ကာမိုင်းမြို့၌ တံတားချဉ်းကပ်ကားလမ်း ပျက်ကျခဲ့သည့်နေရာအား ယာယီသံဘောင်ဘေလီတံတား ဆောက်လုပ်ပြီးစီး၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိ

မိုးညှင်း   အောက်တိုဘာ   ၂၄

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေ(၉၀၀) တံတား ချည်းကပ်လမ်းအောက်ခြေအား ရေများတိုက်စားသွားသဖြင့် ပျက်ကျခဲ့သည့်နေရာအား ယာယီသံဘောင်ဘေလီတံတား ဆောက်လုပ်ပြီးစီး၍ ယနေ့ နံနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

 

အဆိုပါတံတားသည် ကာမိုင်း-လဝါးသွား ကားလမ်းမပေါ်တွင်ရှိပြီး အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ရေတိုက်စားသဖြင့် တံတားချဉ်းကပ်ကားလမ်း အနံပေ (၂၀)‌ အလျား(၁၀)ပေခန့် ပျက်ကျ သွားခဲ့ရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများ က ကြိုးတားပိတ်ဆို့ထားရှိပြီး ခရီးသွားပြည်သူများအနေဖြင့် မိုးကောင်း-ပါဟုတ်-ကာမိုင်း လမ်းအတိုင်း သွားလာစေခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပျက်ကျနေသော တံတားချဉ်းကပ်ကားလမ်းအပိုင်းအား အမြန်ပြုပြင်ဆောင်ရွက်နိုင်ရန် ဖားကန့်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုးကောင်းမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကာမိုင်းမြို့မှ တာဝန်ရှိသူများပူးပေါင်း၍ အနီးကပ်ကြီးကြပ်ပြီး ယာယီသံဘောင်ဘေလီတံတာ ပေ(၃၀)ခန့် အမြန်ဆောင်ရွက်သွားနိုင်ရန် လိုအပ်သောကျောက်တုံးကျောက်ခဲများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူစုဆောင်းပြီး တံတားသံဘောင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ချဉ်းကပ် ကားလမ်းဘက်မှ အလျား(၁၀)ပေခန့် ထပ်မံပြတ်ကျခဲ့သဖြင့် မူလလျာထားခဲ့မှုအပေါ် ပေ(၄၀)ဘေလီတံတာ ထပ်မံတည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် အောက်တိုဘာ ၂၃ ရက်နေ့တွင် ယာယီသံဘောင်ဘေလီတံတားအား တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ တံတားပိုင်ရိုက်ရန် လိုအပ်သောသစ်များနှင့် ကျောက်တုံးကျောက်ခဲများကို ချဉ်းကပ် ကားလမ်းပြတ်ကျသွားသောနေရာတွင် တံတားပိုင်ရိုက်ခြင်း၊ ကျောက်တုံးကျောက်ခဲများ ဖြည့်သွင်းခြင်း လုပ်ငန်းများ ဆောက်လုပ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)