခြင်း သည် ပဋိပက္ခများနှင့် ဆိုးကျိုးသံသရာများသာ ကြီးထွားလာစေသည့်အပြင် ပြည်သူလူထုတစ်ရပ်လုံး အတိဒုက္ခ ရောက်စေသည့် အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာကြခြင်း သည်သာ အသင့်တော်ဆုံးနည်း လမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသား ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ဦးစားပေးကြရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို ရှောင်ကျဉ်ကြပါရန်  တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

ပျော်ဘွယ်မဲဆန္ဒနယ် မှ ဦးသောင်းအေး က ယခုကဲ့သို့ ဥပဒေနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်ထောင်စုအတွင်း အေးချမ်းစွာနေထိုင်သွားလာမှုကို နှောင့်ယှက်ဖျက်ဆီးဖမ်းဆီး သတ်ဖြတ်နေကြသည့် သူများထံမှ ဖမ်းဆီးခံရသူများကို ပြည်ထောင်စုလွှတ်တော် ကြီးက ဘေးမသီရန်မခပြန်ရရန် တောင်းဆိုခြင်းသည် နိုင်ငံရေးဟန်ပန်သက်သက်သာ ဖြစ်နိုင်ပြီး အကျိုးဖြစ်ထွန်းမှု အလှမ်းဝေးနေမည်ဟု ယူဆပါကြောင်း၊ နိုင်ငံတော်လုံခြုံမှု၊ အုပ်ချုပ်မှု၊ တရားစီရင်မှုတို့ကို စီမံခန့်ခွဲနေသည်မှာ ပြည်ထောင်စုအစိုးရသာဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြည်သူများလုံခြုံအေးချမ်းစွာ နေထိုင်သွားလာလုပ်ကိုင်နိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များလည်း ပြည်သူ့ဆန္ဒအဝ၀ကို အေးချမ်းစွာရယူပြီး လွှတ်တော်တွင် တင်ပြနိုင်စေရေးအတွက် အကြမ်းဖက်မှုကင်းဝေးစေရေး ပြည့်ပြည့်ဝ၀ လုံလုံခြုံခြုံ စောင့်ရှောက်ပေးရန် အုပ်ချုပ်ရေးအာဏာပိုင် ပြည်ထောင်စုအစိုးရကိုသာ တိုက်တွန်းသင့်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေနှင့် ဝါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ထို့နောက် အဆိုရှင် ဒေါက်တာလှမိုး က AAအဖွဲ့၏ ဥပဒေမဲ့ဆောင်ရွက်ချက်များ သည် နိုင်ငံတော်၏ လက်တွေ့ဆောင်ရွက်ချက်၊ အနာဂတ်ဦးတည်မျှော်မှန်းချက်များ၊ နိုင်ငံသူ၊ နိုင်ငံသားများအပါအဝင် မည်သည့်အဖွဲ့အစည်းကိုမှ ကောင်းကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်စေမည် မဟုတ်သည်ကို သတိပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ၏အရေး ကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၃ မဲဖြစ်သဖြင့် အဆိုကို ပြည်ထောင်စုလွှတ်တော် ကအတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို နိုဝင်ဘာ ၂၀ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်