ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့လာသော ကျေးရွာများမှ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပေး

မင်းဘူး ၅ ဩဂုတ်        

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ပြောင်းရွှေ့လာကြသော ကျေးရွာများမှ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

 

 “မင်းဘူး(စကု)မြို့နယ် နိဗ္ဗာန်ကျေးရွာမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့လာသော နွားများအား အရိပ်မရှိ၊ အမိုးမရှိဖြစ်နေတဲ့အတွက်ကြောင့် ပေါင်ပုပ်လက်ပုပ်‌ရောဂါ ဖြစ်နိုင်ပါတယ်၊ ဒီပေါင်ပုပ်လက်ပုပ်ရောဂါဟာ သေစေနိုင်သည့်အတွက် ဆေးထိုးပေးရခြင်း ဖြစ်ပါကြောင်း၊ ဆေးထိုးနှံပေးရခြင်းအတွက်ကြောင့် တိရစ္ဆာန်များ ကျန်းမာစွာနေနိုင်မှာပြီး တောင်သူများအနေနဲ့ တန်ဖိုးကောင်းရရှိနိုင်မှာ ဖြစ်သည့်အတွက် အခုလို အခမဲ့ ဆေးထိုးပေး ရခြင်းဖြစ်ပါကြောင်း” မယ်ဘေ့ကုန်းကျေးရွာမှ တိရစာ္ဆန်ကျန်းမာရေးလုပ်သား ဉီးကိုပိုက် က ပြောပါသည်။

 

မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာကိုးရွာတို့တွင် ဇူလှိုင်လ ၂၉ ရက်နေ့မှ ဩဂုတ် ၂ ရက်ထိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဘေးလွတ် ရာသို့ ပြောင်းရွေ့ခဲ့သော ရေဘေးသင့်အိမ်ခြေ(၅၄၁)စုမှ နွားကောင်ရေ(၄၂၀) တို့အား မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာမှ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ရေး ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။          

           

ကျော်စိုးဝင်း(ခရိုင်ပြန်/ဆက်)