ကောလာဟလများထွက်ပေါ် ပြီးနောက် မလေးရှားဘုရင် ထီးနန်းစွန့်လွှတ်

ကွာလာလမ်ပူ ၇  ဇန်နဝါရီ

 

မလေးရှားဘုရင် မိုဟာမက် (၅)သည် ထီးနန်းကို စွန့်ပယ်လိုက်ပြီဖြစ်ကြောင်း တော်ဝင်မိသားစု တာဝန်ရှိသူများက ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။

 

မလေးရှားဘုရင်သည် ရုရှားအလှမယ်တစ်ဦးနှင့် လက်ထပ်လိုက်ပြီဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီးနောက် မလေးရှားဘုရင်က ထီးနန်းစွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ဘုရင် မိုဟာမက်(၅)သည် ၁၉၅၇ ခုနှစ် ဗြိတိန်တို့ လက်အောက်မှ မလေးရှားနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပထမဆုံးသော မလေးရှားနိုင်ငံ၏ နန်းစွန့်ဘုရင် ဖြစ်သည်။

 

မလေးရှားနိုင်ငံ၏ ၁၅ ယောက်မြောက်ဘုရင် မိုဟာမက်သည် ဇန်နဝါရီ ၆ ရက်တွင် ထီးနန်းစွန့်လွှတ် လိုက်ပြီဖြစ်သည်ဟု တော်ဝင်နန်းတော်က အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ အသက် ၄၉ နှစ်အရွယ် ဘုရင်မိုဟာမက်သည် ထီးနန်းစွန့်လွှတ်လိုက်ခြင်းအပေါ် မည်သည့်အကြောင်းပြချက်ကိုမျှ ပေးခဲ့ခြင်းမရှိပေ။

 

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် နန်းတက်ခဲ့သည့် ဘုရင် မိုဟာမက်သည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ကျန်းမာရေး မကောင်းသဖြင့် ခွင့်ရက်ရှည်ယူခဲ့သည်။ ထိုအချိန်မှစပြီး နိုင်ငံအတွင်း ဘုရင်မိုဟာမက်နှင့် ပတ်သက်ပြီး ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

ဘုရင် မိုဟာမက်သည် ရုရှားအလှမယ်တစ်ဦးနှင့် လက်ထပ်ထိမ်းမြားလိုက်ပြီ ဖြစ်သည်ဟု အင်တာနက်စာ မျက်နှာပေါ်တွင် ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး တော်ဝင်မိသားစုက မည်သည့်သဘောထားမှတ်ချက်ကိုမျှ ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

 

အေအက်ဖ်ပီ