ချင်းပြည်နယ် တီးတိန်ပိုးချည်စက်ရုံမှ အရည်အသွေးမြင့် ပိုးချည်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ရရှိလာမည်

၂၆ ဇူလိုင်

 

ပိုးစာပင်သည် စိတ်ဝင်စားဖွယ်ကောင်းသော သစ်ပင်တစ်မျိုးဖြစ်သည်။ ပိုးဖြင့်ပြုလုပ်သော အဝတ်အစားများကို လူတိုင်းဝတ်ဆင်ကြသည်။ ပိုးစာပင်သည် လူအကျိုးပြုသစ်ပင် တစ်ပင်ဆိုလျှင် မမှားနိုင်ပေ။ ရုက္ခဗေဒအလိုအားဖြင့် ပိုးစာပင်သည် ‘မိုရေးစီအီး မျိုးရင်းတွင် ပါဝင်သည်။ ထင်ရှားသည့် မျိုးစိတ်များမှာ ‘မိုးရပ်အဲလဗား (အဖြူ)၊ ‘မိုးရပ်နိဂရာ (အမည်း)နှင့် ‘မိုးရပ်ရူဗရာ (အနီ)ပိုးစာပင်များဖြစ်သည်။ ပိုးစာပင်တို့ကို သမပိုင်းရာသီဥတုများရှိသည့် ကမ္ဘာသစ်နှင့် ကမ္ဘာဟောင်းဒေသများတွင် တွေ့နိုင်သည်။ ထိုအပင်တို့ကို ပိုးချည်မျှင်ရရှိရေးအတွက်လည်းကောင်း၊ အသီးအတွက်လည်းကောင်း၊ အလှအပအတွက်လည်းကောင်း စိုက်ပျိုးကြသည်။ အဖြူ၊ အမည်းနှင့် အနီ ပိုးစာပင်များဟု ခွဲခြားခြင်းသည် အသီး၏ အရောင်များကိုလိုက်ကာ ခွဲခြားခြင်းဖြစ်သည်။

 

ပိုးစာပင်၏ ရွက်နုများကို စားကာ ပိုးချည်မျှင်များ ပြုလုပ်ပေးသည့် ပိုးမျှင်ကောင်များက ပိုးအိမ်များကို ပြုလုပ် ပေးကြသည်။ ထိုပိုးအိမ်မှ ပိုးချည်မျှင်များဖြင့် လူတို့၏ လှပသော အဝတ်အထည်များကို ချုပ်လုပ်ယူကြသည်။ ပိုးချည်များ ပြုလုပ်ပေးသည့် ပိုးမျှင်ကောင်တို့ စားသောက် သော ပိုးသာပင်မှာ ပိုးစာပင်အဖြူမျိုးဖြစ်သည်။ ထိုပိုးစာပင် မျိုးသည် တရုတ်နိုင်ငံ၌ ပင်ရင်းဒေသအဖြစ် ပေါက်ရောက် သည်။ ထိုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ပိုးချည်အတွက် ပိုးမျှင်ကောင်များကို မွေးမြူရန် ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြ လေသည်။ ပိုးချည်များကို ပြုလုပ်ပေးသည့် ပိုးမျှင်ကောင် များ မွေးမြူသည့်လုပ်ငန်းသည် အမေရိကန်၌ မအောင်မြင် ခဲ့သော်လည်း၊ ပိုးစာပင်အဖြူမျိုးသည် မြောက်အမေရိက တိုက်တွင် အထူးအောင်မြင်စွာ ပေါက်ရောက်ခဲ့သည်။ ပိုးချည်မျှင်အတွက် ပိုးစာပင်များကို စိုက်ပျိုးကြသဖြင့် အောင်မြင်ကြသော နိုင်ငံများမှာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ပြင်သစ်၊ ပါရှားနှင့် တူရကီတို့ ဖြစ်သည်။ ပိုးစာပင် အမည်း မျိုးကို ဥရောပတိုက်တွင် စိုက်ပျိုးကြရာ ထိုအရာမျိုးကို ပါရှားပြည်မှ ယူဆောင်စိုက်ပျိုးသည်ဟု ယုံကြည်ရလေ သည်။ ထိုပိုးစာပင်မျိုးမှသီးသော အမည်းရောင်နီးပါးရှိသည့် ပိုးစာသီးကြီးများသည် အရည်ရွှမ်း၍ အရသာနှင့်ပြည့်စုံ လှသည်။

