ကောလင်းမြို့နယ်အတွင်းမှ ဗြုန်းမြေစာအိတ်များ တရားမဝင် တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးအား ဖမ်းမိ

ကောလင်း ၂၀ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ကန်ပေါက်ကြီး ကျေးရွာအနီး ကျောက်ဖျာကော တောင်ပေါ်မှ ရွှေပါဝင်သော ဗြုန်းမြေစာအိတ်များ တင်ဆောင်ထားသည့် ယာဉ် တစ်စီးအား ဖမ်းမိခဲ့ကြောင်းသိရသည်။

 

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ကောလင်းမြို့၊ သတ္ထုတွင်း ဝန်ကြီးဌာနမှလ/ထ၂ ဦးကျော်ဇင်လတ် ဦးစီးသောအဖွဲ့သည်ဒုရဲအုပ် အောင်မြင့်မြတ်အဖွဲ့နှင့်ပူးပေါင်း၍  ကောလင်း မြို့နယ်၊ ကန်ပေါက်ကြီး ကျေးရွာအနီး ကျောက်ဖျာကောတောင်ပေါ်တွင် တရားမဝင် ရွှေသတ္ထု တူးဖော်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးရာ ကောလင်းမြို့နယ်၊ ရွှေတွင်း ကျေးရွာနေ ဝင်းဇော်ဦးဆိုသူ မောင်းနှင်လာသော 6F/---- ယာဉ်ပေါ်တွင် တရားမဝင် ရွှေသတ္ထု ပါဝင်သော ဗြုန်းမြေစာအိတ်အလုံး (၂၀) စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရွှေသတ္ထုပါ ဗြုန်းမြေစာအိတ်များ တရားမဝင်  သယ်ဆောင်သူ ဝင်းဇော်ဦးအား ကောလင်းမြို့မရဲစခန်းမှ ရွှေသတ္ထု ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက် ထားကြောင်း သိရပါသည်။

 

လူအောင်(ကသာ)