ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ၂၆ မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုပြီးဖြစ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်သဘော တူညီသည့် ဥပဒေကြမ်းအဖြစ် အမျိုးသားလွှတ်တော်မှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ပေးပို့ထားပါကြောင်း၊ အဆိုပါဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်တွင် ပေးပို့ထားပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၁ အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံချေးငွေရယူ နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်း လင်းဆွေးနွေးကြသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ချေးငွေဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံဖြင့် သီလဝါစက်မှုဇုန်အနီး အကောင်အထည်ဖော် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်ရေး  စီမံကိန်း တည်ဆောက်ရေး အချိန်ဇယားအရ အကြံပေးအဖွဲ့ ရွေးချယ်ခြင်းအတွက် (၆)လ သတ်မှတ်ထားပါကြောင်း၊ Bidding Documents များပြင်ဆင်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ စာချုပ် ချုပ်ဆိုခြင်းတို့ကို (၁၂)လ သတ်မှတ်ထားပါကြောင်း၊ ဒီဇိုင်းဆွေးနွေး အတည်ပြုခြင်း၊ ပစ္စည်းများထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စီမံကိန်းတည်ဆောက်ခြင်းတို့အတွက် (၃၃)လ သတ်မှတ်ထားပါကြောင်း၊ Testing and Commissioning ကာလသည် (၆)လအဖြစ် သတ်မှတ်ထားပါကြောင်း၊ ဖော်ပြပါစီမံကိန်း အချိန်ဇယားသည် စီမံကိန်းကာလအတွင်း မမျှော်မှန်းနိုင်သော ကိစ္စရပ်များ၊ မလွန်ဆန်နိုင်သော ကိစ္စရပ်များအတွက် မျှော်မှန်းတွက်ချက်၍ ပိုမိုတောင်းခံခြင်းသာဖြစ်ပြီး အမှန်တကယ်ဆောင်ရွက်မည့် စီမံကိန်းကာလအား တိုတောင်းသောကာလတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေရယူမည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပါက ချေးငွေစာချုပ်အား ၂၀၂၀ ပြည့်နှစ် မတ်လမကုန်မီ ချုပ်ဆိုနိုင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုတ်အသုံးပြု၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၁ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော်နာယက က ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့၏ သဘောထား မေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)ထံမှ အမေရိကန် ဒေါ်လာ သန်း ၃၅၀ ချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဓာတ်အားခွဲရုံများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် စစ်တောင်းခွဲရုံ၌ လက်ရှိတွင် ၅၀ အမ်ဗွီအေမှ ၂၅၀ အမ်ဗွီအေသို့ လည်းကောင်း၊ သပြေဝခွဲရုံတွင် ၁၂၀ အမ်ဗွီအေ မှ ၂၆၀ အမ်ဗွီ အေသို့လည်းကောင်း၊ မင်းလှခွဲရုံတွင် ၁၀၀ အမ်ဗွီအေမှ ၂၀၀ အမ်ဗွီအေသို့ လည်းကောင်း၊ သာစည်ခွဲရုံတွင် ၃၀ အမ်ဗွီအေ မှ ၂၃၀ အမ်ဗွီအေသို့လည်းကောင်း၊ ရွှေဘိုခွဲရုံတွင် ၁၀၀ အမ်ဗွီအေမှ ၂၅၀ အမ်ဗွီအေသို့လည်းကောင်း၊ နဘားခွဲရုံတွင် ၁၀၀ အမ်ဗွီအေမှ ၂၀၀ အမ်ဗွီအေသို့လည်းကောင်း၊ ဘိုင်းဒါးခွဲရုံတွင် ၆၀ အမ်ဗွီအေ မှ  ၂၆၀ အမ်ဗွီအေ သို့လည်းကောင်း တိုးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ထရန်စဖော်မာများ တိုးမြှင့်တပ်ဆင်ခြင်းကြောင့် ခွဲရုံများမှ လျှပ်စစ်ဓာတ်အား အသုံးပြုနေသည့် ပြည်သူများလျှပ်စစ်မီးပိုမို အသုံးပြုလာနိုင်မည်ဖြစ်ပြီး ဓာတ်အားစနစ်ပိုမိုတည်ငြိမ် စိတ်ချရခြင်း၊ ဗို့အားပြည့်၀ခြင်းနှင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိသည့် အခါတွင် ချေးငွေစာချုပ်ညှိနှိုင်းခြင်း၊ ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်ခြင်းနှင့် စာချုပ်အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ ချေးငွေထုတ်ယူသုံးစွဲမှု၊ ချေးငွေအရင်း၊ အတိုးပြန်လည်ပေးဆပ်မှုများ စသည့် လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေကိုလည်း စောင့်ကြည့်ကြပ်မတ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွာမဓာတ်အားပေးရေးစက်ရုံတွင် Combined Cycle Gas Turbline အသစ်တည်ဆောက်ခြင်းနှင့် ဓာတ်အားပို့လွှတ်မှုစနစ်အတွင်းရှိ ပင်မဓာတ်အားခွဲရုံများ၏ တပ်ဆင် အင်အားတိုးခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)၏ (၁၈)ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းမှု အစီအစဉ် (IDA – 18) အောက်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုတ်အသုံးပြု၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ ၄၉၀ မဲ၊ ကန့်ကွက်မဲ ၁၊ ကြား နေမဲ ၂ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်း လည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ချေးငွေ ရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့မီးရထား၊ ရန်ကုန် - မန္တလေးလမ်း အဆင့်မြှင်တင်ရေးစီမံကိန်း အပိုင်း(၁) ရန်ကုန် - တောင်ငူလမ်းပိုင်း၏ အဆင့်(၁) အပိုင်း(၃) ချေးငွေ ဂျပန် ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူနိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်-မန္တလေး အဆင့်မြှင့်တင်ရေး  စီမံကိန်းသည် မဟာဗျူဟာမြောက်ဖြစ်ပြီး မပြီးမချင်း ပြီးစီးကောင်းမွန်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ အဆင့်(၁) အပိုင်း(၁)တွင် ဂျပန်ယန်း ၂၀ ဘီလီယံ ရယူခဲ့ပါကြောင်း၊ အဆင့် (၁) အပိုင်း(၂)တွင် ဂျပန်ယန်း ၂၅ ဘီလီယံ ရယူခဲ့ပြီး ၂၄ ဘီလီယံ မသုံးရသေးပါကြောင်း၊ သို့သော် ယခုနှစ်အတွင်းတွင် လုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့်အတွက် ထပ်မံတောင်းခံရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းချေးငွေကို အလေးအနက် စဉ်းစားထောက်ခံခွင့်ပြု ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေရယူရန်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့်အခါ ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လမကုန်မီ ချုပ်ဆိုနိုင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေ ရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုတ်အသုံးပြု၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ ၄၃၉ မဲ၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲမရှိ ဖြစ်ပါကြောင်း၊ ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော စက်မှုဇုန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း (ခေါ်) ဦးမောင်စိုးက ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော် နာယက က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်း လည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၂၅ သန်းချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရန်ကုန်-မြစ်ကြီးနား လမ်းပိုင်းအတွင်းမှ သွားလာရေး ခက်ခဲကြပ်တည်းသည့် ဂျိုးထောင်-မဲဇာနှင့် မော်ဟန်-ကာဒူ လမ်းပိုင်း(၂)ခုကို အဆင့်မြှင့်ပြုပြင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူခွင့်ရရှိရေးနှင့် ပတ်သက်၍ ယခုစီမံကိန်းသည် မဟာဗျူဟာမြောက် စီမံကိန်းဖြစ်ပြီး ဘဏ္ဍာရေးစိစစ်မှုနှင့် စီးပွားရေးစိစစ်မှုများအရ အားလုံးကောင်းမွန်ပါကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ရထားလမ်း၏ အခက်ခဲဆုံး အစိတ်အပိုင်းများကို ပြုပြင်တည်ဆောက်ရေးအတွက် သက်သာသောချေးငွေ EDCF မှ အမေရိကန် ဒေါ်လာ ၁၂၅ သန်း ချေးယူခွင့်ပြုရေးအတွက် ထောက်ခံပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေရယူမည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပါက ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကိုရီးယား EDCF အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လုပ်ငန်းစဉ်များအတိုင်း ဆောလျင်စွာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုတ်အသုံးပြု၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ ၄၄၄ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၁ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတ နိုင်ငံသို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက် မှ ၂၉ ရက်အထိ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်နှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်စွဲပါ စာအမှတ် ၃ (၁၁)/ ၁/ သမ္မတရုံး ဖြင့် ပေးပို့လာပါကြောင်း၊ အထက်ပါ နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ပေးပို့ထားသည့် အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့ထားသည့် တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က သဘောတူထားသည့် ပြင်ဆင်ချက်များကို ပြည်သူ့လွှတ်တော်မှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်တွင် ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ နည်းဥပဒေပြင်ဆင်ချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၄ - ကအရ လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလနိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အစည်းအဝေးကာလ ၂ လခန့်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ၂၉ ရက် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အစည်းအဝေးကာလ တစ်လျှောက် မိမိတို့နှင့် သက်ဆိုင်သည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်ပြီးစီးသည်အထိ ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်ရုံးအသီးသီးမှ ဝန်ထမ်းများနှင့် သတင်းမီဒီယာအဖွဲ့များ အပါအဝင် အားလုံးကိုလည်း ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့် ယခုကဲ့သို့ ကာလတွင် ကျန်းမာရေးအသိ သတိရှိစွာဖြင့် အထူးဂရုပြုနေထိုင် သွားလာကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၉)ရက်မြောက်နေ့ ကျင်းပပြီးစီးပြီဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်