ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားသည့် အမှာစကား

နေပြည်တော် ၃ ဇွန်

 

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မူပိုင်ခွင့်ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့တွင် ပါရှိသည့် ပုဒ်မ၄(က)အရ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းလိုက်သည့် “မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ” ၏ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း။

 

ယနေ့အချိန်အခါတွင် နည်းပညာများနှင့်ယှဉ်ပြိုင်မှုများ တိုးတက်လာခြင်းနှင့်အတူ တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာသည့်အတွက်ကြောင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့် ကဏ္ဍအသီးသီးတွင်  ပိုမိုအရေးပါလာပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာရပ်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍ၏ အရေးပါမှုသည် ပိုမိုကြီးမားလာပါကြောင်း။

 

မိမိတို့မြန်မာနိုင်ငံအနေဖြင့် ၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)၏ မူလအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါကြောင်း၊ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of South East Asian Nation-ASEAN)အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၂၀ဝ၁ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Properties Organization, WIPO) ၏ ၁၇၆ နိုင်ငံမြောက် အဖွဲဝင်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများကို ဝင်ရောက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် WTO ၏ ကုန်သွယ်မှုနှင့်ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights - TRIPS Agreement)နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တည်ဆောက်မည့် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ (ASEAN  Framework Agreement on Intellectual Property Cooperation) ပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသည့် မူပိုင်ခွင့်ဥပဒေများရေးဆွဲခြင်းနှင့် အတည်ပြုရေးလုပ်ငန်းစဉ်များကို ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ)မှ ဆောင်ရွက်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခန့် ကြာခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်နေ့တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို မူကြမ်းရေးဆွဲခြင်းနှင့် အတည်ပြုရေးလုပ်ငန်းစဉ်များကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း အတည်ပြုပြဋ္ဌာန်းပြီးသော မူပိုင်ခွင့်ဥပဒေများအရ မူပိုင်ခွင့် ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် တာဝန်ခံဝန်ကြီးဌာနအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားပါကြောင်း။

 

နိုင်ငံတော်တွင် မူပိုင်ခွင့်စနစ်တစ်ရပ် ထူထောင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်း နှင့်ကိုက်ညီရန်လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ လက်ရှိဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အခြေအနေများနှင့်လည်း လိုက်လျောညီထွေရှိသည့်စနစ် တစ်ခုဖြစ်သင့်ပါကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်ဥပဒေ (၄)ရပ်ကို အကောင်အထည်ဖော်သည့်နေရာတွင် ဥပဒေ(၄)ရပ်လုံးကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ခြင်းထက် ဥပဒေတစ်ခုပြီးမှတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ကြုံတွေ့ရမည့်အခက်အခဲများကို လျော့နည်းစေနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်နိုင်နင်းမှုနှင့် နည်းပညာအခက်အခဲများ ကျော်လွှားနိုင်မှုစသည့် အကျိုးများစွာကို ရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် အေဂျင်စီတို့တွင်လည်း မူပိုင်ခွင့်ဥပဒေများအရ ပညာရှင်များပါဝင်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်၏ မူပိုင်ခွင့်စနစ် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီအထောက်အပံ့များပေးရန် လိုအပ်ပါကြောင်း။

 

နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင်ခွင့်နှင့်စပ်လျဉ်းပြီး “ရုပ်ဝတ္ထုအရ ပိုင်ဆိုင်ခွင့်များနည်းတူ လူတစ်ယောက် သို့မဟုတ် ပြည်သူတစ်ဦးတစ်ယောက်၏ အသိဉာဏ်နှင့် တီထွင်ဖန်တီးထားမှုများကိုလည်း အကာအကွယ်ပေးရမယ်” ဟု ဖော်ပြထားပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများတွင် “တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာ တိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေသော နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းဆောင်ရွက်ရန်” ဟု မူဝါဒတစ်ရပ်အနေဖြင့် ပါဝင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုများကို အကာအကွယ်ပေးမည့် မူပိုင်ခွင့်စနစ်တစ်ရပ်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်နိုင်သည်ကို နိုင်ငံတော်က ယုံကြည်လက်ခံထားပါကြောင်း။

 

မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံဒေသအတွင်း ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးလုပ်ငန်းစီမံချက် (AEC) ကို အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက်စေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်ဥပဒေများနှင့်စပ်လျဉ်းပြီး အာဆီယံဒေသများအတွင်း လက်တွဲပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍတစ်ရပ် ပါဝင်သည့်အတွက် မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် TRIPS Agreement ပါ မူပိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့အထိ သက်သာခွင့်ရရှိထားသော်လည်း နိုင်ငံတော်အနေဖြင့် အတည်ပြုပြဋ္ဌာန်းပြီးသော မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၊ အေဂျင်စီနှင့်ဦးစီးဌာနတို့ကို ဥပဒေများအရ ဖွဲ့စည်းတည်ထောင်သွားရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအောက်တွင် ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် ယခင်ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ မူပိုင်ခွင့်ဌာနခွဲမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များခံယူပြီး မူပိုင်ခွင့်ဌာနခွဲအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မူပိုင်ခွင့်ဥပဒေများကို အာဏာသက်ဝင်နိုင်ရန် လိုအပ်လျက်ရှိသည့် နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များကို ဆက်လက်ပြဋ္ဌာန်းနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မှုများ အသင့်ဖြစ်သည့်အခါတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် ဥပဒေတစ်ရပ်ချင်းစီကို အာဏာသက်ရောက်စေမည်ဖြစ်ပါကြောင်း။

 

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်းမူပိုင်ခွင့် ဥပဒေများတွင် ဖော်ပြထားပြီးဖြစ်သည့်အတွက် ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်တွင် မူပိုင်ခွင့် ဆိုင်ရာလုပ်ငန်းများ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေမည့် မူပိုင်ခွင့်ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မူပိုင်ခွင့်ဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် ဗဟိုကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများနှင့် လိုက်လျောညီထွေရှိမည့် မူဝါဒများကို ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

ယခုကဲ့သို့ မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာခွဲဝေခံစားစေခြင်းဖြင့် စာပေအနုပညာနှင့် စက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းကြောင့် လူနေမှု အဆင့်အတန်း မြင့်မားလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက် မူပိုင်ခွင့်အနေနှင့် နိုင်ငံစီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အထူးလိုအပ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိရိယာ (Economic Develo pment Tool) တစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် ကျင့်သုံးပေါ်ပေါက်နိုင်စေရန် မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်နိုင်စေရေးအတွက် ကဏ္ဍအသီးသီးအနေဖြင့် ပါဝင်ဆောင်ရွက်ကြရန်၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရန်၊ ယခုတည်ထောင်မည့် မူပိုင်ခွင့်စနစ်သည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် တွန်းအားတစ်ရပ်ဖြစ်စေရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် အကြံပြုချက်များရှိပါကလည်း ဗဟိုကော်မတီသို့ အချိန်မရွေး အကြံပြုတင်ပြကြရန် တိုက်တွန်းပြောကြားသည်။

 

သတင်းစဉ်