 

စက္ကူပိုးစာပင်

 

မြောက်အမေရိကတိုက်တွင် ပင်ရင်းဒေသအဖြစ် ပေါက်သော ပိုးစာပင်အနီမျိုးတွင် နှစ်သက်ဖွယ်ကောင်း သည့် အချဉ်အရသာရှိသော အသီးများသီးသည်။ ဥရောပတိုက်ရှိ အချို့ဒေသများတွင် ပိုးစာပင်အနီမျိုးကို အခြား အပင်များထက်ပို၍ စိုက်ပျိုးကြလေသည်။ ထိုသို့ စိုက်ပျိုးကြ ခြင်းမှာ ထိုပိုးစာပင်မျိုးသည် ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိခြင်းကြောင့် ဖြစ်သည်။ အခြားပိုးစာပင်မျိုးများကို စိုက်ပျိုး ကြခြင်းမှာ အလှအပအတွက်ဖြစ်သည်။ ပိုးစာပင်မျိုးနှင့် အလွန်နီးစပ်သော ပိုးစာပင်တစ်မျိုးလည်း ရှိသေးသည်။ ထိုပိုးစာပင်မျိုးကို စက္ကူပိုးစာပင်ဟုခေါ်သည်။ ထိုသို့ ခေါ်ခြင်းမှာ ထိုပိုးစာပင်မျိုး၏ အခေါက်ကို ဂျပန်နိုင်ငံ၌ စက္ကူပြုလုပ်ခြင်းကြောင့်ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာအတွင်း ရှိ ကျွန်းများတွင်နေသော လူတို့သည် ထိုပိုးစာပင်မျိုးမှ အဝတ်များကို လုပ်ယူကြလေသည်။ ထိုသို့လုပ်ရာတွင် အပင်မှ အခေါက်ကိုခွာပစ်ပြီးလျှင် ကျန်ရှိသည့် အခေါက်ကို ချောမွတ်သည့် အောက်ခံတစ်ခုပေါ်တွင် တင်ကာ အလိုရှိ သည့်အထူသို့ ရောက်သည့်တိုင်အောင် ထုပေးကြသည်။

 

ပိုးစာပင်မျိုးရှိသမျှတွင် အနီမျိုးသည် အပင်အကြီးဆုံး ဖြစ်သည်။

 

တစ်ခါတစ်ရံ ပေ ၆၀ အထိ မြင့်တတ်သည်။ ပိုးစာပင်မှအရွက်များသည် အလွန်ပြောင်းလဲတတ်သဖြင့် စိတ်ဝင်စားဖွယ်ကောင်းလေသည်။ တစ်ပင်တည်းမှ အရွက် များသည်ပင် တစ်ရွက်နှင့်တစ်ရွက် ပုံသဏ္ဌာန်ချင်းမတူ တတ်ကြချေ။ ပိုးစာပင်စိုက်ပျိုးနည်းစနစ်များမှာ မှတ်သား ဖွယ်ရာဖြစ်သည့် ပိုးစာပင်ကို မြန်မာပြည်နေရာအနှံ့ စိုက်ပျိုးနိုင်သော်လည်း ပိုးမွေးမြူရန် အသင့်တော်ဆုံး ရာသီဥတုဖြစ်သည့် အပူလျော့တောင်ပေါ်ဒေသရာသီဥတု မျိုးတွင် စိုက်ပျိုးပါက ပိုမိုကောင်းမွန်သည်။ သဲနုန်းမြေကို အနှစ်သက်ဆုံးဖြစ်သည်။ အကောင်းဆုံးမြေ အချဉ်၊ အငန် ဓာတ်မှာ ၆ ဒသမ ၅ မှ ၇ အတွင်းဖြစ်သည်။ မြေအချဉ် အငန်ဓာတ် ၅ ဒသမ ၅ ထက်လျော့နည်းပါက ထုံးထည့် ပေးရန်လိုသည်။ အရွက်အထွက်နှုန်း ကောင်းမွန်သည့် မြန်မာရွက်ကြီးမျိုး၊ BR-60 ထိုင်းမျိုးနှင့် အရည်အသွေး ကောင်းမွန်သည့် S-28 ဗီယက်နမ်မျိုး၊ တရုတ်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။

