ဂန့်ဂေါတွင် နွေနှမ်းစမ်းသပ်စိုက်ပျိုး

ဂန့်ဂေါ  ၂၉ မတ်

 

ဂန့်ဂေါမြို့နယ်အတွင်း နွေနှမ်းသီးနှံကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ရေသွင်းခြင်း၊ ထွန်ယက်ခြင်း၊ မြေပြင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ရက်တစ်ပတ်ခန့်စော၍ ဆောင်ရွက်သူများမှာ ယခုအခါ နှမ်းပင်ပေါက်များ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

ရာသီဥတုပြောင်းလဲလာမှုကြောင့် မြစ်ချောင်းနှင့် ဆည်များမှ ရေရရှိနိုင်မှုမရှိသဖြင့် နွေနှမ်းကို စိုက်ပျိုးနိုင်ခြင်း မရှိခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ရာ ယခုနှစ်တွင် ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာ အကူအညီ၊ မြို့နယ်ဦးစီးမှူး၏ မျိုးစေ့နှင့် ဓာတ်မြေဩဇာ ထောက်ပံ့မှုတို့ဖြင့် ချောင်းနက်ကျေးရွာတွင် နွေနှမ်း ၄ ဧကကို ရေစုပ်စက်ဖြင့် ရေတင်၍ စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးသည့်မျိုးများမှာ ဆင်းရတနာ (၃)နှင့် ဆင်းရတနာ (၁၄)မျိုးများဖြစ်ကာ အဆိုပါမျိုးများ၏ ဖြစ်ထွန်း အောင်မြင်နိုင်မှုနှင့် ဒေသနှင့်ကိုက်ညီမှု ရှိမရှိတို့ကိုပါ သိရှိနိုင်ရန် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

ကျော်သန်းဆွေ