ဤကမ္ဘာမြေကြီး ကျန်းမာသက်ရှည်ဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

မောင်သောင်းဝင်း(တမန်ဟောင်း)

 

ဇွန်လဆန်းကတည်းက မိုးစတင်ရွာသွန်းနေပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းစိုပြည်စပြုလာပြီ ဖြစ်သည်။ ကျေးလက်နေတောင်သူဦးကြီးများလည်း ထွန်ယက်စိုက်ပျိုးရန် အလုပ်ရှုပ်နေကြပြီ။ စိုက်ပျိုး ရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် မိုးရာသီရောက်လျှင် ကျေးလက်နေပြည်သူများသည် အလုပ်နှင့်လက် မပြတ်ဘဲ ဇယ်ဆက်လျက်ရှိသည်။ မိုးရာသီရောက်ရှိပြီ ဆိုလျှင် နိုင်ငံသူ နိုင်ငံသားတိုင်း မပျက်မကွက်လုပ်ဆောင် သင့်သည့် တာဝန်တစ်ရပ်ရှိပါသည်။ ထိုအရာကား အခြားမဟုတ်ပေ။ တတ်နိုင်သမျှ သစ်ပင်စိုက်ပျိုးခြင်းပင် ဖြစ်သည်။

 

ထာဝရကုသိုလ်

 

စင်စစ်အားဖြင့် သစ်ပင်စိုက်ပျိုးခြင်းသည် ငွေကြေးကုန်ကျမှုသက်သာသော်လည်း အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ သစ်ပင်တစ်ပင်ရှင်သန်ဖြစ်ထွန်းလာပြီဆိုလျှင် သက်ရှိလောကအားလုံး အကျိုးဖြစ်ထွန်းစေပါ သည်။ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ သည် ကျေးလက်နေပြည်သူများအတွက် အဲကွန်းထက်ပင် တန်ဖိုးကြီးမားလှပါသည်။ လူတစ်ဦးသည် သက်ရှင်နေထိုင်စဉ်ကာလအတွင်း ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး အလှူအတန်းများမပြုလုပ်နိုင်လျှင်တောင်မှ သစ်ပင်တစ်ပင်လောက်တော့ ရှင်သန်ဖြစ်ထွန်း အောင် စိုက်ပျိုးခဲ့သင့်သည်။ အရိပ်ရပင်ဖြစ်စေ၊ စားပင် သီးပင်ဖြစ်စေ ရှင်သန်ဖြစ်ထွန်းမည်ဆိုလျှင် များစွာ အကျိုးရှိပါသည်။ ထို့ကြောင့် သင့်အနေဖြင့် ထာဝရကုသိုလ်ယူသွားလိုပါလျှင် သစ်ပင်တစ်ပင်လောက်တော့ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားပါလို့ အကြံပြုလိုပါသည်။

 

ရှင်သန်ဖြစ်ထွန်းအောင်စိုက်ပျိုးသင့်

 

ဆိုရလျှင် မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် သစ်တောများတဖြည်းဖြည်းပြုန်းတီးလျက် ရှိသည်။ ထိုသို့ပြုန်းတီးသွားသောသစ်တောများနေရာတွင် အစားထိုးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်စွမ်းမရှိလျှင် မဝေးတော့သည့်အနာဂတ်တွင် သဲကန္တရများ ဖြစ်လာနိုင်ပေသည်။ ထို့အပြင် မြန်မာနိုင်ငံ အပါအဝင်ကမ္ဘာတစ်ဝန်း၌ သစ်တောများပြုန်းတီးလာ မှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခံစားနေကြရပြီဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရာ၌ စိတ်စေတနာဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားသင့်ပေသည်။

 

အကျိုးကျေးဇူးများ

 

သစ်ပင်များသည် သက်ရှိလောကကို အစဉ်အကျိုးပြု လျက်ရှိသည်။ သစ်တောများဖြင့် စိမ်းလန်းစိုပြည် နေသည့်နေရာသည် လေကောင်းလေသန့်ရရှိခြင်း၊ မိုးလေဝသ မှန်ကန်ခြင်း၊ ရေဝေရေလဲစနစ်ထိန်းသိမ်းနိုင် ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖြစ်ထွန်းအောင် ထိန်းသိမ်းနိုင်ခြင်း၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ခြင်း၊ ကာဗွန်ထုတ် လွှတ်မှုလျှော့ချနိုင်ခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာခြင်း စသည့် အကျိုးကျေးဇူးများအပြင် အောက်ဖော်ပြပါ အကျိုးကျေးဇူး များစွာကိုလည်း ရရှိစေနိုင်ပါသည်-

