ချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာပင်လယ်ကမ်းခြေကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာသည့်အတွက် အပန်းဖြေစရာနေရာတစ်ခုအဖြစ် စိတ်ဝင်စားသူများလာ

ချောင်းဆုံ၁၂ ဇန်နဝါရီ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ပြီး ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်သည့် ဇီးကုန်းကျေးရွာသည် ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် အပန်းဖြေနေရာတစ်ခုအဖြစ် လူများစိတ်ဝင်စားပြီး လာရောက် လည်ပတ်သူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းဆုံကနေလာရင်တော့ ဆိုင်ကယ်နဲ့ဆို အနည်းဆုံး နာရီဝက်လောက်တော့ မောင်းရတယ်။ အရင်က သွားရေးလာရေးခက်ခဲတဲ့အခြေအနေတွေမှာဆို ဆိုင်ကယ်နဲ့ သွားဖို့တောင် ခက်ခဲတာတွေ ရှိခဲ့တာပေါ့။ မိုးတွင်းဘက်တွေမှာဆို လှေနဲ့လာရောက်ရတာတွေ ကုန်တွေကို ပို့ဆောင်ရတာတွေ အခက်အခဲရှိခဲ့တယ်။ အရင်နှစ်တွေက စပြီးတော့ ကျေးလက်လမ်းဦးစီးက လမ်းတံတား ဆောက် လုပ်ခဲ့တော့ ရွာအတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလာတယ်” ဟု ဇီးကုန်းကျေးရွာနေသူ တစ်ဦးက ပြောပြသည်။

ဇီးကုန်းကျေးရွာတွင် ယခင်ကတည်းက ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များထွက်ရှိကာ အမြို့မြို့အနယ်နယ်သို့ ရောင်းချလျက်ရှိပြီး ယခုအချိန်ထိ အဆိုပါ လုပ်ငန်းဖြင့်သာ အသက်မွေးကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ကမ်းခြေကတော့ရှိနေတာကြာပါပြီ။ ယခုနှစ်တွေမှာ ကမ်းခြေတစ်ခုအနေနဲ့ စိတ်ဝင်စားလာ ကြတယ်။  လာရောက်လည်ပတ်ကြတဲ့ လူတွေကနေတစ်ဆင့် တဖြည်းဖြည်း လူသိများ လာတယ် ဆိုရမှာပေါ့။ လမ်းကောင်းလာတဲ့အတွက်ကြောင့်လည်း ဒေသကထွက်တဲ့ ကုန်ပစ္စည်းတွေကို မြို့ပေါ်တက် ရောင်းတာတွေရှိတော့ ဝင်ငွေပိုရတာတယ်။ ကမ်းနားကို လူတွေက လာရောက်တဲ့ သူတွေရှိလာတော့ ဒေသခံတွေအနေနဲ့ ဈေးတွေ ရောင်းလာတာလည်းရှိလာတော့ အပိုငွေတွေရ တယ်ဆိုတာလည်း သိလာတယ်။ အရင်ကနဲ့မတူပဲ စည်စည်ကားကားလေးဖြစ်လာတယ်” ဟု ဇီးကုန်ကျေးရွာတွင် နေထိုင်သည့် ဒေါ်တင်တင်ခိုင် က ပြောပြသည်။

မုရစ်ကြီး-ကမာဟလာ−ဇီးကုန်းလမ်း(၄ မိုင် ၄ ဖာလုံ)ကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဏာရေးနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနမှ တင်ဒါအောင်မြင်ခဲ့သည့်      မဟာယန္တရား (MAHAR EXCAVATOR GROUP) ကုမ္ပဏီလီမိတက်မှ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် (၃၇၀ ဒသမ ၅၄ ) သန်းဖြင့် တာဝန်ယူဖောက်လုပ်ခဲ့ပြီး  လမ်းအကျယ် (၂၄)ပေ ချဲ့ထွင်ရန် ကျန်သည့် မုရစ်ကြီး−ကမာဟလာ လမ်းပိုင်းကို ယခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထူးအိမ်(ချောင်းဆုံ)