ဂျပန်နှင့် အလုပ်လုပ်ပုံ

အောင်အောင်IR

ဂျပန်နိုင်ငံတွင် ဧည့်သုတေသီအဖြစ် တာဝန်ထမ်းဆောင် ခဲ့စဉ် ဂျပန်နိုင်ငံအနှံ့ ခရီးများသွားလာခဲ့သလို နေထိုင်ရာ ကျိုတိုမြို့တွင်လည်း စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ဘဏ်များ၊ ရုံးအဆောက်အအုံများသို့လည်း မကြာခဏ ရောက်ရှိဖြစ်ခဲ့သည်။ ဂျပန်လူမျိုးတို့သည် သူတို့ရောက်ရှိ သည့် နေရာဒေသများတွင် အမှုမဲ့၊ အမှတ်မဲ့မနေဘဲ ထိုဒေသများ၏ အဆိုး၊ အကောင်း ဓလေ့စရိုက်၊ အခြေ အနေများကို လေ့လာအတုယူ ပြန်လည်အသုံးချတတ် ကြကြောင်း၊ ဂျပန်နိုင်ငံ တိုးတက်ခြင်းသည် ကိုယ်တိုင် ကြိုးစားအားထုတ်မှုများကြောင့်သာမက သူတစ်ပါးထံမှ လေ့လာဆည်းပူးမှုများဆီမှပါ ဖြစ်တည်လာခြင်း ဖြစ်ကြောင်း ငယ်စဉ်ကတည်းက လေ့လာမှတ်သားမိ သည်။
 
သို့ဖြစ်ရာ စာရေးသူသည်လည်း ဂျပန်နိုင်ငံ ရောက် ရှိခိုက် စာတမ်းကိစ္စများသာမက ဂျပန်လူ့အဖွဲ့အစည်းကို တတ်နိုင်သလောက် အပြင်ထွက်လေ့လာခဲ့ပါသည်။ စာရေးသူ ဂျပန်သို့ ပထမအကြိမ်ရောက်ရှိစဉ်က ကျောင်း သား (Gakusei) အနေဖြင့် ဖြစ်သည်။ ယခု ဒုတိယအကြိမ် ရောက်ရှိသောအခါ ဆရာ (Sensei) အနေဖြင့် ဖြစ်သည်။ ဆိုလိုသည်မှာ အချိန်ပိုရလာသည်။ ငွေပိုရှိလာသည်။ အတွေ့အကြုံ ပိုများလာသည်။ ကျောင်းသားတစ်ယောက် ကဲ့သို့ ပြုမူလုပ်ဆောင်ရန်မဟုတ်ဘဲ ဆရာတစ်ယောက် ကဲ့သို့ သိမြင်လှုပ်ရှားရန်ဖြစ်သည်။ သို့ဖြစ်ရာ ကိုယ်ရေး ကိုယ်တာကိစ္စ အနီးအနား စတိုးဆိုင်များ၊ အင်တာနက် များတွင် အလွယ်တကူ ငွေသွင်းနိုင်သည့်တိုင် ဘဏ်များ၊ ရုံးများသို့ တကူးတက သွားရောက်ကာ ဂျပန်တို့ အလုပ် လုပ်ပုံကို အချိန်ရသလောက် လေ့လာခဲ့သည်။ လမ်းသွား ရင်း လုပ်ကိုင်ဆောင်ရွက်မှုများကို ဂရုပြုလေ့လာသည်။ အချို့စိတ်ဝင်စားသော နေရာများကို အချိန်ယူ စောင့်ကြည့် မှတ်သားသည်။
 
