ကာဗာနီကို ခေါ်ယူရန် ချယ်လ်ဆီးက မန်ယူ၊ စပါးတို့နဲ့အပြိုင် ကြိုးပမ်း

၂၄  ဇန်နဝါရီ

ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပရီမီယာလိဂ်အသင်းတွေဖြစ်တဲ့ မန်ယူ၊ စပါးအသင်းတို့နဲ့ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူးကာဗာနီကို အခုနှစ် ဘောလုံးရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

တိုက်စစ်မှူးကာဗာနီရဲ့ လက်ရှိပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဇွန်လအတွင်းမှာ ကုန်ဆုံးမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းက ကာဗာနီကို ခေါ်ယူရရှိရေးအတွက် အလွတ်ပြောင်းရွှေ့ကြေးပေါင် ငါးသန်းအနည်းဆုံးပေးပြီး ခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ တိုက်စစ်မှူးကာဗာနီကို ရောင်းချဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၃ သန်းရရှိမှသာ ရောင်းချမယ်လို့လည်း ဆိုပါတယ်။ တိုက်စစ်မှူး ကာဗာနီဟာ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးကာဗာနီကို ခြောက်လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ပြင်ဆင်နေပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ကာလတိုအငှားစာချုပ်နဲ့ ခေါ်ယူမယ့် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုထားတာဖြစ်ပါတယ်။

တိုက်စစ်မှူးကာဗာနီကို ဟယ်ရီကိန်းဒဏ်ရာရရှိနေခြင်းကြောင့် စပါးအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး မန်ယူအသင်းကလည်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဒဏ်ရာရရှိနေတာကြောင့် အစားထိုးကစားသမားအဖြစ် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်စစ်မှူးကာဗာနီကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်း၊ အက်သလက်တီကိုမက်ဒရစ်အသင်း၊ စပါးအသင်းအပြင် မန်ယူအသင်းတို့ကလည်း ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ငွေကြယ်