ချောင်းသာနားက ရွှေသောင်ယံကမ်းခြေ

Thiha, the Traveller @ သီဟလုလင်

 

ချောင်းသာက ပင်လယ်စာတွေ ချက်ပေးတာစားကောင်းလွန်းတယ်…။ ဒါပေမယ့် လူများတော့ လူခပ်ရှုပ်ရှုပ်နဲ့ မနေချင်ဘူးဆိုတဲ့ ပင်လယ်ချစ်သူတွေအတွက် ချောင်းသာကနေ ရှစ်မိုင်လောက်အကွာမှာရှိတဲ့ ရွှေသောင်ယံကမ်းခြေဟာလည်း နောက်ဆို ထည့်စဉ်းစား စရာတစ်ခုဖြစ်လာပါပြီ။


ကျွန်တော့်ရဲ့ ဒီတစ်ခါ ပင်လယ်ခရီးစဉ်ကိုတော့ ရွှေသောင်ယံကမ်းခြေဘက်မှာ တည်းခိုနေထိုင်ဖို့ စဉ်းစားဖြစ်ခဲ့တယ်။ ရွှေသောင်ယံမြို့ကို စိတ်ဝင်စားသလို၊ တချို့ နိုင်ငံခြားသားတွေ ဘာကြောင့် ဒီဘက်မှာ တည်းခိုနေထိုင်ချင်ကြတာလဲဆိုပြီး သိချင်မိလို့ပါ။ ဘာလို့လဲဆို ဟိုတယ်ဈေးနှုန်းတွေက ချောင်းသာနဲ့ အတူတူပဲရယ်။


ရွှေသောင်ယံကမ်းခြေကို ဘယ်လိုသွားမလဲ

ရန်ကုန် -ပုသိမ် -ချောင်းသာ လမ်းအတိုင်း ချောင်းသာကို အရင်သွားရမှာပါ။ တလောက လှိုင်သာယာအထွက်ကနေ ဆားမလောက်အထိ လမ်းပိုင်းအခြေအနေဆိုးရွားလို့ ကားတွေ ပိတ်မိနေတာကိုသိခဲ့ရတော့ အတော်လေးလန့်နေတာ၊ တကယ်တမ်း ကျွန်တော်သွားတဲ့ရက်မှာတော့ ကားလမ်းကပြုပြင်တာ တွေအတော်လုပ်ထားပြီးမို့ အဲဒီတုန်းက လောက် အခြေအနေ မဆိုးတော့တာ သတိထားမိတယ်။ ပိတ်ရက်လည်း မဟုတ်တော့ ကားလည်းပိတ်မှာ မပူရဘူး ဆိုပါတော့။ ဆားမလောက် ကျော်ရင်တော့ ပုသိမ်ထိက အရင်လိုလမ်းသာတဲ့ အနေအထားပါ။

 

6+


ချောင်းသာရောက်ရင် မြို့အဝင် ဆိုင်းဘုတ် အကျော်လေးမှာပဲ ရွှေဟင်္သာဟိုတယ်နားမှာ ကျောက်မောင်နှမဘက်သွားတဲ့ လမ်းခွဲကို စတွေ့ရပါမယ်။ အဲဒီမှာလည်း ရွှေသောင်ယံမြို့ကို ရှစ်မိုင်ဆိုတာရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်မြင်ရမှာပါ။ အဲဒီကနေ ဆက်ပြီးဝင်သွားရပါတယ်။ လမ်းက ကွန်ကရစ်လမ်းပိုင်းနဲ့ စတင်ပါတယ်။ လမ်းတစ်လျှောက်က ဟိုတယ်တွေ ရှိတဲ့နေရာတွေဆို လမ်းကောင်းပြီး လမ်းကျယ်တတ်တယ်။ ဒီအတိုင်းဆိုကွန်ကရစ် လမ်းပိုင်းတွေက ပျက်စီးနေပြီး တစ်ခါတစ်ရံ ဘေးကမြေ လမ်းပေါ် ဆင်းမောင်းရတယ်။ ကျောက် မောင်နှမကျော်ပြီးတာနဲ့ မြေလမ်းပိုင်းပိုများ သွားပြီးတော့ မိုးတွင်းတုန်းက အရှိန်နဲ့ရော၊ တည်ဆောက်ရေး လုပ်ငန်းခွင်ကားကြီးတွေ ဖြတ်သန်းတာကြောင့်ရော အတော်ဆိုးရွားတဲ့ မြေလမ်းတွေ ဖြတ်ရပါသေးတယ်။ ပြီးရင်တော့ နေပြည်တော် ရောက်သွားသလားထင်ရမယ့် ခြောက်လမ်းသွား ကွန်ကရစ်လမ်းမကြီးနဲ့ အတူအဝိုင်းပတ်တွေကို မြင်ကြရဦးမှာပါ။ အဲဒီနောက်တော့ ကျောက်ခဲလမ်းတွေနဲ့ မြေလမ်းတွေ တစ်လှည့်စီလောက် ဖြစ်လာပြီး ရွှေသောင်ယံမြို့ဆီကိုဖြတ်တဲ့ တံတားပြာလေကို ရောက်သွားပါလိမ့်မယ်။ ရွာထဲမှာတော့ စားသောက်ဆိုင်လေး တွေနဲ့ ကွန်ကရစ်လမ်းနဲ့ အတော်လေးစည်ပါ တယ်။ ခုတော့ ဧည့်သည်နည်းနေသေးတယ်။ ဟိုတယ်တွေလည်း နှစ်သက်ရာ ရွေးချယ်နိုင် ဖို့ ရှိနေပါပြီ။ ကျွန်တော်ကတော့ 4X4 Drive ကိုယ့်ကားနဲ့ ကိုယ်သွားတာဖြစ်လို့ အဆင် ပြေပေမယ့် ကားနည်းနည်း နိမ့်ရင်တော့ ခပ်ဖြည်းဖြည်း မောင်းသင့်ပါတယ်။ တောင်တက်တောင်ဆင်းလည်း နည်းနည်းမတ်ပါတယ်။ အဝေးပြေးကားနဲ့ လာရင်တော့ ဆိုင်ကယ်နဲ့ တုတ်တုတ်တွေကိုပဲ အားကိုးရမှာပါ။ ဈေးတော့ နည်းနည်းပေးရတာ သတိထားမိတယ်။ အဝေးပြေးကားခလောက် ပြန်ရှိနေနိုင်ပါတယ်။

