ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၂၀ မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း  ၆၅၄ ဦးရှိသည့်အနက် ၆၂၉  ဦးတက်ရောက်ပြီး ၂၅ ဦးခွင့်တိုင် ကြားသည်။

 

အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၅)နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက် အပ်နှံသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၅၀ စောင် ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၆၂၉  ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲ လက်မှတ် ၂၁ စောင်ကို မိမိထံတွင် ထားရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်ထံမှ ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်းအဖွဲ့ (၄)ဖွဲ့ထံသို့ အစည်းအဝေးတက်ရောက်မှုအင်အားအတိုင်း ခွဲဝေပေးသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ် တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက် ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။

 

ဆန္ဒမဲပေးမှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲ လက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့်ဆန္ဒမဲလက်မှတ် အရေအတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။

 

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များ ထံ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် ၆၂၉ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်သည်လည်း  ၆၂၉ စောင်ဖြစ်သည့်အတွက် ကိုက်ညီမှုရှိကြောင်းနှင့် ဆန္ဒမဲပေးမှု အထမြောက်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ နိုင်ငံရေးပါတီအစုအဖွဲ့ အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်နေရာများ၌ ကြီးကြပ် စောင့်ကြည့်ကြသည်။

 

ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦးပါဝင်သည့် အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲ အရေအတွက် ရာခိုင်နှုန်း တွက်ချက်မှုတို့ကို ဆက်လက်ဆောင်ရွက်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့ လွှတ်တော်၏ အဆုံးအဖြတ်ရ ယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ အလိုက် ထောက်ခံဆန္ဒမဲရရှိမှု အရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ  ၄၀၅ ပုဒ်မခွဲ(က) ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၀၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၃၇  ပုဒ်မခွဲ(က) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၉၅ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ အခန်း(၁၄) အခန်းခေါင်းစဉ် ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ  ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၄၁ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒ မဲ ၄၀၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၄၂ ပယ်ဖျက်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၀၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၄၃ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ  ၄၀၆မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၄၄ ပုဒ်မခွဲ (က) ပယ်ဖျက် မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၄၄ ပုဒ်မခွဲ (ခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ  ၄၀၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၄၅  ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ  ၄၄၆ ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၃၉၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း။

 