 

(၁) ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ခြင်း

 

ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလေထုထဲတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့များ ရောနှောပါဝင်လျက်ရှိသည်။ သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူပြီး လေထုထဲသို့ အောင်ဆီဂျင်ဓာတ်ငွေ့များ ထုတ်လွှတ်ပေးသည်။ နှစ်စဉ်အရွယ်ရောက်ပြီး သစ်ပင် စိုက်ခင်းတစ်ဧက သည် မိုင် ၂၆၀၀၀ ခန့် မောင်းထားသည့် ကားများမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို စုပ်ယူနိုင်သည်။ ထို့ကြောင့် သစ်ပင်များသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ပါသည်။

 

(၂) လေကိုသန့်စင်ပေးနိုင်ခြင်း

 

သစ်ပင်များသည် နိုက်ထရိုဂျင်အောက်ဆိုက်၊ အမိုးနီးယား၊ ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့် အိုဇုန်းအပါအဝင် ညစ်ညမ်းသောအခိုးအငွေ့များကို စုပ်ယူနိုင်သည့်အပြင် လေထုအတွင်းရှိ အမှုန်အမွှားများကိုလည်း သစ်ရွက်များ နှင့်သစ်ခေါက်များမှစုပ်ယူထားပြီး လေကိုသန့်စင်ပေးနိုင် သည်။ သာဓကအနေဖြင့် တစ်နှစ်သားအရွယ်သစ်တော တစ်ဧကသည် လူ ၁၈ ဦးစာ အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်လွှတ်ပေးနိုင်သည်။

 

(၃) မြို့၊ရွာများ အေးမြစေခြင်း

 

သစ်တောပြုန်းတီးမှုများပြားလာသော မြို့၊ ရွာများ တွင် လမ်းများနှင့် အဆောက်အအုံများသည် အပူပိုမိုစုပ်ယူ လေ့ရှိသည်။ သစ်တောသစ်ပင် ထူထပ်သောမြို့၊ ရွာများ တွင် အရိပ်အာဝါသကောင်းမွန်သဖြင့် လမ်းများနှင့် အဆောက်အအုံများကို အေးမြစေသည်။ အမှန်တော့ သစ်ရွက်များမှတစ်ဆင့် လေထုထဲသို့ ရေငွေ့များထုတ်ပေး သောကြောင့် သဘာဝပတ်ဝန်းကျင်ကို အေးမြစေပါသည်။

 

(၄) စွမ်းအင်ထိန်းသိမ်းထားနိုင်ခြင်း

 

သစ်ပင်များသည်မိသားစုတစ်စုပင်လျှင် နွေရာသီ၌ အပူချိန် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။ မိသားစု များတွင် စွမ်းအင်လိုအပ်ချက် လျှော့ချနိုင်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့လျှော့ချနိုင်သည့်အပြင် စွမ်းအင်စက်ရုံများမှ လေထုညစ်ညမ်းမှုကိုလည်း လျှော့ချ နိုင်သဖြင့် သစ်ပင်စွမ်းအင်ကုန်ကျမှုကို ထိန်းသိမ်းထားနိုင်သည်။

 

(၅) ရေအရင်းအမြစ်ချွေတာနိုင်ခြင်း

 

သစ်ပင်အရိပ်များသည် မြက်ခင်းပြင်များမှ ရေငွေ့ပြန်မှုကိုများစွာထိန်းချုပ်ပေးနိုင်သည်။ အမှန် တော့ သစ်ပင်များသည် သဘာဝပတ်ဝန်းကျင်စွတ်စိုအောင် ထိန်းသိမ်းပေးနိုင်သဖြင့် ရေအရင်းအမြစ်ကို များစွာ ချွေတာနိုင်သည်။

 

(၆) ရေထုညစ်ညမ်းမှုကိုကာကွယ်ခြင်း

 