အလုပ်တစ်ခုခု ရှာကြံလုပ်ဆောင်

စာရေးသူ အဆောင်ခ၊ ရေခ၊ မီးခများ ပေးချေရန် ကျိုတိုမြို့ထဲရှိ ဘဏ်တစ်ခုသို့ လစဉ်ရောက်ဖြစ်သည်။ ဘဏ်အတွင်း ကိုယ့်အလှည့်ရောက်သည်ကို စောင့်ရင်း ဘဏ်ဝန်ထမ်းများ အလုပ်လုပ်သည်ကို လေ့လာဖြစ် သည်။ ကိုယ်တိုင်က အစိုးရဘဏ်မှာ အရာထမ်း ၁၀နှစ် နီးပါးခန့် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသည်။ သို့ဖြစ်ရာ ဘဏ်လုပ်ငန်းအချို့နှင့် အကျွမ်းတဝင်ရှိသည်။ ဘဏ်ရှိ ကောင်တာတွင် ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းငါးဦး၊ ခြောက်ဦးခန့်ရှိပြီး ကောင်တာတစ်ခုမှ ဝန်ထမ်းသည် သူ၏ ကောင်တာတွင် အလုပ်မရှိပါက ကောင်တာ အပြင်သို့ ထွက်ကာထိုင်နေသော၊ ဘဏ်အတွင်းသို့ ဝင်လာသောသူများထံသွားရောက်ကာ မည်သည့်အကူ အညီ ပေးရမည်နည်း မေးမြန်းသည်၊ သို့မဟုတ်ဘဏ်သို့ ရောက်ရှိလာသောသူများအား ဝင်ပေါက်မှ တန်းစီ မတ်တတ်ရပ် နှုတ်ဆက်သည်။ အလုပ်ရှိမှ၊ လူများလာပြီ ဆိုမှ မိမိကောင်တာသို့ ပြန်လည်သွားရောက် တာဝန် ထမ်းဆောင်သည်။
 
ဝန်ထမ်းများသည် အလုပ်ချိန်အတွင်း အလုပ်မရှိလျှင် ကိုယ်နှင့်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ အလုပ်တစ်ခုခု ရှာကြံလုပ်ဆောင်နေတတ်သည်။ စာရေးသူကိုယ်တိုင်လည်း ရုံးမှာလုပ်သည့်အပြင် ဘဏ် များ၊ အခြားရုံးအချို့သို့ အခါအားလျော်စွာ ရောက်သည် ဖြစ်လေရာ ကြာမြင့်ချိန်များမှာ ၁၅ မိနစ်၊ နာရီဝက်ခန့်သာ ဖြစ်သည့်တိုင် ရောက်သည့်အခါတိုင်းတွင် ဝန်ထမ်းများ ကိုယ်ရေးကိုယ်တာ ဖုန်းပြောနေခြင်း၊ တစ်ဦးနှင့်တစ်ဦး ရုံးကိစ္စ မဟုတ်သည်များကို ပြောဆိုနေခြင်းများ မတွေ့မိ ပါ။ ရုံးကိစ္စ ပြောဆိုမှုများမှ လွဲလျှင် တိတ်ဆိတ်ငြိမ်သက်စွာ အလုပ်လုပ်နေကြသည်က များပါသည်။