 

အစေ့မှ ပျိုးထောင်ပြီး စိုက်ပျိုးနိုင်

 

မေလမှဇွန်လအတွင်း ပိုးစာပင်များ အပြီးစိုက်ရသည်။ ခြောက်လမှ တစ်နှစ်သားပျိုးပင်များအား စိုက်ပျိုးခြင်းသည် အပင်အသေအပျောက်နည်းသည်။ ကိုင်းဖြတ်စိုက်ပျိုးခြင်း သည် အပင်အသေအပျောက်များစေနိုင်ပါသည်။ အစေ့မှ လည်း ပျိုးထောင်ပြီး စိုက်ပျိုးနိုင်သည်။ အစေ့မှပျိုးထောင် စိုက်ပျိုးသော အပင်သည် ရေသောက်မြစ်ရှိ၍ သက်တမ်း ပိုကြာရှည်စွာ ရှင်သန်နိုင်သည်။ ပင်ကြား၊ တန်းကြား ၅ ပေ x ၂ ပေ အပင်ရေ ၄၅၀၀ ၊ ၆ ပေ x ၂ ပေ အပင်ရေ ၃၈၀၀၊ ၃ ပေ x ၂ ပေ အပင်ရေ ၇၂၆၀ ရှိ ချုံပုတ်သဏ္ဌာန် စိုက်ပျိုးနည်းစနစ်သည် မြန်မာပြည်နှင့် သင့်လျော်သည်။ ပိုးစာခင်းတွင် စက်ကိရိယာကို အသုံးပြုလျှင် တန်းကြား အကွာအဝေးကို လိုသလိုချိန်ညှိ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုး မည့် စနစ်အလိုက် ၂ပေ- ၂ပေ စိုက်ကျင်းများတူး၍ လည်းကောင်း၊ ၁ ဒသမ ၅ ပေ- ၁ ဒသမ ၅ ပေအနက် စိုက်မြောင်းများတူး၍လည်းကောင်း စိုက်ကျင်းများတွင် နွားချေး တစ်ပြည်၊ ထုံး(သို့)ထုံးပြာ နို့ဆီဘူး နှစ်ဘူး ထည့်ပေးသင့်သည်။ ပိုးစာပင်တစ်ဧကလျှင် ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၅၆ ပေါင်နှင့် နွားချေး ၁၀ တန်ခန့် ထည့်သွင်းပေးရမည်။ ပေါင်းမြက်များအား မြေဩဇာမထည့်မီ တစ်ကြိမ်၊ ပိုးမမွေးမီ နှစ်ကြိမ် ရှင်းလင်း ပေးရမည်။ ပိုးစာပင်စိုက်ပျိုးပြီး ထွက်ရှိလာသော ကိုင်းညွန့် များမှ အကောင်းဆုံး (၁-၃)ညွန့်ကို တစ်နှစ်သားအရွယ်ထိ ထားပြီး ဒုတိယနှစ် မိုးဦးရာသီတွင် မြေပြင်မှ (၉-၁၀)လက်မ ခန့်ခွာ၍ ကိုင်းဖြတ် ပုံသွင်းပေးရမည်။

 

ပိုးမွေးစင်ဖြင့် မွေးမြူ

 