သစ်ပင်များသည် ရွာသွန်းလာသောမိုးရေကို ကြားခံပေးခြင်းအားဖြင့် ရေထုညစ်ညမ်းမှုကို ကာကွယ် ပေးနိုင်သည်။ မိုးသက်မုန်တိုင်းတိုက်ခတ်မှုများကြောင့် ရွာသွန်းသောမိုးရေသည် သမုဒ္ဒရာအတွင်းသို့ ညစ်ညမ်း သောရေများအဖြစ် စီးဝင်စေနိုင်သော်လည်း သစ်ပင် အမြစ်များနှင့် အကိုင်းအခက်များသည် ညစ်ညမ်းရေများ ကို စစ်ပေးပြီးနောက် ရေအောက်ရေအဖြစ် သိုလှောင်ထားနိုင်သည်။

 

(၇) မြေဆီလွှာတိုက်စားမှုကို ကာကွယ်ခြင်း

 

တောင်ပေါ်ဒေသများတွင် မိုးသည်းထန်သည့် အချိန်၌ ရေတိုက်စားမှုများဖြစ်ပေါ်လေ့ရှိသည်။ သို့သော် သစ်ပင်များသည် ရေစီးဆင်းမှုနှေးကွေးစေပြီး မြေဆီလွှာကို ထိန်းချုပ်ထားနိုင်သည်။

 

(၈) ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးခြင်း

 

လက်ရှိအချိန်တွင်အရေပြား ကင်ဆာသည်အဖြစ် များဆုံး ရောဂါဖြစ်သည်။ သစ်ပင်များသည် ခရမ်းလွန် ရောင်ခြည်ကျရောက်မှုကို ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည်။ အထူးသဖြင့် ကျောင်းအားကစားကွင်းများတွင် ဆော့ကစားနေသည့်ကလေးများအပေါ် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်။

 

(၉) စားနပ်ရိက္ခာထောက်ပံ့ပေးခြင်း

 

ရာသီအလိုက်စားပင်များ၊နှစ်ရှည်စားသုံးပင်များသည် လူသားတို့အား အရိပ်အာဝါသအပြင် စားနပ်ရိက္ခာကိုပါ ထောက်ပံ့ပေးနိုင်သည်။ အမှန်တော့သစ်ပင်များသည် လူသားတို့အပြင် တိရစ္ဆာန်များကိုပါ စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်သည်။

 

(၁၀) အနာရောဂါသက်သာစေခြင်း

 

မကျန်းမာသူများသည် ပြတင်းပေါက်မှနေ၍ စိမ်းလန်းစိုပြည်သောသစ်ပင်များကို ကြည့်ခြင်းအားဖြင့် ရောဂါသက်သာပျောက်ကင်းမှု မြန်ဆန်စေသည်။ သန့်ရှင်း လတ်ဆတ်သောလေကိုရှူရှိုက်ပြီး ပတ်ဝန်းကျင်နှင့် ထိတွေ့မှုရှိသောကလေးများသည် ပိုမိုကြံ့ခိုင်ကြသည်။ အမှန်တော့ သစ်ပင်များ၊ ပြင်ပလောကနှင့် ထိတွေ့မှုရှိသူ များသည် စိတ်ပင်ပန်းနွမ်းနယ်မှုကို လျှော့ချစေနိုင်သည်။

 

(၁၁) စီးပွားရေးအခွင့်အလမ်းများဖန်းတီးပေးခြင်း

 

အစိမ်းရောင်စီမံခန့်ခွဲသည့် စီးပွားရေးလုပ်ငန်းများသည် မြို့ရွာများတွင် မြေဆီလွှာထိန်းသိမ်းနိုင်မှုနှင့် ရေအရင်းအမြစ်တို့ကို သိုလှောင်ထားသဖြင့် ငွေယိုပေါက် ကို တားဆီးနိုင်သည်။ အစိမ်းရောင်စီးပွားရေးလုပ်ငန်း များတွင် စိတ်ပါဝင်စားသည့်လူငယ်များအား အသက်မွေး ဝမ်းကျောင်းပညာများ သင်တန်းပေးခြင်း၊ သစ်ပင်များမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းကို ရရှိစေသည်။

