ဂျပန်နှင့် ဗီယက်နမ်တို့အကြား ပြည်ဝင်ခွင့်ပိတ်ဆို့ထားမှုကို အပြန်အလှန် ဖြေလျှော့ပေးရန် ဆွေးနွေးမှုများဆောင်ရွက်

တိုကျို ၁၆ ဇွန်


ဗီယက်နမ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ကိုဗစ် -၁၉ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားသော အခြေအနေအောက်တွင် အပြန်အလှန် ပြည်ဝင်ခွင့်ပြန်ပေးရန်နှင့် ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ဖြေလျှော့ပေးရေးတို့အတွက် ဆွေးနွေးညှိနှိုင်းနေကြရာ နောက်ဆုံးအဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


ဂျပန်နိုင်ငံသည် ပထမဦးစွာ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာပိုင်းဆိုင်ရာ သင်တန်းသားများကို လက်ခံပေးမည်ဖြစ်သည်။ ဇွန်လနှောင်းပိုင်းတွင် စောနိုင်သမျှစောအောင် ခရီးသွားလာမှုများ ပြန်လည်စတင်နိုင်ရေး ပစ်မှတ်ထားကာ ဆွေးနွေးမည်ဖြစ်သည်။ ဗီယက်နမ် နိုင်ငံတွင် ကိုဗစ် -၁၉ ထိန်းချုပ်ရေးမှာ အောင်မြင်မှုရရှိပြီး အရှေ့တောင် အာရှနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်စနိုင်ရန် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များက တောင်းဆိုနေကြသည်ဟု အစိုးရသတင်းအရင်းအမြစ်များက ပြောသည်။


ဂျပနိုင်ငံသို့ ဝင်ရောက်မည့်သူများသည် ကိုဗစ် - ၁၉ ရှိ မရှိ စစ်ဆေးခဲ့ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ ရောက်ရှိလျှင်လည်း ကိုဗစ် -၁၉ စစ်ဆေးမှုကို ထပ်မံလုပ်ဆောင်ရမည်ဟု သိရသည်။ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည်လည်း ဇွန်လနှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ လာရောက်နိုင်ဖွယ်ရှိပြီး ဗီယက်နမ်ပြည်သူများ ဂျပန်နိုင်ငံသို့ လာရောက်ရေးမှာမူ ဆွေးနွေးဆဲကာလတွင်သာ ရှိသေးသည်။


ဂျပန်နိုင်ငံသည် ထိုင်း၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့နှင့်လည်း ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုများ ဖြေလျှော့ပေးနိုင်ရေး အကြံပေးဆွေးနွေး တိုင်ပင်မှုများ လုပ်ဆောင်နေသည်။ ထိုင်းနိုင်ငံနှင့် ဆွေးနွေးမှုများတွင် အောင်မြင်မှုရရှိသော်လည်း ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှာမူ ပထမဆုံးအဆင့်၌ ဂျပန်နိုင်ငံခရီးသွားများကို ပြန်လည်လက်ခံနိုင်ရေး သတိထားကာ ဆွေးနွေးနေကြသည်။


အင်န်အိတ်ချ်ကေ