ဇွန်၊ ဇူလိုင်လများတွင် မြေပြင်မှ (၉-၁၂)လက်မထိ အမြင့် (Base Cut)ဖြတ်ခြင်း သို့မဟုတ် မိုးများသော ဒေသများတွင် ပေါင်းမဖုံးနိုင်ရန် Middle Cut 1 ပေ - 1½ပေ အမြင့်တွင် ဖြတ်ခြင်းတစ်ကြိမ်နှင့် ဒီဇင်ဘာ၊ ဇန်နဝါရီလများ တွင် ထိပ်ဖျားကိုင်းဖြတ်ခြင်းတစ်ကြိမ်၊ တစ်နှစ်လျှင် နှစ်ကြိမ် ကိုင်းဖြတ်ပုံသွင်းပေးရပါမည်။ ပိုးစာပင်အား စားသုံးရန် ပိုးဥကို မွေးမြူကြရသည်။ ပိုးဥကို စနစ်တကျမွေးရသည်။ ပိုးဥမှ အကောင်ပေါက်သည်အထိ ၁၀ ရက်မှ ၁၂ ရက်ခန့် အကောင်ဖောက်ရသည်။ ဥမှပေါက်ပြီး အကောင်ငယ်များ အား ပိုးမွေးဗန်းတွင်ထည့်ပြီး ပိုးမွေးစင်ဖြင့် မွေးမြူရသည်။ ပိုးမွေးစင်အား သစ်သားဖြင့် အခိုင်အမာပြုလုပ်နိုင်သကဲ့သို့ ဒေသထွက်ဝါးဖြင့်လည်း ပြုလုပ်အသုံးပြုနိုင်သည်။ ပိုးအိမ် လုံးရရှိစေရန်အတွက် မွေးမြူသည့် ပိုးသည် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမ အဆင့်ဟူ၍ အဆင့်ငါးဆင့်ဖြင့် ကြီးထွားလာပြီးနောက် ပိုးအိမ်ဖွဲ့ပါသည်။ ဥမှပေါက်သည်မှ ပိုးအိမ်လုံးပြီးအချိန်ထိ (၂၆-၃၀)ရက်ကြာမြင့်ပါသည်။ ၎င်းအပြင် ပိုးငယ်အဆင့် ဆင့် မွေးနည်းလည်းရှိသည်။ ပိုးငယ်ပထမအဆင့်တွင် ပိုးစာပင်ထိပ်ပိုင်းဖျားညွန့် နီကျင်ကျင်အရွက်အောက်ရှိ (၁-၂) အရွက်များကို ခူးကျွေးရမည်။ ပိုးငယ် ဒုတိယအဆင့်ကို နီကျင်ကျင်အရွက်အောက် အမှတ် (၃-၄)အရွက်အောက် နံပါတ် (၅-၆)အရွက်ကို ခူးကျွေးရမည်။ နေ့စဉ် လေးကြိမ်မှ ငါးကြိမ်ကျွေးရမည်။ ပိုးငယ်အဆင့်တွင် အဆင့်လိုက် အရွက်ကိုလှီး၍ ကျွေးရသည်။ အခန်းအပူချိန် ၂၅°C -၂၇°C ခန့်ရှိသင့်သည်။

 

ပိုးရောဂါ တားဆီးကာကွယ်နှိမ်နင်းရေး

 