စာရေးသူ အဆောင်အနီးရှိ စတိုးဆိုင်တစ်ဆိုင်တွင် ပုံမှန်ဈေးဝယ်ဖြစ်သည်။ ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် (၄၇) လမ်းရှိ စီးတီးမတ်ဆိုင်လောက် ကြီးပါသည်။ ငွေရှင်းကောင်တာရှိ ဝန်ထမ်းများသည် အလုပ်မရှိလျှင် အခြားကောင်တာများသို့ ဝင်ရောက်ကူညီသည်။ မဟုတ် လျှင် ကောင်တာအပြင်ထွက်ကာ အခြားလုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်သည်။ ဆိုင်တွင် လူများပြီ၊ ကောင်တာများသို့ လူကျပြီဆိုမှ ကောင်တာဆီ ပြန်လာသည်။ သူ့အသိစိတ်နှင့်သူ အလုပ်လုပ်နေကြပုံ ရသည်။ ထို့အတူ စာရေးသူအလုပ်အနီးရှိ နေ့လယ်စာ စားနေကျ ကျောင်းကင်န်တင်းတွင်လည်း ငွေရှင်း ကောင်တာများမှ ဝန်ထမ်းများသည် လူရှင်းလျှင် အနီး အနားတွင် အခြားလုပ်စရာရှိသည်များ လုပ်ဆောင်နေလေ့ ရှိသည်။ ဆိုလိုသည်မှာ အလုပ်ချိန်တွင် အချိန်ပြည့် အလုပ် လုပ်နေခြင်းဖြစ်သည်။ အလုပ်လုပ်သည်ဆိုတိုင်းလည်း တိုးတက်ခြင်း မဟုတ်ဘဲ လုပ်သောအလုပ်သည် အဓိပ္ပာယ် ရှိသောအလုပ်ဖြစ်နေရန်လည်း လိုအပ်ပါသည်။ စာရေးသူ၏ မိတ်ဆွေ ဂျပန်ပါမောက္ခတစ်ဦးကလည်း ဂျပန်တွင် ဆရာ တစ်ယောက်သည် သင်ကြားရေးသာမက အခြားသင်ကြား ရေးနှင့် မသက်ဆိုင်သော လုပ်ငန်းတာဝန်များစွာလည်း အလျဉ်းသင့်သလို ထမ်းဆောင်ရကြောင်း ပြောပါသည်။ ဂျပန်အစိုးရ အလုပ်များတွင်လည်း အနည်းနှင့်အများ ထိုသို့ပဲလားမသိပေမယ့် ဂျပန်တို့ အလုပ်အလွန်လုပ်သည် ဆိုခြင်းမှာ ကမ္ဘာကျော် ပြောစမှတ်ပြုရသည်။ 

အချိန်ပြည့် လုံခြုံရေးအစောင့်များ ချထား

စာရေးသူ ဂျပန်တွင်ရှိနေစဉ် ရုံးတွင်းသာမက ရုံးပြင်ပ အခြေခံလုပ်သားများ လုပ်ငန်းခွင်လုပ်ဆောင်နေပုံ များကိုလည်း လေ့လာသည်။ ရုံးများမှ အစောင့်ဝန်ထမ်းများ သည် လမ်းပေါ်မှ ရုံးသို့ ကားအဝင်၊ အထွက်ပြုရာတွင် ပလက်ဖောင်းပေါ်မှ လူများ အထိအခိုက်မရှိစေရန် အထူး သတိပြု ဆောင်ရွက်ကြသည်။ အဆောက်အအုံအတွင်းမှ ကားထွက်လာလျှင် ပလက်ဖောင်းပေါ်မှ လူများရှင်းပါမှ ကားကို ပေးသွားသည်။ ခပ်လှမ်းလှမ်းမှ လူလမ်းလျှောက် လာလျှင်ပင် ကားကိုတားထားပေးသည်။ ဘာမှတော့ ထူးဆန်းသည်မဟုတ်ပါ။ စာရေးသူက ရန်ကုန်မြို့ လူများ ရှုပ်ထွေးလှသော လှည်းတန်းစင်တာရှိ ရုံးတစ်ရုံးတွင် ငါးနှစ်ကျော် အလုပ်လုပ်ခဲ့ဖူးသည်။ စင်တာအဆောက်အအုံမှ ကားများသည် လူသွားပလက်ဖောင်းကို ဖြတ်ထားသည့် လမ်းမှ လမ်းမကြီးပေါ်သို့ မောင်းထွက်ရသည်။ လူများလျှင် လူနိုင်သည်။ ကားများလျှင် ကားနိုင်သည်။ အော်သံ၊ ဆူသံ၊ ဆဲသံတို့ မကြာခဏ ဆူညံနေလေ့ရှိသည်။ အနီးအနား အစောင့်ရှိလျှင်လည်း အစောင့်က လမ်းပေါ်မှလူကို အရင် တားသည်။ ကားကို ဦးစားပေးသည်။ ကားပြီးမှ လူဖြစ် သည်။ မြန်မာက ဂျပန်နှင့်သာမက နိုင်ငံတကာနှင့်ပါ ပြောင်းပြန်ဖြစ်သည်။ သို့နှင့်တိုင် မြန်မာနိုင်ငံတွင် လူကို ဦးစားပေးပြီး ကားကို ဦးစားမပေးလျှင်လည်း ကားပိုင်ရှင်နှင့် ပြဿနာဖြစ်နိုင်သည်။ ဂျပန်တွင် လမ်းပြင်လျှင်၊ လူသွား ပလက်ဖောင်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများရှိလျှင် ထားရှိသင့်သည့် အတားအဆီးများသာမက ဟိုဘက်ထိပ်၊ သည်ဘက်ထိပ် ယူနီဖောင်းအပြည့်အစုံဖြင့် အချိန်ပြည့် လုံခြုံရေးအစောင့်များ ချထားသည်။ 

