ဟံသာဝတီအသင်း ကစားသမားသစ်များ အပြီးသတ်စာချုပ်

ရန်ကုန်၊ ၁၉ ဇန်နဝါရီ

 

၂၀၂၁ ရာသီအတွက် ပြင်ဆင်နေသည့် ဟံသာဝတီအသင်းသည် ခေါ်ယူထားသော ပြည်တွင်းကစားသမားများအား အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့သည်။

 

ဟံသာဝတီအသင်းသည် လာမည့်ရာသီအတွက် ခေါ်ယူရန် သဘောတူညီမှုရရှိထားသူများအနက် နောက်ခံလူရဲရင့်အောင်နှင့်  ရဲလင်းထက်တို့ကို ဇန်နဝါရီ ၁၉ ရက်က အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ရဲရင့်အောင်ကို သုံးနှစ်နှင့် ရဲလင်းထက်ကို နှစ်နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဟံသာဝတီအသင်းသည် ရှမ်းယူနိုက်တက်အသင်းနှင့် စာချုပ်ကုန်ဆုံးခဲ့သည့် တိုက်စစ်မှူး ဒွေးကိုကိုချစ်ကို ခေါ်ယူရန် ဇန်နဝါရီ ၁၉ ရက်က သဘောတူညီမှုရရှိခဲ့သည်။

 

ဟံသာဝတီအသင်းသည် လာမည့်ရာသီအတွက် ဂိုးသမားပြည့်ဖြိုးအောင်၊ နောက်ခံလူရဲရင့်အောင်နှင့် ရဲလင်းထက်တို့ကို စာချုပ်ချုပ်ဆို ပြီးစီးသွားပြီး ကျန်ရှိသည့် ဝင်းမိုးကျော်၊ ဒွေးကိုကိုချစ်၊ နေမိုးနိုင်နှင့် အောင်မြတ်သူတို့မှာ နေရပ်ပြန်နေသောကြောင့် လေ့ကျင့်မှုစတင်သည့်အချိန်မှသာ စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

 

ဟံသာဝတီအသင်းသည် ၂၀၂၁ ရာသီအတွက် ပြည်တွင်းကစားသမား ခုနစ်ဦး ခေါ်ယူထားပြီး ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဟံသာဝတီအသင်း