ဂျိမ်းစ်ဘွန်း ရုပ်ရှင်အသစ် ဖြန့်ချိရေးရက် ထပ်မံရွှေ့ဆိုင်း

၂၂ ဇန်နဝါရီ

 

 

ဂျိမ်းစ်ဘွန်း ရုပ်ရှင်အသစ် "No Time To Die” ဇာတ်ကား ဖြန့်ချိရေးရက် ထပ်မံရွှေ့ဆိုင်းကြောင်း ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ပျံ့နှံ့ကူးစက်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ရုံတွေ ပိတ်ထားရတဲ့အတွက် ဂျိမ်းစ်ဘွန်း ဇာတ်ကားအသစ် ပြသရက် အား ၂၀၂၁ အောက်တိုဘာ ၈ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 

 

မင်းသား Daniel Craig ဂျွမ်းစ်ဘွန်းမင်းသားအဖြစ် နောက်ဆုံး သရုပ်ဆောင်ထား "No Time To Die” ဇာတ်ကားအား မူလက ၂၀၂၀ ခုနှစ် မတ်လတွင် လန်ဒန်မြို့မှာ အထူးပွဲပြသဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်နေတဲ့အတွက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ပြသမယ်လို့ ပထမအကြိမ် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

 

 

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း ဇာတ်ကားကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၁ ခုနှစ် ဧပြီ ၂ ရက်နေ့ ပြသမယ်လို့ ဒုတိယအကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။ ကပ်ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် နိုင်ငံအများစုရှိ ဖျော်ဖြေရေး လုပ်ငန်းတွေကို ဆက်လက် ပိတ်ထားတဲ့အတွက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့မှာ ပြသမယ်လို့ မနေ့က MGM စတူဒီယို က ကြေညာပါတယ်။

 

 

မင်းသား Daniel Craig ဟာ ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် အရင်က ဇတ်ကား လေးခုမှာ သရုပ်ဆောင်ဖူးတာကို တွေ့ရပါတယ်။

 

 

"No Time To Die” ဇာတ်ကား ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကုန်ကျတယ်လို့ သတင်းတွေ ထွက်နေပြီး ဒီဇာတ်ကား အောင်မြင်ရေးဟာ MGM စတူဒီယို အတွက် အရေးပါကြောင်း ခန့်မှန်းနေကြပါတယ်။ နိုင်ငံတကာကို Universal Pictures ကနေ "No Time To Die” ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကား အသစ်ကို တာဝန်ယူဖြန့်ချိမှာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP

mdn