 

(၁၂) စည်းလုံးညီညွတ်မှုရရှိစေခြင်း

 

စုပေါင်း သစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်ခြင်းသည် မတူညီသော အသိုက်အဝန်းများအား ပူးပေါင်းပါဝင် မှုအခွင့်အလမ်း ရရှိစေသည်။ ဘာသာပေါင်းစုံ၊ ယဉ်ကျေး မှုပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ ကျား၊ မ ပေါင်းစုံသည် သစ်ပင်စိုက်ပျိုးမှုနှင့် ပြုစုစောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

 

တတ်အားသရွေ့ သစ်ပင်စိုက်ပျိုးကြပါစို့

 

ထို့အပြင် သစ်ပင်များသည် နွေ၊ မိုး၊ ဆောင်း ရာသီဥတုပြောင်းလဲမှုကိုသိရှိနိုင်ခြင်း၊ အိမ်ရာတည်ဆောက် ရေးနှင့် ပရိဘောဂပစ္စည်းများအတွက် သစ်များရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ကမ္ဘာ ကြီးပူနွေးလာမှုကိုလျှော့ချနိုင်ခြင်း ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များကိုလျှော့ချနိုင်ခြင်း၊ ဂေဟစနစ်နှင့်သဘာဝ ပတ်ဝန်း ကျင်ကို ထိန်းသိမ်းထားနိုင်ခြင်း စသည့် ကောင်းကျိုးများ စွာကို ရရှိစေပါသည်။

 

ထို့ကြောင့် နှစ်စဉ်လူတိုင်းသစ်ပင်တစ်ပင်စီ ရှင်သန်ဖြစ်ထွန်းအောင်သာ စိုက်ပျိုးသွားမည်ဆိုလျှင် သက်ရှိလောကသည် သိသာထင်ရှားစွာ တိုးတက်လာ မည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးမှုဖြစ်ထွန်းအောင်မြင်လျှင် ရေဝေရေလဲထိန်းသိမ်းထားနိုင်ခြင်း၊ လေထုသန့်ရှင်း လတ်ဆတ်လာခြင်း၊ အရိပ်အာဝါသများပြန်လည် ကောင်းမွန်လာခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင် ခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုပါလျှော့ချနိုင် ခြင်းတို့အပြင် သက်ရှိအားလုံးရှင်သန်နေထိုင်နိုင်ရေး အတွက် ဂေဟစနစ်ကိုပါ ထိန်းသိမ်းပေးနိုင်မည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် များစွာ အထောက်အကူပြုစေမည့်အပြင် အနာဂတ်မျိုးဆက်များအတွက်လည်း များစွာသော အကျိုးတရားများကို ရရှိစေပါသည်။

 

စင်စစ်အားဖြင့်သစ်ပင်၊ သစ်တောများသည် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရာတွင် အခြေခံအကျဆုံးသော အရင်းအမြစ် များပင်ဖြစ်ပါသည်။ သစ်တောများနှင့် လွှမ်းခြုံထားသည့် ဒေသများတွင် ရေအရင်းအမြစ်များကို ထိန်းသိမ်းထား နိုင်သည်။ ထို့အပြင် ရာသီဥတုမှန်ကန်လာသောကြောင့် မိုးရေချိန်ပြည့်မီစွာရရှိပြီး သောက်သုံးရေအပြင် စိုက်ပျိုး ရေကိုပါ ဖူလုံစွာရရှိလာစေမည်ဖြစ်သည်။

 

ထို့ကြောင့် ပြုန်းတီးသွားသောသစ်ပင်၊ သစ်တောများနေရာတွင် အစားထိုးသစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စီမံချက် ဖြင့် စနစ်တကျစိုက်ပျိုးသွားသင့်ပါသည်။ အထူးသဖြင့် ယခုလို မိုးရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါသည်။ မည်သို့ပင်ဆိုစေ ဤကမ္ဘာမြေကြီး ကျန်းမာသက်ရှည်ဖို့ဆိုလျှင် နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ များတွင် တတ်အားသရွေ့ပါဝင်ဆောင်ရွက်သွားကြပါစို့ ဟု အကြံပြုတိုက်တွန်းရေးသားလိုက်ရပါသည်။ ။