အစောင့်များသည် အလုပ်ချိန်အတွင်း လူများ၊ ကားများကို အချက်ပြသတိပေးရင်း အချိန်ပြည့် အလုပ် လုပ်သည်။ ဂျပန်နိုင်ငံ၏ အများပြည်သူ မြို့ပြဆိုင်ရာ လုံခြုံ ရေးသည် ကမ္ဘာ့အကောင်းဆုံးအဆင့်တွင် ကာလကြာရှည် ပါဝင်သည်ဟူသော အဆင့်သတ်မှတ်ချက်များသည် အလကားဖြစ်တည်လာခြင်း မဟုတ်ပါ။ စာရေးသူ ဂျပန်တွင် မီးရထား မကြာခဏ စီးနင်းသည်ဖြစ်ရာ ဂျပန်မီးရထား ဝန်ထမ်းအချို့၏ လုပ်ငန်းခွင် တာဝန်ထမ်းဆောင်ပုံကိုလည်း လေ့လာမိသည်။ ကိုယ်အမူအရာနှင့်လည်း အလုပ်လုပ် သည်။ နှုတ်အမူအရာနှင့်လည်း အလုပ်လုပ်သည်။ စိတ်အမူ အရာနှင့်လည်း အလုပ်လုပ်သည်။ အလုပ်လုပ်ရင်း လေ့ကျင့်၊ လေ့ကျင့်ရင်း အလုပ်လုပ်နေကြသည်နှင့် တူပါသည်။ ထိုသို့ ဆိုသဖြင့် ဂျပန်လုပ်ငန်းခွင်များတွင် မှားယွင်းမှုမရှိ၊ အမြဲ တိကျသည်ဟု မဆိုလိုပါ။ မှားယွင်းမှုနည်းပါးသည်၊ ရေရှည်တည်တံ့မှု များပြားသည်ဟု ဆိုလိုရင်း ဖြစ်သည်။ 

ပထမဆုံး ရုံးဆင်းသူ မဖြစ်လို

ဂျပန်အလုပ်ယဉ်ကျေးမှုကို လေ့လာလျှင် ဂျပန်တွင် တစ်ဦးချင်းကို ဦးစားမပေး၊ အုပ်စုလိုက် ဆောင်ရွက်ခြင်းကို ဦးစားပေးသည်။ အလုပ်လုပ်လျှင်၊ အစီအစဉ် ပရောဂျက် တစ်ခု လုပ်ဆောင်လျှင် သတင်းအချက်အလက်များ ရသ လောက် စုဆောင်းသည်၊ အသေအချာ ပြင်ဆင်စီမံသည်။ အသေးအဖွဲမှအစ ဂရုစိုက်သည်။ သတ်မှတ်ရလဒ်နှင့်တကွ အလုပ်အဆုံးသတ်နိုင်စွမ်းရှိသည်။ ရုံးချိန်တွင် ဝတ်စား ဆင်ယင်ရာ၌ အခြားနိုင်ငံများထက် သပ်ရပ်စမတ်ကျစွာ ဝတ်ဆင်သည်။ ဝန်ထမ်းများသည် အလုပ် ဆုံးဖြတ်ချက်များ မချမီ အထက်လူကြီးများကို အသိပေးရသည်။ ခွင့်ပြုချက် ယူရသည်။ ဂျပန်ရုံးများတွင် သတ်မှတ်ရုံးချိန် ကုန်ဆုံးသည့် တိုင် မည်သူမျှ ပထမဆုံး ရုံးဆင်းသူ မဖြစ်လိုကြဘဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကြသည်။ ကုမ္ပဏီကြီးများတွင် အလုပ်လုပ်ပါက တစ်သက်လုံး စွဲမြဲစွာ အလုပ်လုပ်ကြသလို ကုမ္ပဏီဘက်ကလည်း ဝန်ထမ်းများ၏ သာရေး၊ နာရေးကို ပြန်လည်ကြည့်ရှုစောင့်ရှောက်ပြီး ဝန်ထမ်းများကို အလွယ် တကူ အလုပ်ထုတ်ခြင်းမျိုးမရှိဟု ဆိုပါသည်။ တစ်နည်း သစ္စာရှိမှုသည် ဂျပန်လုပ်ငန်းခွင်များတွင် အရေးကြီးပြီး တစ်ချိန်တည်း ဆရာနှစ်ယောက်ထားရှိခြင်းကို မနှစ်သက် ကြဟုဆိုပါသည်။

