ဟိုပုံးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဟိုပုံး ၂၄ စက်တင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ဦးကွက်သစ်ရပ်ကွက်၊ နယ်မြေ(၃)တွင် ယနေ့မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုတွင် နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း DELL အမျိုးအစား (၁၄)လက်မ ကွန်ပျူတာအား အားသွင်းထားခဲ့ရာ အပူရှိန်လွန်ကဲပြီး လက်တော့ဘက်ထရီပေါက်ကွဲ မီးလောင်သွား၍ ဝိုင်ယာကြိုးများမှတစ်ဆင့် နေအိမ်အပေါ်ထပ်ရှိ အိမ်ရှေ့ခန်းမျက်နှာကျက်များ၊ အဝတ်အစား ဘီရို(၂)လုံး၊ ပြတင်းပေါက်တံခါးများ မီးလောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်နှင့် ဝန်ထမ်းများက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊  မြို့ဦးကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှတင်၊ နယ်မြေမှူးများနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးအား ပေါ့ဆအသုံးပြုသူ မောင်ကြွား (၂၆)နှစ်ကို ဟိုပုံးမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)