ဟံသာဝတီနှင့် ရန်ကုန် ထိပ်တိုက်တွေ့ဆုံနေသည့် MNL ပွဲစဉ် (၁၇)

ရန်ကုန် ၁၇ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ကို စက်တင်ဘာ ၁၉၊ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံမျှော်လင့်ချက်ရှိနေသည့် ဒုတိယနေရာမှ ဟံသာဝတီအသင်းသည် နာမည်ကြီးရန်ကုန်အသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်သည်။

ပွဲစဉ် (၁၇) အဖြစ် စက်တင်ဘာ ၁၉ ရက်တွင် YUSC ကွင်း၌ ဟံသာဝတီအသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် အားကာသိပ္ပံအသင်း၊ ပဒုမ္မာကွင်း၌ ရခိုင်အသင်းနှင့် ဧရာဝတီအသင်း၊ စက်တင်ဘာ ၂၀ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ စစ်ကိုင်းအသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် အကောင်းဆုံးပွဲအဖြစ် ဟံသာဝတီနှင့် ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံသည့်ပွဲကို ပြရမည်ဖြစ်ပြီး နှစ်သင်းစလုံးအတွက် အရေးပါသည့်ပွဲဖြစ်နေသည်။ အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေသည့် ဟံသာဝတီအသင်းအတွက် မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသလို နာမည်ကြီးရန်ကုန်အသင်းအတွက်လည်း ချန်ပီယံဆုအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေသည်။ ပွဲစဉ် (၁၆) တွင် ရှမ်းယူနိုက်တက်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့သည့် ရန်ကုန်အသင်းအတွက် နောက်ဆုံးမျှော်လင့်ချက်လည်းဖြစ်နေပြီး အနိုင်ရမှသာ ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။ သို့သော် ဇယားထိပ်ပိုင်းမှ အသင်းများနှင့် ခုနစ်မှတ်ကွာဟသွားသည့် ရန်ကုန်အသင်းအနေဖြင့် အခွင့်အရေးအလွန်နည်းပါးနေပြီဖြစ်သည်။ အမှတ်ပေးဇယားထိပ်ဆုံးမှ ဧရာဝတီအသင်းသည် ဒုတိယနေရာမှ ဟံသာဝတီအသင်း ပွဲကျပ်ကစားရမည့်အခွင့်အရေးကို အသုံးချရန် ကြိုးပမ်းရမည်ဖြစ်ပြီး ပွဲကျပ်များမကစားမီ အမှတ်ပြည့်ရယူထားရမည်ဖြစ်သည်။ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းမှာလည်း ဧရာဝတီနှင့် ဟံသာဝတီကို ဆက်လက်ဖိအားပေးနိုင်ရန် ယခုပွဲတွင် မဖြစ်မနေအနိုင်ကစားရန် လိုအပ်နေသည်။

ပွဲစဉ် (၁၆) အပြီးတွင် ဧရာဝတီနှင့် ဟံသာဝတီအသင်းက ရမှတ် ၃၆ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် ဧရာဝတီအသင်းက ပထမ၊ ဟံသာဝတီအသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏နောက်တွင် ရှမ်းယူနိုက်တက်အသင်းက ၃၂ မှတ်၊ ရန်ကုန်အသင်းက ၂၉ မှတ်၊ ရခိုင်အသင်းက ၁၇ မှတ်၊ ရတနာပုံအသင်းက ၁၆ မှတ်၊ စစ်ကိုင်းနှင့် မကွေးအသင်းက ၁၀ မှတ်စီ၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ Southern အသင်းက လေးမှတ်ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်