 အလုပ်မှ အကြီးအကဲမပြန်မချင်း လက်အောက်ဝန်ထမ်းများ ရုံးဆင်းလေ့မရှိဘဲ ရုံးချိန်ပြီးလျှင် လည်း လုပ်ဖော်ကိုင်ဖက်များ အုပ်စုဖွဲ့သောက်စားရင်ဖွင့် တတ်ကြသည်ဟု ဆိုပါသည်။ လုပ်ငန်းခွင်အတွင်း အလေး အနက် ထားလွန်းခြင်း၊ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း များကြောင့် အလုပ်ပိသေဆုံးခြင်းဆိုသည့် ဂျပန်ဝေါဟာရ Kar ó shi သည် နိုင်ငံတကာတွင် လူသိများပါသည်။ စာရေး သူ ကျိုတိုတွင် နေထိုင်ရုံးတက်ခဲ့စဉ် စာတမ်းများ ရေးသား ရင်း မကြာခဏ အိမ်အပြန်နောက်ကျပါသည်။ စာရေးသူ၏ ရုံးအပါအဝင် အိမ်အပြန်လမ်းတစ်လျှောက် ရုံးခန်းအချို့တွင် ည ၇ နာရီကျော်နေသည့်တိုင် မီးရောင်များ မြင်တွေ့နေရ သည်။ အခြားဂျပန်မြို့ကြီးများသို့ အလည်အပတ်သွား သည့်အခါတွင်လည်း ညဘက် ၈နာရီကျော်သည့်တိုင် လမ်းတွင် ရုံးဝန်ထမ်းအများအပြား သွားလာနေသည်ကို တွေ့ရသည်။ သို့နှင့်တိုင် ဂျပန်တွင် ၁၉၉၀ ပြည့်နှစ်များ နောက်ပိုင်း စီးပွားရေးကျဆင်းမှုနှင့်အတူ လုပ်ငန်းပိုင်း ဆိုင်ရာ အပြောင်းအလဲများလည်း ဖြစ်ပေါ်ခဲ့ပြီး ယခု နောက်ပိုင်းတွင်မူ ကုမ္ပဏီကြီးများ၊ လုပ်ငန်းကြီးများတွင်ပင် အလုပ်နှင့် ပတ်သက်ပြီး အာမခံချက်များ နည်းပါးလာ သည်ဟု ဆိုပါသည်။ မည်သို့ဆိုစေ၊ မည်သို့ အခြေအနေမျိုး ပင်ဖြစ်စေ စည်းကမ်းရှိခြင်း၊ အလုပ်ကြိုးစားခြင်း၊ လုပ်ငန်းခွင်အား အလေးထားခြင်း၊ စဉ်းစားသုံးသပ်ခြင်း၊ သတိရှိခြင်း၊ လုပ်စရာမရှိပါက လုပ်စရာ ရှာနေတတ်ခြင်း စသည့် ကောင်းမွန်သော ဂျပန်လူမျိုးတို့၏ လုပ်ငန်းခွင် အပြုအမူများမှာမူကား အပြောင်းအလဲ ရှိလိမ့်မည် မဟုတ်ပါချေ။ 