ပိုးကြီးအဆင့် မွေးမြူခြင်းနည်းစနစ်လည်းရှိသည်။ ပိုးစတုတ္ထနှင့် ပဉ္စမအဆင့်တွင် နီကျင်ကျင်အရွက်အောက်ရှိ အရွက်များကို ခူး၍လည်းကောင်း၊ ကိုင်းဖြတ်၍လည်း ကောင်း ကျွေးနိုင်သည်။ ထိုအဆင့်များ၌ နေ့စဉ် လေးကြိမ် ကျွေးရမည်။ ပဉ္စမအဆင့်၌ ခုနစ်ရက်မှ ကိုးရက်ခန့် အစာစား၍ ပိုးအိမ်များ စတင်ဖွဲ့သည်။ ပိုးကြီးအဆင့်တွင် အခန်းအပူချိန် ၂၃°C ခန့်ရှိသင့်သည်။ ပိုးအိမ်ဖွဲ့ခြင်း အတွက် ဖယောင်းသားအရောင်ပေါက်၍ ပါးစပ်မှ ပိုးချည်မှုတ်နေသော ပိုးကောင်များကို ပိုးအိမ်ဖွဲ့ကိရိယာ အတွင်းသို့ ကောက်ထည့်ပေးရမည်။ သုံးရက်ခန့်ကြာလျှင် ပိုးအိမ်လုံးခြင်း ပြီးဆုံးသည်။ ပိုးအိမ်ဖွဲ့နေစဉ် နေ့နှင့် ညအပူချိန် (၂၇°C - ၂၈°C)နှင့် စိုထိုင်းဆ (၇၀ - ၇၅) ရာခိုင်နှုန်း အမြဲရှိရန်လိုသည်။ ပိုးအိမ်ဖွဲ့ကိရိယာများမှ ပိုးအိမ်များကို ပိုးအိမ်ဖွဲ့ပြီး လေးရက်မှ ခုနစ်ရက်အတွင်း အပြီးဖြုတ်သိမ်းရမည်။ လေးရက်ထက်စောပါက ပိုးချည် အထွက်နှုန်းကို လျော့နည်းနိုင်ပြီး ခုနစ်ရက်ထက် နောက်ကျ ပါက ပိုးအိမ်လုံးမှဖလံများ ဖောက်ထွက်လာနိုင်သည်။ ဖြုတ်သိမ်းပြီး ပိုးအိမ်များ၏ အပေါ်ယံအမွေးပွများကို ရှင်းလင်းဖယ်ရှားရန်လိုသည်။ အရည်အသွေးကောင်းမွန်၍ အထွက်နှုန်းမြင့်မားသော ပိုးအိမ်ရရှိရန် ဆောင်ရွက်ရမည့် အဓိကအချက်များမှာ အာဟာရပြည့်ဝသော ပိုးစာရွက် ရရှိရေး၊ ပိုးမွေးမြူသည့် နည်းစနစ်မှန်ကန်ရေး၊ ပိုးရောဂါ တားဆီးကာကွယ်နှိမ်နင်းရေးဖြစ်သည်။

 

ချင်းပြည်နယ်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၏ ခရီးစဉ်လမ်းညွှန် ချက်များအရ ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးချည်ထုတ်လုပ် ရေးကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် တီးတိန်မြို့၌ ပိုးချည် ထုတ်စက်ရုံအသစ် တည်ဆောက်ခြင်း၊ ပေ(၃၀x ၂၀ x ၁၀)ရှိ ပိုးဥထားသိုခန်း၊ တွန်းဇံမြို့၌ ပေ(၄၀ x ၃၀ x ၁၀)ရှိ ပိုးရောဂါ စစ်ဆေးသည့် ဓာတ်ခွဲခန်း၊ တွန်းဇံမြို့၌ (၄၀x ၃၀x ၁၂)ပေ ပိုးမွေးရုံ အဆောက်အအုံ၊ တွန်းဇံမြို့၌ ပိုးဥထားသိုခန်း အတွက် အအေးခန်းသုံးပစ္စည်းများ ဝယ်ယူခြင်း စုစုပေါင်း ကျပ်သန်း ၅၀၁ ဒသမ ၇၅၈၀ အား သုံးစွဲ၍ အကောင်အထည် ဖော်လျက်ရှိပါသည်။ ပိုးချည်ထုတ်လုပ်ရေးအတွက် တောင်သူများအတွက် ပိုးအိမ်များ အပြီးအပြတ်ဝယ်ယူ ပေးခြင်း၊ ဖျက်ပိုးအိတ်များကို နဝလီစနစ်ဖြင့် ချည်ဆွဲပေးပြီး ထွက်ရှိလာသည့် ပိုးချည်များအား တောင်သူလက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်း၊ တောင်သူပိုးအိမ်များအား မဝယ်ယူ ဘဲ ချည်ဆွဲပြီးသည့်အခါမှသာ ချည်ဖိုးပေးချေဝယ်ယူခြင်း အပြင် ရင်းနှီးမြှုပ်နှံသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား လည်း စည်းရုံးဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါ သည်။

