ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နှင့် ပင်လောင်းမြို့နယ်အတွင်း ကျေးလက်လမ်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁၂  ဇူလိုင်

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့တွင် ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ Pilot Project အဖြစ် ဆောင်ရွက်လျက်ရှိသော ခေါင်တိုင်-အင်းတိန်-မှော်ဘီလမ်း (အင်းလေးကန်ပတ်လမ်း)အား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် အင်းတိန်ရွာအနီးရှိ ပေ (၁၀၀)အရှည် သံကူကွန်ကရစ်တံတား လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကာ အင်းလေးကန်ပတ်လမ်းသည် ကိုဗစ်-၁၉ နောက်ပိုင်း ကာလများတွင် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် လေ့လာကြည့်ရှုစရာ နေရာအသစ်များဖြစ်ရန် အလားအလာကောင်းများရှိသဖြင့်  လမ်းတံတားလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

 

အဆိုပါလမ်းအား ယခုဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းသစ်ခင်းခြင်း (၄)မိုင် (၇)ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ (၆)မိုင်၊ မြေသားလမ်းချဲ့ခြင်း (၃)မိုင် (၅)ဖာလုံ၊ ကွန်ကရစ်တံတား (၄)စင်းနှင့် Box Culvert (၁၇)စင်း တည်ဆောက်ပေးလျက်ရှိသည်။ အဆိုပါလမ်းသည် (၂၆)မိုင်ရှိပြီး ကျေးရွာ(၂၄)ရွာ အိမ်ခြေ (၂၂၄၃)အိမ်နှင့် လူဉီးရေ (၁၀၆၉၈) ဉီးအား အကျိုးပြုလျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်အတွင်း၌ ဂျာမနီနိုင်ငံ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နေသော လှည်းကုန်း- မိုးနဲသရဖူ- ကျားတွန်- အင်းတိန်လမ်း (၆၁) မိုင်(၇) ဖာလုံလမ်းသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်တွင် ရှမ်းပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးက ကုမ္ပဏီ (၃)ခုမှ အပိုင်းလိုက်တာဝန်ယူပြီး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း စီမံချက်နှင့် ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက လမ်းခင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလဖြစ်၍ ကတ္တရာလုပ်ငန်းများ အထူးဂရုစိုက် ဆောင်ရွက်သွားရန်မှာကြားသည်။ အဆိုပါလမ်း ပြီးစီးသွားပါက ကျေးရွာ (၁၆)ရွာ အိမ် (၂၂၅၅) အိမ်နှင့် လူဉီးရေ (၉၉၈၇) ဉီးအား အကျိုးပြုမည်ဖြစ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ဂျာမနီ KFW ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နေသော နောက်ပီး-တီလုံ-မိုးဉီး-နမ့်ဖာမူလမ်း တံတားအမှတ် (၁/၃)အနီးရှိ လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးဝဏ္ဏဇော်နှင့် ပြည်နယ်ညွှန်ကြားရေးမှူးက မိုင် (၂၀) (၃)ဖာလုံရှိသော အဆိုပါလမ်းအား ကုမ္ပဏီ(၃)ခုမှ လုပ်ငန်းဆောင်ရွက်ရန် စီမံထားမှုနှင့် လုပ်ငန်းပြီးစီးမှုအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လမ်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပြီးစီးသွားပါက ကျေးရွာ (၂၁)ရွာ၊ အိမ်ခြေ (၁၆၉၆)အိမ်နှင့် လူဉီးရေ (၉၄၂၁)ဉီး အား အကျိုးပြုမှာဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်