စာရေးသူ ကိုရီးယားနိုင်ငံတွင် ကျောင်းတက်စဉ် တစ်နေ့ စာရေးသူအခန်းတွင် ကိုရီးယားမဟုတ်သည့် အာရှသူငယ်ချင်းများ ဆုံကြခိုက် စာရေးသူက ဂျပန်နိုင်ငံ၏ ကောင်းသတင်းများနှင့် ဂျပန်လူမျိုးတို့ အလုပ်ကြိုးစားပုံ အကြောင်း ပြောဆိုသည်။ အင်ဒိုနီးရှားနိုင်ငံမှ မိတ်ဆွေက လည်း သူလည်း ဂျပန်ရောက်ဖူးကြောင်း၊ ဂျပန်တို့ အလုပ် အင်မတန်ကြိုးစားကြောင်း ဝင်ရောက်ပြောဆိုသည်။ ကျန်သည့်ကျောင်းသားများကလည်း သူတို့ ဂျပန်အတွေ့ အကြုံ ကောင်းသတင်းအချို့ကို မျှဝေသည်။ မှတ်မှတ်ရရ သီရီလင်္ကာနိုင်ငံမှ ကျောင်းသားကမူ ဝင်ရောက်မပြောဆိုဘဲ ခေါင်းတညိတ်ညိတ်နှင့်နေသည်။ နောက်တစ်ပတ် ထိုသူငယ်ချင်းများနှင့်ပင် စာရေးသူအခန်းတွင် ဆုံကြပြန် သည်။ စာရေးသူ၏ အခန်းဖော် ကိုရီးယားကျောင်းသားမှာ အပတ်စဉ် သောကြာနေ့တွင် အခြားမြို့သို့ ပြန်သဖြင့် စာရေးသူ၏အခန်းသည် မကြာခဏ သူငယ်ချင်းများ ဆုံတွေ့ရာနေရာ ဖြစ်နေတတ်သည်။ ယခုအခေါက်တွင် သီရိလင်္ကာသူငယ်ချင်း မပါဝင်ချေ။ စကားဝိုင်းတစ်ဝက် လောက်မှ တံခါးခေါက်ကာ ဝင်လာသည်။ သူက ပြီးခဲ့ သည့်အပတ်က ဂျပန်အကြောင်းပြောရာတွင် သူ မပြော လိုက်ရသည်များရှိကြောင်း၊ ဂျပန်တိုင်း မကြိုးစား ကြောင်း၊ ပျင်းသည့်ဂျပန်ရှိကြောင်း၊ သူသီရိလင်္ကာတွင် ပျင်းသည့် ဂျပန်ကို တွေ့ဖူးကြောင်း၊ ထိုဂျပန်ကလည်း သူပျင်းသည်ဟု ဝန်ခံကြောင်း စသည်ဖြင့် ပြောဆိုပါသည်။ စာရေးသူတို့ ကျန်ကျောင်းသားအားလုံး မတိုင်ပင်ဘဲ ကျယ်လောင်စွာ ရယ်မောမိကြသည်။ မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို အများစုနှင့် အနည်းစု ဆိုသည်မှာ ရှိပါသည်။ ကောင်းမွန်သည့် အတွေးအခေါ်၊ အမူအကျင့် အများစု လွှမ်းမိုးသဖြင့်သာ လူ့အဖွဲ့အစည်း သည် စည်းကမ်းရှိ၏၊ စနစ်ကျ၏၊ တိုးတက်၏၊ ဖွံ့ဖြိုး၏ စသည့် ကောင်းသတင်းများ ပြင်ပသို့ ကာလရှည်ကြာစွာ ပျံ့လွင့်ခြင်းဖြစ်သည်။ 