 

66+


ဘာကြောင့် ရွှေသောင်ယံကမ်းခြေကို သွားနားသင့်သလဲ

အဓိကကတော့ အေးအေးလူလူနားအေး ပါးအေးနေချင်တဲ့ သူတွေနဲ့ အဆင်ပြေပါတယ်။ ရေလည်းသန့်တယ်။ ကြည်တယ်။ သဲသောင် ကတော့ အတော်နူးညံ့နေတဲ့အထဲမပါပေမယ့် အဆင်ပြေတယ်။ ဖြူဖွေးပြီးလည်း မနေဘူး။ ချောင်းသာသဲလောက်ပဲ။ သဘာဝရေနေသတ္တဝါ လေးတွေပိုပြီး တွေ့ရတတ်တယ်။ ခရုခွံက အစပေါ့လေ။ သဲ သောင်ကတော့ ကျဉ်းတယ် ပြောရမယ်။ နိုင်ငံခြားသားတွေ အတော်ကြိုက်ကြတယ်။ လူရှုပ်ရှုပ်များများ မနေချင်ဘဲ သီးသန့်လေးကိုယ့် မိသားစု၊ မိတ်ဆွေသူငယ်ချင်း တွေနဲ့ပဲ နေချင်သူတွေကတော့ သွားနားသင့်ပါတယ်။ ချောင်းသာကနေ ရွှေသောင်ယံတစ်လျှောက်လည်း မြင်ကွင်းလှလ ှတွေရှိပါတယ်။ ချောင်းသာကချက်တဲ့ ဟင်းလက်ရာတွေကို မှာစားရင် လည်းဆိုင်ကယ်ခ ၅၀၀၀ ကျပ် ပိုပေးရုံနဲ့ မှာစားလို့ရတယ်။


ရွှေသောင်ယံကမ်းခြေနား ဘာတွေလည်စရာရှိသလဲ

ပင်လယ်ကမ်းခြေဖြစ်တာမို့ အထူးအထွေတော့ လည်ပတ်စရာမရှိပါဘူး။ တံငါရွာလိုလည်းဖြစ်တဲ့ ရွှေသောင်ယံမြို့ (ရွာကြီးနဲ့ ပိုတူတယ်) က လူနေထိုင်မှု ဘဝပုံစံတွေကို လေ့လာနိုင်မယ်။ လမ်းမှာကျောက်မောင်နှမ ကမ်းခြေနဲ့ ဆင်စခန်းတွေကို လေ့လာနိုင်မယ်။ ဓာတ်ပုံရိုက်ဖို့လှတဲ့ Sea & Lake ဆိုတဲ့ စာလုံးကြီးတွေ အသည်းပုံတွေနဲ့ ဓာတ်ပုံရိုက်နိုင်မယ်။ ရွှေသောင်ယံ မြို့အဝင်က တံတားပြာကြီးကနေ နေဝင်နေထွက်အလှကို ပင်လယ်နဲ့ယှဉ်တွဲ ခံစားနိုင်ပြီး ဓာတ်ပုံရိုက်နိုင်မယ်။ ကမ်းခြေမှာ ကဏန်းနီလေးတွေကို ချစ်စဖွယ် တွေ့မြင်နိုင် သလို နံနက်စောစောခရုခွံလေးတွေကို မြင်တွေ့နိုင်ဦးမယ်။ ချောင်းသာနဲ့ မဝေး တဲ့ Gerizim Hotel Resort မှာ တည်းခဲ့မယ်ဆိုရင် Gerizim Water Park မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကဲလို့ရဦးမှာ။


