ချီဖွေမြို့နယ် ကျေးရွာများရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ ၊ တိုက်ကျွေး ခြင်းလုပ်ငန်းများ ဆောင်ရွက်

ချီဖွေ၊   ၃   ဒီဇင်ဘာ 

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များကို ဒီဇင်ဘာ  ၂ ရက် နံနက် ၉ နာရီက ရစ်လောခေါင်ရပ်ကွက် KBC နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာန လက်ထောက်ကျန်းမာ ရေးမှူး ဦးအောင်လင်းနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေး အရံသားဖွားဆရာမများက  ကလေးငယ်များအတွက်  အသက် (၂)လမှ (၆) လအရွယ် ကလေးများကို  ပြင်းထန် တီဘီ၊ ငါးမျိုးစပ်၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော စသည် ကာကွယ်ဆေးများ ထည့်သွင်း ထိုးနှံ၊ တိုက်ကျွေးပေးပြီး အသက် (၉)လနှင့် အသက် (၁၈) လအထိ ကလေးများကို ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်၊ ငါးမျိုးစပ်  နှင့်အတူ အသက်အရွယ်အလိုက်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးကြောင်း သိရသည်။

 

အဆိုပါ ချီဖွေမြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသည့် မိခင်နှင့် ကလေးငယ်များအား ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ လူစုလူဝေးမဖြစ်စေရန် အလှည့်ကျ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပြီး မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်နှင့် အဖွဲ့ဝင်များ လာရောက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇင်မာဝင်း(ပြန်/ဆက်)