ပုဒ်မ ၄၄၇ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၄၈ ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၀၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၄၄၉-က အဖြစ် အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ကြောင်း၊ ပုဒ်မ ၄၄၉-ခ အဖြစ်   အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာ သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ်(၅) အပါအဝင် ပြင်ဆင်ချက်အားလုံး အတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ) တို့တွင် အကျုံးဝင်သော ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပြင်ဆင်ချက် ၅၅ခုအနက် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲ ရရှိသည့် ပြင်ဆင်ချက် (၂)ခုဖြစ်ပါကြောင်း၊ ယင်းတို့မှာ ပုဒ်မ ၃၂ ပုဒ်မခွဲ(က)ပါ မူလပြဋ္ဌာန်းချက်ဖြစ်သည့် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်း မစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဆိုသည့် စကားရပ်အစား မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက် ရမည်ဆိုသည့် စကားရပ်နှင့် ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ)ပါ မူလပြဋ္ဌာန်းချက်ဖြစ်သည့် မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စား သောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ် သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဆိုသည့် စကားရပ်အစား မသန်စွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ် သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဆိုသည့် စကားရပ် အဖြစ် အစားထိုး ပြင်ဆင်ခြင်း ဖြစ်ပါကြောင်း။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ပြင်ဆင်ချက် ၈ဝခုအနက် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲရရှိသည့် ပြင်ဆင်ချက် (၂)ခုဖြစ်ပါ ကြောင်း၊ ယင်းတို့မှာ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)ပါ မူလပြဋ္ဌာန်းချက်ဖြစ်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဆိုသည့် စကားရပ်အစား ပုဒ်မ ၂၆၁ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဆိုသည့် စကားရပ်နှင့် ပုဒ်မ ၃၄၄ ပါ မူလ ပြဋ္ဌာန်းချက်ဖြစ်သည့် မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေ ပြဋ္ဌာန်းရမည်ဆိုသည့် စကားရပ်အစား မသန်စွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဋ္ဌာန်း ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင် ဆင်ခြင်းဖြစ်ပါကြောင်း၊ အထက်ပါ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲ ရရှိသည့် ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ နှင့်ထောက်ပံ့ငွေ ဒေါ်လာ ၁၀ သန်းရယူနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်းက ကမ္ဘာ့ဘဏ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော  Financial Institution ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ငွေကြေးစီမံခန့်ခွဲမှု၊ စီမံကိန်း၊ စီမံချက်များ၏ စီမံခန့်ခွဲမှု၊ စီမံကိန်းကြီးကြပ်မှုများနှင့် လူ့စွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲမှု အတွေ့အကြုံများကို အများအပြား ရရှိမည်ဖြစ်ပါ ကြောင်း၊ ငွေကြေးချေးငှားခြင်း တစ်ခုတည်းသာမက နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဘဏ်၏ ချေးငွေကို ရယူသုံးစွဲခြင်းအားဖြင့် မိမိတို့နိုင်ငံအတွက် ငွေကြေးပိုင်းဆိုင်ရာ အကူအညီများ ရရှိသကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများလည်း အများအပြား ရရှိမည်ဖြစ်သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်က နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော မှတ်ချက်အရ ဝန်ကြီးဌာနအနေဖြင့် ချေးငွေများကို လက်ရှိဆောင်ရွက်လျက်ရှိသည့် အဓိကကျပြီး လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီ ရရှိရေးစီမံချက်ကို အရှိန်အဟုန်မပျက်ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် ရယူသုံးစွဲသွားမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းအတွင်းပါ မြို့နယ်များရှိ ပြည်သူများအနေဖြင့် အရည်အသွေးမီသည့် ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီစွာ ရရှိနိုင်ခြင်း၊ ကျန်းမာရေးစနစ်များ တည်ဆောက်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သတင်းအချက်အလက်နှင့် စီမံချက်၊ စီမံခန့်ခွဲမှုများ အားကောင်းစေခြင်း၊ အရေးပေါ် အခြေအနေများ ကြုံတွေ့လာပါက ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုကို အချိန်မီဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးလွှဲ ပြောင်းသုံးစွဲနိုင်မည့် အစီအမံများထားရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အတွက် ချေးငွေရယူခြင်းအပေါ် အားရကျေနပ်မိပါကြောင်း ဆွေးနွေးသည်။

 

ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်းက လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံအတွက် အကြီးမားဆုံး အရင်းအနှီးဖြစ်ပါကြောင်း၊ ကျောက်သံပတ္တမြား၊ ရွှေ၊ ငွေ၊ သစ်တော၊ ရေနံများအပေါ်တွင် အခြေခံသည့် ခေတ်စနစ်မှ လူ့စွမ်းအားအရင်းအမြစ် အပေါ်အခြေခံသည့် စီးပွားရေးအဖြစ် ပြောင်းလဲ ကြိုးစားနေရသည့်အချိန်တွင်  ပြည်သူများကျန်းမာသန်စွမ်းပြီး အသက်မွေးဝမ်းကြောင်းနှင့် ဝိဇ္ဇာသိပ္ပံပညာရပ်များ တက်မြောက်ရန် အလွန်အရေးကြီးပါ ကြောင်း၊ ယခုချေးယူမည့် ချေးငွေသည် ပြည်သူများကျန်းမာကြံ့ခိုင်စေရန်ဖြစ်သည့်အတွက် သင့်မြတ်မှန်ကန်ပါကြောင်းနှင့် တိုင်းရင်းသားဒေသများကို ပို၍အကျိုးပြုမည်ဖြစ်သည့်အတွက် လွှတ်တော်မှ အတည်ပြုပေးသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍  ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင်၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၊ နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်နှင့် အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး တို့က ဆက်လက် ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ကို မတ် ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ-စိုးဝင်းထွန်း