ဟီးရိုးတိုက်ကွမ်ဒို အင်တာနေရှင်နယ်လိဂ် ၂၀၂၁  အွန်လိုင်းပြိုင်ပွဲတွင် မြန်မာကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်မည် 

ရန်ကုန်၊  ၂၅  ဇန်နဝါရီ                 

 

ထိုင်းနိုင်ငံမှကျင်းပသည့် ဟီးရိုးတိုက်ကွမ်ဒို အင်တာနေရှင်နယ်လိဂ် Heroes Taekwondo International League ၂၀၂၁ အွန်လိုင်းပြိုင်ပွဲတွင် မြန်မာတိုက်ကွမ်ဒိုကလပ်များမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ သိရသည်။

 

ဟီးရိုးတိုက်ကွမ်ဒို အင်တာနေရှင်နယ်လိဂ် ၂၀၂၁ ပြိုင်ပွဲအား ဇန်နဝါရီ ၃၀ ရက်မှ ၃၁ ရက်ထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံပေါင်း  ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံတကာတိုက်ကွမ်ဒိုပြိုင်ပွဲတွင် Video upload  ဖြင့်ရိုက်ကူး၍ ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲ၊ ရုပ်သံမှ တိုက်ရိုက်(Live) ဖြင့် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

၃၀ ရက် ပြိုင်ပွဲနေ့မှာတော့ အောင်ဆန်းကွင်းမှာ ကစားသမားလေးတွေ ပြိုင်မယ်၊ Live ရုပ်သံတိုက်ရိုက်နဲ့ပေါ့၊ ၃၁ ရက်မှာကျတော့ ခါးစီးအနီနဲ့အထက်တွေပေါ့၊ အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်၊ စီနီယာတန်း အသက် ၅၀ အထက် ဆရာမတွေလည်းပါမယ်၊ ကလေးတွေလည်းပါမယ်ဟု  အောင်ဆန်းကလပ်မှ နည်းပြ ကိုဆန်းရှိန်သက် က ပြောသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အောင်ဆန်းတိုက်ကွမ်ဒိုအသင်း၊ Dragon တိုက်ကွမ်ဒိုအသင်း၊ ရွှေပြည်သာ တိုက်ကွမ်ဒိုအသင်း၊ အေဘီစီတိုက်ကွမ်ဒိုအသင်း၊ ပြည်ထဲရေးတိုက်ကွမ်ဒိုအသင်းများမှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။

 

အာကာစိုး