ကျေးလက်ဒေသ တောရွာများတွင် ခြံအိမ်လှည်းကို မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ယနေ့တိုင်တွေ့မြင်နေရ

ဇေယျာထက်(မင်းဘူး)

 

မြန်မာတို့၏ ရိုးရာအမွေအနှစ်တစ်ခုဖြစ်သော လှည်းသည် ရှေးခေတ်မြန်မာဘုရင်များ လက်ထက်မှစ၍ အသုံးပြုခဲ့ကြပြီး ဘီးနှစ်ဘီးတပ်၍ နွား၊ မြင်းစသော တိရစ္ဆာန်များက ဆွဲရသော သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်ကာ ကျေးလက်ဒေသ တောရွာများတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အနေဖြင့် ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

 

ရှေးမြန်မာတို့ အသုံးပြုခဲ့သောလှည်းများ

 

မြန်မာလူမျိုးတို့ ဘိုးစဉ်ဘောင်ဆက် အသုံးပြုခဲ့ကြသော လှည်းများမှာ လှည်းယဉ်၊ ခြံအိမ်လှည်း၊ ပေါင်းမိုးလှည်း၊ လှည်းမြီးတို၊ ရေစည်လှည်း၊ ဘုံချိုလှည်းနှင့် မယားကန် လှည်းတို့ဖြစ်ကြပြီး ၎င်းလှည်း ခုနှစ်မျိုးထဲမှ ခြံအိမ်လှည်းသည် ကျေးလက်ဒေသ တောရွာသုံး လှည်းတစ်မျိုး ဖြစ်သည်။ ခြံအိမ်လှည်း ဆိုသည်မှာ လှည်းကြမ်းဖြစ်ပြီး စပါး၊ နှမ်း၊ ပြောင်း၊ ထင်း၊ ကောက်ရိုး၊ ကောက်လှိုင်းစသော ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုရသော လှည်းတစ်မျိုးဖြစ်သည်။ ခြံအိမ်လှည်းကို ကျေးလက်ဒေသတောရွာများတွင် လယ်ယာလုပ်ငန်းများ၊ ရောင်းဝယ်ရေး လုပ်ငန်းများ၊ ဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူ၊ မင်္ဂလာ၊ ပွဲလမ်းသဘင်များ အတွက် တောဓလေ့သုံး မရှိမဖြစ် ယာဉ်တစ်မျိုးအဖြစ် အသုံးပြုလျက်ရှိကြသေးသည်။

 

အလှူမင်္ဂလာသုံးလှည်း

 

ကျေးလက်တောရွာများတွင် ထိမ်းမြားလက်ထပ်သည့် မင်္ဂလာပွဲများတွင် နွားတစ်ရှဉ်း၊ လှည်းတစ်စီး၊ လယ်တစ်ဧက စသည်ဖြင့် သားသမီးများကို လက်ဖွဲ့ ပေးကြသောကြောင့် တောဓလေ့သုံး လှည်းများကို မည်မျှတန်ဖိုးထားသည်ကို သိသာနိုင်သည်။ ထို့အပြင် သတို့သားဘက်မှ သတိုးသမီးဘက်သို့ သွားရောက် တောင်းရမ်းသည့်အခါတွင်လည်း ရပ်ဆွေရပ်မျိုး မိတ်သင်္ဂဟအပေါင်းအား ဖိတ်ကြား၍ ခြံအိမ်လှည်းဖြင့် သွားရောက်တောင်းရမ်းကြရသည်။ ရှေးအခါက အလှူပွဲများတွင် ရှင်လောင်း လှည့်သည့်အခါ လှည်းယဉ်ကြော့(သို့) ခြံအိမ် လှည်းများနဲ့သာ လှည့်ကြသည်။

 

လှည်းတစ်စီး၏အစိတ်အပိုင်းများ

 

လှည်းတစ်စီးတွင် ပါဝင်သော အစိတ်အပိုင်းများမှာ လှည်းပန်းတောင်း၊ တကူ၊ နန်ရင်းခွေ၊ နန်းဖျားခွေ၊ သံဖိနပ်၊ ဆိတ်မျက်လုံး၊ လှည်းနားစောင့်၊ ဝင်ရိုး၊ ဆင့်တုံး၊ ဝက်စွယ်၊ ဝင်ရိုးဖုံး၊ ခြံအိမ်၊ ရံတိုင်၊ ရံတန်း၊ လက်တင်တန်း၊ ထုပ်၊ ယက်ဖောက်ထုပ်၊ လှည်းသန်၊ လှည်းသန်ထုပ်၊ ကတ်ကျည်းဆံ၊ ခြံအိမ်ကပ်၊ ကပ်ဖုံးငြိမ်၊ ဝန်ကော်၊ ဆောင်ပန်း၊ ဆောင်ပန်းကပ်၊ စွယ်ရန်း၊ စွယ်ရန်းတိုင်၊ ဓားမချပ်၊ ထမ်းပိုးတုံး၊ ထမ်းပိုးကျည်၊ ကုပ်နှိပ်ကြိုး၊ ထမ်းပိုးကြိုး၊ ဦးပွတ်ကြိုး၊ ဦးပွတ်ကျည်၊ ဦးကင်း၊ လှည်းထောက်ခွ၊ ပြန်ကထောက်၊ နောက် ထောက်နှင့် ပေါင်းမိုးတို့ဖြစ်သည်။ ။

 

ကျွဲဆွဲရာ၌သက်သာမှလှည်းကောင်း

 

လှည်းပြုလုပ်ရောင်းချကြသည့် လှည်းဆရာများသည် နည်းစနစ်ကျကျ ပြုလုပ်တတ်ဖို့ လိုသေးသည်။ လှည်းသန်၊ ထမ်းပိုးတုံး၊ ဝင်ရိုးတို့၏ အတိုင်းအတာ အတိုအရှည် ပမာဏက အထူးဂရုစိုက်ကြရသည်။ လှည်းပြုလုပ်ရာ၌ နည်းစနစ်ကျန မှန်ကန်ပါမှ လှည်းကောင်းတစ်စီး ဖြစ်လာနိုင်သည်။ လှည်းကောင်းဟု ဆိုရာတွင် ကြည့်ရှု၍ လှပရုံကြောရှည်ခိုင်ခံ့ခဲ့ရုံမျှ နှင့် လှည်းကောင်းဟု မခေါ်နိုင်သေးပေ။ အမှန်ကောင်းသော လှည်းသည်နွားများ၊ ကျွဲများဆွဲရာ၌ လွယ်ကူသက်သာစေရမည်။ သူ့အချိုးအစားနှင့် သူချိန်သားကိုက် စီမံထားသောလှည်းသည် ကုန်ချိန်မည်မျှပင် လေးသည်ဖြစ်စေ အလေးမျှ၍ ပြေပြစ်စွာ လိမ့်ပါသွားခြင်းကြောင့် ရုန်းဆွဲရသော ကျွဲနွားများကို သက်သာမှုပေးနိုင်သည်။

 

ကျေးလက်ဒေသ ရိုးရာဓလေ့သုံး ခြံအိမ်လှည်းကို ယနေ့တိုင် အသုံးပြုလျက်ရှိပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်အဖြစ် အနာဂတ်တွင်လည်း ထိန်းသိမ်းစောင့်ရှောက်ရင်း ဆက်လက်အသုံးပြုသွားစေချင်ပါသည်။