ဂျပန်နိုင်ငံ ရင်ဆိုင်နေရသော အခက်အခဲ

တစ်ခါတလေ စာရေးသူတို့ ဂျပန်နိုင်ငံအပေါ် ရှုမြင်ပုံ မှာ အထင်ကြီးမှုနှင့်လည်း ဆက်စပ်နေမည် ထင်ပါသည်။ အထင်ကြီးတော့ မြင်သမျှ၊ တွေ့သမျှက အကောင်းဖြစ်နေ သည်။ ယခုနှစ် ဇန်နဝါရီလက ဂျပန်နိုင်ငံတွင် စာပို့သမား တစ်ဦး စာများနှင့် ပါဆယ်အချို့အား နှစ်ပေါင်းများစွာ မပို့ဘဲ အိမ်တွင် သိုဝှက်ထားရှိသည့်သတင်းကို ဖတ်ရှုရ သည်။ ဂျပန်ဖုန်းကုမ္ပဏီတစ်ခုတွင်လည်း ကာစတန်မာ အား ကောင်တာရှေ့တွင် ချိုသာစွာ ပြောဆိုပြီး နောက်ကွယ် မန်နေဂျာရုံးခန်းတွင် ရိုင်းစိုင်းစွာ အပုပ်ချနေသည့် သတင်းလည်း ဖတ်ရှုရသည်။ ထို့အတူ မီးရထားမှောက် သည့်သတင်းများ၊ ကားတိုက်သည့်သတင်းများလည်း အခါအားလျော်စွာ ကြားသိရပါသည်။ ဂျပန်တို့၏ စိတ်နေစိတ်ထားကြောင့် အာရှသားများနှင့် ဂျပန်တို့ မိတ်ဆွေသူငယ်ချင်း ဖြစ်ရန်၊ မိတ်ဆွေသူငယ်ချင်းအဖြစ် တည်မြဲရန် ခဲယဉ်းကြောင်း ရေးသားထားသည့်စာများ၊ မှတ်ချက်များကိုလည်း ဖတ်ရှုရသည်။ စည်းကမ်းကြီးခြင်း၊ တင်းကျပ်ခြင်း၊ ရှေးရိုးဆန်ခြင်း စသည့် ဂျပန်လုပ်ငန်းခွင် အခြေအနေများ နောက်ကွယ်တွင် လူ့အဖွဲ့အစည်း အနေဖြင့် ပေးဆပ်ရမှုအချို့လည်း ရှိနေပါသည်။ ဂျပန် နိုင်ငံတွင် စီးပွားရေး ကျဆင်းမှုနှင့်အတူ သက်ကြီးရွယ်အို များ များပြားလာမှု၊ မွေးဖွားနှုန်း နည်းပါးလာမှု၊ အိမ်ထောင် မပြုသူများပြားလာမှု၊ အစိုးရ၏စွမ်းဆောင်ရည်နှင့် အာဏာစက် လျော့နည်းလာမှုတို့သည် လက်ရှိ ဂျပန်နိုင်ငံ ရင်ဆိုင်နေရသော အခက်အခဲအကျပ်အတည်းများဖြစ်ပြီး မိမိကိုယ်ကိုသတ်သေခြင်း (suicide)၊ အထီး ကျန် တစ်ကိုယ်တည်းနေထိုင်ခြင်း (hikikomori) စသည့် လူမှုပြဿနာများမှာလည်း နိုင်ငံတကာမှ သတိပြုရ လောက်အောင် များပြားတည်ရှိနေပါသည်။

