ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ

တောင်ကြီး  ၂၄   ဇွန် 

 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၂၀ပြည့်နှစ် ဇွန်(၂၄)ရက် နံနက် (၁၀)နာရီက ရှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူး အဖြစ်ဆောင်ရွက်သည်။

 

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၃၉ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၅ )ဦးရှိပြီး အစည်းအဝေးသို့ (၁၂၄)ဦး တက်ရောက်သဖြင့် ( ၈၉ ဒသမ ၂၁ )ရာခိုင်နှုန်း  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် (တတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။

           

ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးတို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ နမ့်စန် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၁၃)ခု မေးမြန်း ခြင်းနှင့် အဆို(၁)ခုဆွေးနွေးခြင်း ဆောင်ရွက်ရာတွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင် က "နမ့်ခမ်းမြို့ပေါ်တွင် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့သည့် ရပ်ကွက်(၁၄)ခုအနက် ရပ်ကွက်(၈)ခုတွင် မြေငှားဂရန်လျှောက်ထား၍ မရသေးခြင်း" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ "နမ့်ခမ်းမြို့နယ်၊ ကောင်းကတ် ကျေးရွာအုပ်စု"ကွင်းပြင်ပဒေသ" ရှိ သစ်တောစိုက်ခင်းအဖြစ် သိမ်းယူထားသည့် မြေအနက် စိုက်ပျိုးခြင်းမရှိသော မြေဧရိယာ(၉၇)ဧကကို မူလပိုင်ရှင် တောင်သူ(၂၈)ဦးထံသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် မှလည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး က "ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း ခေတ်မီအဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်မြေနေရာ" နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးအောင် က "မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲ၊ တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာတွင် ကျေးလက်ဆေးပေးခန်း တစ်ခု ချထားပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

၎င်းနောက် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး က "ညောင်ရွှေမြို့နယ်၊ တုံဟုံး-လွိုင်မွန်း- ဆီဆိုင်လမ်းပေါ်ရှိ သစ်သားတံတား (၅)စင်းအား ကွန်ကရစ်တံတားအဖြစ်နှစ်အလိုက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှ လည်းကောင်း၊ မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်း က "မိုးမိတ်နှင့် မဘိမ်းမြို့နယ်အကြား ရွှေလီမြစ်အတွင်းရှိ ရေနေသတ္တဝါများ မျိုးသုဉ်းခြင်း၊ ရေသယံဇာတ ပျက်စီးခြင်းမဖြစ်ပေါ်စေရန် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်သူခိုင် က "လားရှိုးမြို့၌ ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်း စည်းကမ်းအား လိုက်နာစေရေး မည်ကဲ့သို့ ဆောင်ရွက်နေသည်" နှင့်စပ်လျဉ်းသည့် မေးခွန်း အားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို က "မိုင်းဖြတ်မြို့နယ်၊ အိုက်လုံနှင့် အိုက်ငို့ကျေးရွာအုပ်စုများရှိ Telenor တာဝါတိုင်အား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်း က "မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့မီးလင်းရေး လုပ်ငန်းဆောင်ရွက်ပေးမှု" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး  ဦးစိုင်းရှဲန်တစ်လုံ  မှလည်းကောင်း အသီးသီး ပြန်လည် ဖြေကြားကြသည်။

 

ယင်းနောက်  လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ် က "လွိုင်လင်မြို့နယ်၊ နားယန်းကျေးရွာအုပ်စု၊ အ.လ.က(ခွဲ) ကျူစန်းလောင်းတွင် ပညာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးနိုင်ရေး" မေးခွန်း၊"လွိုင်လင်မြို့နယ်၊ တောင်နောက် ကျေးရွာအုပ်စု၊ မူလတန်း(လွန်) လွယ်မွတ်(မိုင်းပွန်)ရှိ ကျောင်းဆောင်ဟောင်းအား ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေး" နှင့်စပ်လျဉ်းသည့် မေးခွန်းတို့အားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း မှလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်း က "ပင်းတယမြို့နယ်၊ မဲနယ်တောင်ကျေးရွာအုပ်စု၊ လင်းလေအင်းကျေးရွာ ရေရရှိရေးအတွက် သိမ်ကုန်းကျေးရွာအုပ်စု၊ တောင်တန်းပေါ်ရှိ နွဲ့ရည်ဦးရေ ထွက်မှ ရေသွယ်ယူပေးရန်" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ "COVID-19 ရောဂါအလွန် တွင် ရှမ်းပြည်နယ်ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် စီမံဆောင်ရွက်ပေးမှု" နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ) ဦးစိုးကြီးနှင့်  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် တို့မှ လည်းကောင်း ကဏ္ဍအလိုက်အသီးသီးပြန်လည် ဖြေကြားကြသည်။

 

၎င်းနောက် မိုင်းယန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်း က "ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများ လျော့ချနိုင်ရေးနှင့် စနစ်တကျတောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများ ဖြစ်စေရေးတို့ကို စီမံချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း" အဆိုကို မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်နယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းနှင့် နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ် တို့က အသီးသီးထောက်ခံဆွေးနွေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှအဆိုကို အတည်ပြုပါကြောင်း ပြန်လည် ဆွေးနွေးရှင်းလင်းပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ သဖြင့် အဆိုကို တည်ပြုကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတင်ပြသည့် အစီရင်ခံစာကို ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး အစီရင်ခံစာအား ရှမ်းပြည် နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ် တွင်ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                                              

ပြည်နယ် ပြန်/ဆက်