ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးကုသပေး

ညောင်ဦး   ၂၁    နိုဝင်ဘာ       

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါ်အေးအေးမူ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ကျေးလက်နေပြည်သူများ ရောဂါဘယ ကင်းဝေးစေရန်နှင့် တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့နယ် ဇီးအိုကျေးရွာရှိ ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမဲ့ ဆေးဝါးကုသပေးရာသို့ ညောင်ဦးမြို့နယ် ဇီးအိုကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရပြီး (၂၅)ခုတင်ဆံ့ ဒုတိယတိုင်းရင်းဆေးရုံးအုပ်ကြီး ဒေါ်အေးအေးမူက တိုင်းရင်းဆေးပညာဦးစီး ဌာနအနေဖြင့် ပြည်သူများ သက်တမ်းစေ့ နေထိုင်သွားနိုင်ရန်နှင့် ရောဂါဘယ ကင်းဝေးစေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် မြို့နယ်အတွင်း ယခုကဲ့သို့ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ ဆေးဝါးများကုသ ဆောင်ရွက်ပေးနေပါကြောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများနှင့် ဆီးချို၊ သွေးချို၊ လေငန်း၊ လေဖြတ်၊ လေးဘက်နာ၊ ကျီးပေါင်းရောဂါနှင့် အဆစ်အမြစ် နာကျင်ကိုက်ခဲဝေဒနာများ ဖြစ်ပွားရသည့်အကြောင်းအရင်းများကို လည်းကောင်း ပညားပေးဆွေးနွေး ဟောပြောခဲ့သည်။

 

၎င်းနောက် ဒုတိယတိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်အေးအေးမူနှင့် ဝန်ထမ်းများအဖွဲ့က ဇီးအိုကျေးရွာရှိ သက်ကြီးရွယ်အိုများ အပါအဝင် နာမကျန်းလူနာ ၈၀ ဦးကျော်အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)