 

တောင်သူများအနေဖြင့် ၎င်းတို့အတွက် ပိုးစာပင် စိုက်ပျိုးခြင်း ပိုးမွေးမြူခြင်းဖြင့်ရရှိလာသော ပိုးအိမ်များအား ပိုးအိမ်ဈေးနှုန်း တစ်ပေါင် ၂၇၅၀ နှုန်းဖြင့် လုပ်ငန်းကျွမ်း ကျင်မှုအလိုက် တစ်ဧကလျှင် ကျပ်ငါးသိန်းမှ ကျပ် ၁၅ သိန်းအထိ ဝင်ငွေရရှိနိုင်မည်။

 

၂၀၁၉-၂၀၂၀ ခုနှစ်တွင်လည်း တီးတိန်ပိုးချည်စက်ရုံမှ စက်များအား ထုတ်လုပ်မှု ချည်အရည်အသွေးမြင့်သည့် စက်များတပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်သဖြင့် အရည် အသွေးမြင့်သည့် ပိုးချည်များ ထုတ်လုပ်လာနိုင်ပြီး ပိုးချည် ဈေးနှုန်းလည်း မြင့်လာပြီ ၎င်းပိုးချည်ဖြင့်ရက်လုပ်သော ရိုးရာဝတ်စုံများမှာလည်း တန်ဖိုးမြင့်ထုတ်ကုန်များရလာမည်ဖြစ်ပါသည်။ တန်ဖိုးမြင့်ရိုးရာဝတ်စုံများကို နိုင်ငံ တကာသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိလာမည် ဖြစ်ပါ သည်။ ဌာနဝန်ထမ်း၊ လုပ်ငန်းရှင်များ နိုင်ငံခြားပညာရှင် များထံမှ ပိုးစာပင်၊ ပိုးအိမ်၊ ပိုးချည်များမှ တန်ဖိုးမြင့်ထုတ် ကုန်များ ထုတ်လုပ်ခြင်းဖြင့်လည်း ဝင်ငွေရရှိနိုင်ပြီး အနီးကပ် ပညာပေးခြင်းကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 

ချင်းပြည်နယ်ရှိ ပိုးစာတောင်သူများသည် ရှေးအစဉ် အဆက်ကပင် ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းများကို ရိုးရာလုပ်ငန်းအဖြစ် လုပ်ကိုင်လာခြင်း တန်ဖိုးမြင့် ချင်းရိုးရာပိုးထည်များ ရက်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် တောင်ကတုံးများအား ပိုးစာပင်များဖြင့် စိမ်းလန်းစိုပြည်လာစေပြီး ရာသီဥတု ကောင်းမွန်စေခြင်းနှင့် ချင်းပြည်နယ်ရှိ ပြည်သူများ အလုပ် အကိုင်ပေါများပြီး စုပေါင်းဆောင်ရွက်မှုစိတ်ဓာတ် မြင့်မား စေခြင်းတို့ကြောင့် လူနေမှုဘဝ မြင့်မားလာကာ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုလာ မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ပိုးချည်ကို နိုင်ငံခြားမှ မဝယ်ရဘဲ မိမိတို့နိုင်ငံတွင် မွေးမြူပါက နိုင်ငံတော်၏ ဝင်ငွေကို သက်သာစေပါသည်။ ၎င်းအပြင် တိုးချဲ့ ထုတ်လုပ် ပါက နိုင်ငံခြားဝင်ငွေရရှိနိုင်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။

 

မှီငြမ်း-မြန်မာ့စွယ်စုံကျမ်း

ဆလိုင်းဒေးဗစ်