ဧရာမင်းမိုးစပါး ရိတ်သိမ်းခ ပုံမှန်ထက်မြင့်တက်နေပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှာရမ်းရန် အခက်အခဲဖြစ်နေ

ကောလင်း ၁ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တို့တွင် မိုးစပါးများကို စတင်ရိတ်သိမ်းနေပြီ ဖြစ်သော်လည်း အောက်တိုဘာ ၂၂ ရက်မှ ၂၆ ရက်အထိ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာမင်း ဒေသ အခေါ် ကျောက်ဆည် စပါးပင်များ လဲကျကာ မြေပြင်သို့ကပ်နေသဖြင့် စပါးပင်များရိတ်သိမ်းရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းရာတွင် ရိတ်သိမ်းခ ပုံမှန်ဈေးထက် ထက်ဝက်ခန့်မြင့်တက်နေ၍ ငှာရမ်းရန် အခက်အခဲဖြစ်နေလျက်ရှိကြောင်း သိရသည်။

 

ကျွန်တော် လယ် ၉ ဧက အားလုံး ဧရာမင်း (ကျောက်ဆည်) စပါးစိုက်ပျိုးထားတာပါ။ ကျောက်ဆည်စပါး စိုက်ပျိုးလာတာ ၅ နှစ်ရှိပြီ။ ယခင်နှစ်က ကျောက်ဆည်စပါးက ပေါ်ပေါ်ခြင်းကို ကျပ် ၈ သိန်းဈေးရှိပြီး တစ်နှစ်လုံးထားနိုင်ရင် ကျပ် ၁၃ သိန်း၊ ၁၄ သိန်းဈေးအထိ ရောင်းရတယ်။ ဒီနှစ် ကျွန်တော်တို့တိုက်နယ် တစ်ကွင်းလုံး ကျောက်ဆည်စပါးတွေချည်း စိုက်ပျိုးကြပါတယ်။ ဒီနှစ်မှ ဝါကထပ်၊ မိုးကကောင်းတော့ ဧရာမင်း(ကျောက်ဆည်) စပါးပင်တွေ ယိုင်လဲသွားတယ်။ အောက်ပိုင်းက စက်တွေလည်း မရိတ်ချင်ကြဘဲ ပြန်လည်ဆုတ်သွားကြတယ်။ ကျွန်တော်တို့ကတော့ တစ်ဧကကို ကျပ် ခြောက်သောင်း၊ ခုနစ်သောင်း ကျလည်း ရိတ်ရမှာပါ။ အခုက စပါးရိတ်စက်ကို ငှားလို့မရသေးတာ၊ ရိတ်စက်တစ်စက်လိုက်ပြန်ရင်လည်း ၅ ရက်လောက် စောင့်ဦး၊ တစ်စက်လိုက်ပြန်ရင်လည်း နောက် ၄ ရက်လောက်ဆိုရောက်မှာ၊ ဒီလိုနှင့် ကျွန်တော်လယ်က စပါးပင်တွေ ကျွမ်းနေပြီ။ ဘယ်အချိန်မှ ရိတ်ရရိတ်ရ စောင့်ရတော့မှာပါ့။ ကျွန်တော်တို့ ဒေသက ရိတ်သိမ်းခြွေစက်တွေ အလုံအလောက်မရှိလို့ ဈေးပိုပေးရပေမယ့် ငှားရမ်းဖို့ကို အခက်အခဲဖြစ်နေတယ်။ စပါးတွေ အလေအလွင့်ပျက်စီးမှုနဲ့ ကြုံနေရတယ် ဟု အုပ်ဖိုကျေးရွာ တောင်သူ ဦးတင်အောင်က ပြောပြသည်။

 

ကျွန်တော်တို့ကတော့ ရိတ်သိမ်းခြွေလှေ့ခကို စပါးပင် အထောင်ဆို တစ်ဧက ကျပ် လေးသောင်း၊ စပါးပင် အလဲဆို ကျပ် ခြောက်သောင်းနဲ့ အငှားလိုက်ပါတယ်။ လယ်သမားတိုင်းကို ရိတ်ပေးချင်ပါတယ်။ ဒီနှစ်က စပါးပင်က အလဲတွေချည်းဆိုတော့ တစ်ရက်လုံးရိတ်မှ ၆ ဧက လောက်ပဲပြီးတာဆိုတော့ လယ်သမားတွေကိုလည်း ရက်ချိန်းပေးလိုက်ရင် လယ်ဧကများများ မပြီးလို့ ရက်ချိန်းမပေးရဲဘူး ဟု စပါးရိတ်ခြွေစက် အငှားလိုက်သူ ဦးဝင်းကျော်က ပြောပြသည်။

 

စပါးပင်တွေလဲတာက တော်တော်ဆိုးပါတယ်။ အခုက မြန်မြန်ရိတ်သိမ်းချင်လို့ စပါးရိတ်သိမ်းခြွေလှေ့ စက်ငှားရတာ။ ကိုဗစ်ကြောင့် အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် အခြားဒေသက စက်တွေက အလာနည်းသွားတော့ ကိုယ့်ဒေသက စက်တွေငှားရတာ။ ငှားချင်တိုင်းငှားမရဘူး။ လယ်သမားတိုင်းက မြန်မြန်ရိတ်သိမ်းချင်တော့ အလုအယက် ငှားရမ်းရသလိုဖြစ်နေတာ။ အခုဆိုရင် ငှားရမ်းသူတဲ့သူတွေများလို့ အရင်က တစ်ဧကမှ ကျပ် ၄၀၀၀ဝ၊ အခုက ကျပ်  ၆၀၀၀၀ ဖြစ်နေပြီ။ တချို့ကလည်း ကျပ် ၇၀၀၀၀ ပေးပြီး ရိတ်ကုန်ကြတော့တာ။ တချို့ဆိုရင် ငှားမရတဲ့အဆုံး လူတွေနဲ့ပဲ တစ်ဧက ကျပ် ၅၀၀၀၀ နှုန်းနဲ့ ရိတ်ကုန်ကြရေတာ့တာ ဟု ဝန်းသိုမြို့နယ် အောင်းကုန်းကျေးရွာက တောင်သူ ဦးထွန်းအောင်က ပြောပြသည်။

 

ယခုအခါ ဧရာမင်းစပါးစိုက်ပျိုးကြသူများသည် စပါးပင်များလဲသည့်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းမည်ဆိုပါက တစ်ဧက ကျပ် ငါးသောင်းခွဲ၊ ခြောက်သောင်းရှိသော်လည်း စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းရန် ရက်ချိန်းမရသူများက  လုပ်သားငှားရမ်းရိတ်သိမ်းနေကြရသဖြင့် လူဖြင့် ရိတ်ခ တစ်ဧကကို ကျပ် ၅၀၀၀၀၊ ကောက်လှိုင်းစည်းခ တစ်ဧက ကျပ် ၅၀၀၀၊ စပါးခြွေလှေ့စက်ငှားခ စပါးတင်း ၁၀ဝ လျှင် နှစ် တင်းနှုန်း၊ လုပ်သားငှားရမ်းခက ကျပ် ၁၅၀၀၀ ပေးရပြီး စပါးကို လတ်တလောတွင် ဝယ်ယူမည့်သူမရှိသေး၍ အခက်တွေ့နေကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)