ရွှေသောင်ယံမှာတည်းခို စားသောက်စရာ

ဒီဘက်မှာတော့ ချောင်းသာလောက်တော့ မစည်ကားဘူးပေါ့လေ။ ဒါပေမယ့် မြို့ထဲက ဖွင့်တဲ့ ဆိုင်လေးတွေရှိသလို၊ ဟိုတယ်တွေ က ဖွင့်တဲ့ဆိုင်လေးတွေလည်း ရှိတယ်။ မြို့ထဲက ဆိုင်တွေမှာ မထိုင်ချင်ရင် ရွှေသောင်ယံမြို့ ဆိုင်းဘုတ်နားက D&W ဆိုင်လေးမှာထိုင်ကြည့်။ သူကဟိုတယ်နဲ့ တွဲဖွင့်ထားတာဆိုပေမယ့် ဟိုတယ်က လမ်း တစ်ဖက်ခြမ်းမှာ၊ Bar က ပင်လယ်ဘက်မှာမို့ အေးအေးလူလူ ဆိုင်ထိုင်သောက်လိုက် စား လိုက်လုပ်နိုင်သေးတယ်။ ဈေးတော့ နည်းနည်းလေး ပိုပေးရတတ်တယ်။ တည်းခိုဖို့ဆိုရင် ဟိုတယ်ရွှေသောင်ယံရှိတယ်။ Lai Lai ဟိုတယ် ရှိတယ်။ တခြားဟိုတယ်လေးတွေလည်း သတိ ထားမိသေးတယ်။ ဈေးတန်းကတော့ ခုနစ် သောင်း၊ ရှစ်သောင်း၊ တစ်သိန်း နှစ်သောင်း စတဲ့ တန်းလေးတွေရှိတာမို့ ရွှေသောင်ယံ အနေနဲ့များတယ်လို့တော့ ယူဆမိတယ်။


ကျွန်တော့်ရဲ့ ဒီတစ်နှစ် ပွင့်လင်းရာသီ ပင်လယ်ခရီးစဉ်ကတော့ လူသိနည်းသေးတဲ့ ရွှေသောင်ယံကမ်းခြေကို စနည်းနာ ကြည့်မိ တာပါပဲ။ အမြင်လေးတွေ ပြောရရင် ဟိုတယ်ခ လေးတွေ နည်းနည်းချပေးနိုင်ရင် ပိုပြီး အဆင်ပြေပါတယ်။ အကြောင်းကတော့ ချောင်းသာလိုနေရာကြီး တစ်ခုလုံးကိုကျော်ပြီး လမ်းကြမ်းကြမ်းမှာ ခက်ခက်ခဲခဲ မိနစ် ၃၀ လောက် ကားဆက်မောင်း လာရသလို၊ ကားမပါသူတွေအတွက်လည်း သွားလာစရိတ်က ပိုထောင်းနေတဲ့အပြင် ပြန်မယ်ပြုမယ်သွားမယ် လာမယ် ဆိုရင်တော့ ချောင်းသာက တုတ်တုတ်ကို ပြန်စောင့်နေရတဲ့အဖြစ်မို့ ဟိုတယ်တွေဘက်ကလည်း ပိုလာချင်အောင် စီစဉ်ပေးစေချင်မိပါတယ်။ ပင်လယ်ကြီးကတော့ ပင်လယ်ကြီးပဲမို့ သိပ်ထူးခြားတာ မရှိပါဘူး။ မြင်ကွင်းတွေကတော့ ချောင်းသာနဲ့ မတူတဲ့ အသွင်အပြင်တစ်မျိုးကိုရသတစ်မျိုးနဲ့ ခံစားရမှာပါ။ ပင်လယ်ကမ်းခြေအသစ်ကို ခံစားချင်သူများနဲ့ မျက်စိရှုပ်နားရှုပ် မရှိတဲ့ ကမ်းခြေမှာချောင်းသာက ပင်လယ်ဟင်းလက်ရာတွေကို စားချင်သူတွေ အတွက်တော့ အတော်စိတ်ဝင် စားစရာကောင်းမယ့် ကမ်းခြေဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။