ယခုဆောင်းပါး ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု အပြန်အလှန် လေ့လာ သင်ယူ အသုံးချရန်ဖြစ်ပါသည်။ လက်တွေ့ကျဖို့တော့ လိုပါမည်။ ပုံတူကူးချလို့တော့မရပါ။ မြန်မာသည် မြန်မာသာဖြစ်ပြီး ဂျပန်သည် ဂျပန်သာ ဖြစ်ပါသည်။ လူတိုင်းသည် သူ့လူ့အဖွဲ့အစည်းနှင့်သူ နေထိုင်ကြ သည်ဖြစ်ပြီး လူ့အဖွဲ့အစည်းတိုင်းတွင် သူ့အထာနှင့်သူ၊ သူ့အကျင့်စရိုက်နှင့်သူ ရှိပါသည်။ ကောင်းသည့် ရည်ရွယ်ချက်ရှိသည့်တိုင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းမိုးရန်၊ ပြုပြင်ပြောင်းလဲရန် ဆိုသည်မှာ လွယ်ကူလှ သည်မဟုတ်ဘဲ အလိုက်အထိုက်နေထိုင်ကြရန်သာ ဖြစ်သည်။ 

အလိုက်အထိုက်နေထိုင်သည်ဆိုသည်မှာ မျှောလိုက်နေခြင်းမဟုတ်ဘဲ တစ်ဦးချင်းအနေဖြင့် အထက်တွင် ဖော်ပြထားသည့် ဂျပန်တို့၏ ကောင်းမွန် သော လုပ်ငန်းခွင်အပြုအမူများကို ယူနိုင်သလောက် ယူရန်ဖြစ်ပါသည်။ မြန်မာရုံးများတွင် လုပ်ငန်းခွင်အတွင်း မြန်မာဝန်ထမ်းများ မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို မြန်မာတို့သာ အသိဆုံးဖြစ်ပါသည်။ ဂျပန်လုပ်ငန်းခွင် အကျင့်စရိုက်များနှင့် ချိန်ထိုးကြည့်ပါ။ အပြည့်မယူနိုင် တောင် တချို့တစ်ဝက်ယူနိုင်လျှင် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည် သည် များစွာတိုးတက်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လမ်း၊ တံတား၊ ပလက်ဖောင်း စသည့် တည်ဆောက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အများပြည်သူလုံခြုံရေးအတွက် ထည့်သွင်းစဉ်းစား လုပ်ဆောင်မှု များစွာအားနည်းပါသည်။ မတော်တဆ ထိခိုက်မိလျှင် ကိုယ်ဖြစ်ကိုယ်ခံသာဖြစ်သည်။ အများပြည်သူ မြို့ပြ လုံခြုံရေးဆိုင်ရာ မည်မျှလျော့ရဲသည်ကို မြန်မာတို့သာ အသိဆုံး ဖြစ်ပါသည်။ ဂျပန်လုပ်ငန်းခွင် အစီအမံအချို့နှင့် ချိန်ထိုးကြည့်ပါ။ အပြည့်အဝ မလုပ်ဆောင်နိုင်တောင် တချို့တစ်ဝက် လုပ်ဆောင်နိုင်လျှင် အများပြည်သူ မြို့ပြလုံခြုံရေးများစွာ တိုးတက်လာမည် ဖြစ်သည်။ 

စာရေးသူ ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် ရန်ကုန်မြို့ရှိ ဂျပန်မိတ်ဆွေတစ်ဦးက ယနေ့ကာလတွင် မြန်မာနိုင်ငံသား အများအပြား ဂျပန်နိုင်ငံသို့ ပညာသင်ရန်၊ အလုပ်လုပ်ရန် လာရောက်ကြကြောင်း၊ အလုပ်အကိုင်၊ ငွေကြေး၊ ပညာရေးဆိုသည်များထက် အရေးကြီးသည်များ ရှိကြောင်း၊ ဂျပန်သို့ မလာခင် ဂျပန်နိုင်ငံအကြောင်း ပိုမိုလေ့လာသိရှိ စေလိုကြောင်း၊ သို့မှသာ ဂျပန်နိုင်ငံတွင် နေထိုင်စဉ်ကာလ ပိုမိုအဆင်ပြေ အကျိုးရှိမည်ဖြစ်ကြောင်း ပြောဆိုပါသည်။ ယခုဆောင်းပါးသည် ဂျပန်နိုင်ငံ ဆိုင်ရာ အလုပ်အကိုင် ယဉ်ကျေးမှု ဗဟုသုတအချို့ကို မျှဝေပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ ။