ချင်းတိုင်းရင်းသားတို့၏ စိတ်ဝင်စားဖွယ်ရာ ရိုးရာလက်ထပ်ထိမ်းမြားခြင်း ဓလေ့

မင်းလပြည့် (ဟားခါး)

 

(၁၄-၃-၂၀၂၀ ရက်နေ့ မှအဆက်)

 

သတို့သမီးအိမ်သို့ ရောက်လျှင် သတို့သမီးဘက်က ချက်ချင်းလက်မခံသေးဘဲ အိမ်တံခါးကိုပိတ်ထားပြီး မည်သူမည်ဝါများ မည်သည့်အကြောင်းကိစ္စဖြင့် လာရောက်သည်ကို သီချင်းသီဆို၍ မေးမြန်းကြသည်။ ထိုအခါ သတို့သား၏ အကွေပိုးက ရှေးယခင်က မည်သူနှင့်မည်ဝါ စုံဖက်ခြင်းကြောင့် ယခု သတို့သမီးနှင့် သတို့သားတို့သည် အပူနှင့် အကွေ တော်စပ်ကြောင်း၊ သတို့သားမှာ အကွေမျိုးမှန်ကန်၍ စုံဖက်ရန်အတွက် လာရောက်ကြောင်းကို သီချင်းစပ်ဆို၍ ပြန်လည်ဖြေကြားရသည်။ သို့သော်လည်း သတို့သမီးဘက်က တံခါးမဖွင့်ပေးသေးပေ။ သတို့သားဘက်က ခေါင်တံနှင့် လှံတစ်ခုကို တံခါးဖွင့်ကြေးအဖြစ်ဖြင့် ပေးလိုက်မှ အိမ်ထဲ သို့ဝင်ခွင့်ပြုသည်။ သတို့သားအဖွဲ့ ရောက်လာသောနေ့၏ ညဘက်တွင် သတို့သမီးဘက်က ခေါင်ရည်နှစ်လုံး တည်ခင်းကာ သတို့သားအဖွဲ့သို့ ခေါင်ပွဲဖြင့် ဧည့်ခံသည်။

 

မင်းတပ်မြို့နယ် မွင်းချင်းအမျိုးသားများ၏ အိမ်ထောင်ရေးတွင် ယောက္ခမမျိုးနှင့် သမက်မျိုးဟူ၍ ခွဲခြားထားသည်။ တစ်နည်းဆိုသော် အိမ်ထောင်ပြုအပ်သည့်အမျိုးနှင့် မပြုအပ်သည့်အမျိုးဟူ၍ စည်းချခြင်းဖြစ်သည်။ အိမ်ထောင်ပြုသည့်အခါ ယောက္ခမမျိုး  တူနှင့်သာ အိမ်ထောင်ပြုနိုင်သည်။ သမက် မျိုးတူနှင့် အိမ်ထောင်မပြုနိုင်ပေ။ ထိမ်းမြား လက်ထပ်ခြင်း သုံးမျိုးရှိရာ -

 

(၁) ဒီဗွီ ခေါ် လူငယ်ချင်းချစ်ကြ၍ယူခြင်း၊

(၂) သားဗတ် ခေါ် အောင်သွယ်ဖြင့်တောင်းရမ်းယူခြင်းနှင့်

(၃) သားလာခ် ခေါ် နှစ်ဖက်လူကြီးတို့စီမံ၍လက်ထပ်ပေးခြင်း။ (သားသမီး တို့ကို အသိပေး၍စီမံခြင်း တစ်နည်း နှင့် သားသမီးတို့အား လုံးဝအသိမပေးဘဲ နှစ်ဖက်လူကြီးများ၏ ဆန္ဒအရ အတင်းပေးစားခြင်း) ဟူ၍ သုံးမျိုးသုံးနည်းဖြစ်သည်။ ဤသုံးမျိုးတွင် မည်သည့်အမျိုးနှင့် လက်ထပ်ရသည်ဖြစ်စေ သတို့သားဘက်မှ သတို့သမီးဘက်သို့ အတက်ပေါက်ပြီး ကြက်ဖခြောက်ကောင် သို့မဟုတ် ၁၂ ကောင်ဖြင့် အိုင်မူရုပ် ခေါ် ကြက်တောင်ပံပွဲအခမ်းအနား ပေးရသည်။ ထိမ်းမြားခြင်းကို တရားဝင် အောင် အခမ်းအနားပြုလုပ်ခြင်း ဖြစ်သည်။ ထိုနေ့မှစ၍ တရားဝင် အကြင်လင်မယားအရာ မြောက်တော့သည်။

 

မင်္ဂလာကြေးပေးဆောင်ရာတွင် မိဘချင်း သဘောတူ၍ လက်ထပ်ရသော် ပစ္စည်းများမှာ နှစ်ဖက်သော မိဘများ ကြိုတင်နှုတ်ကတိ အတိုင်း အပေးအယူလုပ်ရသည်။ လူငယ်ချင်း ချစ်ကြိုက်ရည်ငံ၍ လက်ထပ်ထိမ်းမြားသည့် အခါ မိန်းကလေးနှင့် ယောက်ျားလေးတို့၏ ပစ္စည်းအင်အား အခြေအနေအရ အနှေးနှင့် အမြန် ပေးဆောင်ကြရသည်။

 

မင်္ဂလာကြေးမှာ နွားနောက်၊ နားဘက်၊  ငွေသား၊ သေနတ်၊ မြေယာ၊ မြင်း၊ ကျွဲ၊ နွား၊ ၊ ဓား၊ လှံ စသည်တို့ ဖြစ်သည်။ သတို့သမီးဘက်မှ အဝတ်အထည်၊ စောင်၊ ချေစွယ်၊ ဆွဲကြိုး၊  ကျောက်ပုတီးကုံး၊ ငွေသွယ်၊ ငွေသား၊ ကြေးသွယ်၊ နောက်၊ မြေယာနှင့် သီး စပါး စသည်တို့  ပေးရသည်။

 

အထက်ပါကဲ့သို့ မင်္ဂလာကြေး အပေး အယူပြုလုပ်ကြရာတွင် ယောက်ျားလေးဘက်မှ ပေးဆောင်ရသော မင်္ဂလာ၏ ထက်ဝက်ကို  သတို့သမီးမိဘဘက်မှ ပြန်အမ်းရသည်။

 

စေ့စပ်ကြောင်းလမ်းပြီးမှ သို့မဟုတ်  ကတိစကားထားရှိပြီးမှ ပျက်ကွက်လျှင်  ပျက်ကွက်သူဘက်မှ မာလေးခေါ် ကတိပျက်လျော်ကြေးအဖြစ် ကာလတန်ဖိုး ၁၀၀ ကျပ်တန် နားဘက်တစ်ရံ ပေးဆောင်ရသည်။ (အချို့အရပ်တွင် ကာလတန်ဖိုး ၃ဝဝ ကျပ် အထိ ပေးရသည်။)

 

စေ့စပ်ကြောင်းလမ်းပြီး နောက်တစ်နေ့တွင် ရွာတွင်းရှိ သတို့သမီး၏ ဆွေမျိုးတို့သည် တစ်ယောက်လျှင် ခေါင်ရည်တစ်လုံးစီယူ၍ လာရောက်ကြသည်။ သတို့သားဘက်ကလည်း အပြန်အလှန်သဘောဖြင့် ခေါင်ရည် နှစ်လုံး တည်ခင်းဧည့်ခံပြီး မိမိတို့နှင့်အတူ ပါလာသော ကြက်များကို သတ်၍ စတင်ချက်ပြုတ်သည်။ ထိုအခါ ကျီစယ်နောက်ပြောင်သည့်သဘောဖြင့် ဟင်းမချက်နိုင်အောင် သတို့သမီးဘက်က ရေလောင်း၍ မီးကိုသတ်သည်။ သတို့သား၏အဖွဲ့ကလည်း မီးပြန်မွေးပြီး ချက်ပြုတ်နိုင်ရန် ကြိုးစားသည်။ သတို့သမီးဘက်ကလည်း မီးတောက်လာတိုင်း ရေလောင်း၍ ငြိမ်းကြသည်။ နောက်ဆုံးတွင် သတို့သားအဖွဲ့က အရှုံးပေးပြီး လှံသွားတစ်ချောင်းကို ထုတ်ပေးလိုက်မှ လွတ်လပ်စွာ ထမင်းဟင်းချက်ခွင့်ရကြသည်။

 

ထမင်းဟင်း ချက်ပြုတ်ပြီးသောအခါ သတို့သမီးဘက်က စတင်စားသောက်ကြသည်။ ဤကဲ့သို့ စားသောက်နေချိန်တွင် သတို့သားဘက်က နောက်ပြောင်သော သဘောဖြင့် ထမင်းစားနေသူများထံမှ  ခေါင်းပေါင်းကိုလည်းကောင်း၊ အများဝတ်ဆင်ထားသော ပစ္စည်းများကိုလည်းကောင်း လုယက်ဖြုတ်ယူကြသည်။ ပစ္စည်းများကို ပြန်ရလိုသော် ခေါင်ရည်နှင့် ရွေးယူကြရသည်။ ထို့နောက်တွင် သတို့သားအဖွဲ့သည် ထမင်း ဟင်းစားသောက်ကြသည်။ သတို့သားအဖွဲ့ စားသောက်နေသော အချိန်တွင်လည်း သတို့သမီးဘက်က တစ်ဖန်ပြန်လည်နောက်ပြောင် ကျီစယ်ကြပြန်သည်။

 

ဒုတိယနေ့တွင် မင်္ဂလာကြေးကိစ္စကို ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရယူသည်။ အသွင်းဖိုးကိစ္စကို ဆွေးနွေးသည့် အခါ သတို့သမီး၏ဘကြီး သို့မဟုတ် ဘထွေးက စိုးမြင့်တာန်ဟူသော ဒိုင်အဖြစ်ဖြင့်ဆောင်ရွက်၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရရှိရန် ဘက်မလိုက်ဘဲ ဖျန်ဖြေပေးသည်။

 

ယင်းနေ့မှာပင် သတို့သမီးအား မိဘများက လက်ဆောင်အဖြစ် ပေးလိုက်မည့် စောင်များကို ဧည့်ပရိသတ် အများ၏ရှေ့၌ ထုတ်ပြပြီး တောင်းကြီးတစ်လုံးထဲတွင် ထည့်သည်။ ထို့နောက် မချိုအွမ်း ခေါ် လိပ်ပြာဆူးကို ဆွေမျိုးများကပေးသော ချည်ခင်များနှင့်  ရစ်ပတ်၍ သတို့သမီးအားပေးအပ်သည်။ သတို့သားဘက်ကလည်း တုံ့ပြန်သောသဘောဖြင့် ခေါင်ရည်တစ်ဘူးနှင့် လှံသွားတစ်ချောင်းကို သတို့သမီး၏ မိဘများသို့ပေး၍ သတို့သမီး၏ ဆွေမျိုးများအတွက် ဝက်တစ်ကောင်သတ်ပြီး ထမင်းဟင်း တည်ခင်းကျွေးမွေးသည်။

 

တတိယနေ့တွင် သတို့သမီးနှင့် သတို့သားတို့က မိဘများကိုကန်တော့ပြီး သတို့သမီး၏အိမ်မှ ဆင်းကြသည်။ ဤသို့ဆင်းမည်အပြုတွင် သတို့သမီးနှင့် အခြားအမျိုးသမီးများကို ခြင်ထောင်ထဲတွင် ရော၍ထည့်ထားပြီး အောပိုး (သတို့သား၏ဒိုင်) အား ခြင်ထောင်ထဲမှ ခေါင်းများကို လက်နှင့်စမ်းစေကာ သတို့သမီးကို ရွေးထုတ်စေသည်။ မှန်အောင် မရွေးနိုင်ခဲ့သော် ခေါင်ရည်တစ်ဘူးနှင့် လှံသွား တစ်ချောင်းပေးရသည်။ ထို့ပြင်လည်း သတို့သမီးအား လက်ဆောင်ပေးထားသော စောင်များကို ထည့်ထားသည့် တောင်းကြီးကို သတို့သားဘက်က ခေါင်ရည်တစ်ဘူးနှင့် လှံသွားတစ်ချောင်းပေး၍ ရွေးယူရသည်။ ဤတောင်းကြီးကို အကြွေပိုးကထမ်းယူသွားရသည်။ ထို့နောက် သတို့သားအဖွဲ့က သီချင်းဆို၍ ကခုန်ကာ သတို့သမီးကို ခေါ်ဆောင်သွားတော့သည်။

 

သတို့သား အိမ်သို့ရောက်လျှင် ထိမ်းမြား မင်္ဂလာပွဲ ကျင်းပသည်။ ခြေသုံးချောင်းရှိသော ဒေါင်းလန်းပေါ်တွင် သတို့သားအမျိုးက စောင်တစ်ထည်။ သတို့သား၏ အမျိုးက လှံသွားတစ်ချောင်းနှင့် အကွေပိုးထားသော ခေါင်ရည်နှစ်ခွက်ကို တင်ထားသည်။ အကွေပိုးသည် လက်ထဲတွင်ကြက်တစ်ကောင် ကိုင်လျက် ကတိသစ္စာတိုင်ပေးရာ သတို့သား နှင့် သတို့သမီးတို့က လိုက်ဆိုကြရသည်။ သစ္စာဆိုပြီးသော အချိန်တွင် ကြက်ကို သေသည်အထိ လည်ပင်းကိုညှစ်သတ်ပြီး ခြေထောက်အနေအထားကိုကြည့်၍ နိမိတ်ဖတ်သည်။

 

ကြက်ကိုချက်ပြုတ်ပြီးသောအခါ အကွေပိုးသည် ဒေါင်းလန်းပေါ်ရှိ ခေါင်ရည်နှစ်ခွက်ကို ယူ၍ လက်ကိုယှက်ပြီး သတို့သားနှင့် သတို့သမီးကို တိုက်သည်။ ထို့နောက် ခေါင်ရည်အိုးတစ်လုံးထဲသို့ ပိုက်နှစ်ချောင်း စိုက်၍ သတို့သားနှင့် သတို့သမီးကို ခေါင်ရည်ပြိုင်တူ သောက်စေသည်။ ထို့နောက် ချက်ပြုတ်ထားသော ထမင်းဟင်းဖြင့် သတို့သားနှင့် သတို့သမီးတို့ကို ကျွေးမွေးကာ မင်္ဂလာ အခမ်းအနားကို အဆုံးသတ်သည်။

 

ဒေါင်းလန်းပေါ်ရှိ အောင်ကို အကွေပိုး ကယူ၍ လှံသွားကို သတို့သားကယူသည်။

 

မကန်းအမျိုးသားတို့၏ ချူအွမ်းခေါ်သော ထိမ်းမြားမင်္ဂလာပွဲ ကျင်းပပုံများမှာ ပထမဦးဆုံး နှစ်ဦးနှစ်ဖက်က သဘောတူညီထားသော အသွင်းဖိုးတစ်ဝက်ကို ရှာဂေခေါ်သော အောင်သွယ်က သတို့သမီးအိမ်သို့ သွားရောက်ပို့ဆောင်ရသည်။ သတို့သမီးဘက်ကလည်း ပစ္စည်းများကိုလက်ခံ၍ အောင်သွယ်ကို ခေါင်ရည်ပွဲဖြင့် ဧည့်ခံသည်။  ထို့နောက် သတို့သမီးသည် အောင်သွယ်နှင့်အတူ သတို့သားအိမ်သို့ လိုက်ခဲ့၍ သတို့သား  အိမ်တွင်ပင် မင်္ဂလာအခမ်းအနား ကျင်းပသည်။ ကြက်တစ်ကောင်၏ နှုတ်သီးကို  လှီးကာ ရသောသွေးကို သတို့သားနှင့် သတို့သမီးတို့၏ နဖူးတွင် သုတ်လိမ်းသည်။ ကြက်ကိုလည်း လည်ညစ်ပြီးသတ်ကာ ခြေထောက်၏အနေအထားကို ကြည့်၍ နိမိတ်ဖတ်သည်။ ယင်းကြက်ကပင် အမွေးအတောင်များနုတ်ယူကာ သတို့သားနှင့်  သတို့သမီးတို့သည် ခေါင်းတွင်ပန်ကြသည်။ ကြက်ကို ချက်ပြုတ်ပြီးသောအချိန်တွင် အသည်းအနည်းငယ်၊ အသားအနည်းငယ်နှင့်  ဟင်းရည်အနည်းငယ်ကိုယူ၍ အိမ်စောင့်နတ် ကို ပူဇော်ပသသည်။

 

ဧည့်သည်များကို ဧည့်ခံကျွေးမွေးသော ကြက်သားဟင်း၊ ဝက်သားဟင်း စသည်တို့ကို သတို့သမီးနှင့် သတို့သားက မရပေ။  တည်ခင်းသောပွဲမှာ နတ်နှင့် ဧည့်သည်များအတွက်သာ ဖြစ်သောကြောင့် သတို့သမီးနှင့် သတို့သားတို့စားခဲ့သော် ကျန်းမာရေးကို ထိခိုက်သည် သို့မဟုတ် ကလေးမတင် ဟူသော အယူအဆမျိုးကြောင့် မစားခြင်းဖြစ်သည်။ သတို့သမီးနှင့် သတို့သားအတွက် သီးသန့်ထမင်းနှင့် နွားနောက်သားခြောက် ထောင်းကို ပြင်ဆင်ပေးသည်။

 

သတို့သား၏အိမ်၌ မင်္ဂလာပွဲကျင်းပပြီးသော် သတို့သမီးသည် မိဘအိမ်သို့ပြန်သွားသည်။ တစ်ညအိပ်၍ နောက်တစ်နေ့တွင် မိဘတို့က ဧည့်ခံကျွေးမွေးပြီး ဖခင်ဖြစ်သူက ခေါင်းပေါင်းကို သမီး၏ လည်ပင်းပေါ်တွင် ချိတ်ဆွဲ၍ အသက်ရှည်စေရန်၊ ကျန်းမာစေရန်၊ ကလေးများများ ရစေရန် ဆုတောင်းပေးသည်။ ဆုတောင်းပြီးသောအခါ ဘူးထဲမှရေကို ပါးစပ်နှင့်ငုံ၍ သမီးကို ဖျန်းမှုတ်သည်။ ဤသို့ မိဘ၏ ဆုမွန်ပေးခြင်းကိုခံယူပြီးသောအခါ သတို့သမီးသည် သတို့သား အိမ်သို့ ပြန်သွားသည်။

 

ချူးအွမ်းမင်္ဂလာပွဲကျင်းပပြီးသည့်နောက်  သတို့သားက ယောက္ခမကိုပေးရန် လိုသေးသည့် အသွင်းဖိုးကို ပေးအပ်သောအချိန်၌ တွယ်ဟူသော အသိအမှတ်ပြုပွဲကို ကျင်းပသည်။ ဤပွဲသည် စုံဖက်ပြီးသော ဇနီးမောင်နှံနှင့် ဇနီး၏မိဘတို့က ကြက်နှင့်ဝက်များသတ်၍ တစ်ဦးကိုတစ်ဦး အပြန်အလှန် ဧည့်ခံကျွေးမွေးသောပွဲ ဖြစ်သည်။

 

ယခင်က မရာအမျိုးသားတို့၏ ထိမ်းမြားမင်္ဂလာပွဲသည် အမားလေှာ့ဟူသောပွဲနှင့် အမားထိဖဟူသောပွဲကို နှစ်ဆင့်ကျင်းပလေ့ရှိသည်။

 

အမားလှော့ပွဲသည် ဝက်တစ်ကောင်နှင့် ခေါင်ရည်လောက်သာ လိုအပ်သော တော်ရုံသင့်ရုံပွဲ ဖြစ်သည်။ သို့သော် ဤပွဲကျင်းပပြီးချိန်တွင် စုံဖက်သော အမျိုးသမီး နှင့် အမျိုးသားတို့သည် လင်မယားအဖြစ်ဖြင့် ပေါင်းသင်း ဆက်ဆံသွားနိုင်သည်။ အထိဖပွဲမှာ မင်္ဂလာကြေးကို ပြေလည်အောင် ပေးသောအချိန်၌ ကျင်းပသောပွဲဖြစ်သည်။ ပထမဦးဆုံးအမျိုးသမီး၏ မိဘများက နွားနောက်ကိုသတ်ကာ အမျိုးသား၏ ဆွေမျိုးများအတွက် ဖူးရှားဟူသောပွဲကျင်းပ၍ ဧည့်ခံကျွေးမွေးသည်။ အမျိုးသား၏ မိဘဆွေမျိုးများကလည်း တုံ့ပြန်သော အနေဖြင့် ဝက်ကိုသတ်ကာ အမျိုးသမီး၏ ဆွေမျိုးများအတွက် အော်ရွာဟူသောပွဲကျင်းပ၍ ဧည့်ခံကျွေးမွေးသည်။ အော်ရွာပွဲ ကျင်းပသောအချိန်တွင် ဆန်နှင့် ရေ ကိုရောကာ ကြက်ကိုတိုက်ကျွေး၍ ဇနီးမောင်နှံနှစ်ဦးအတွက် ဆုမွန်တောင်းသည်။ ထို့နောက် ကြက်၏ နှုတ်သီးကိုလှီး၍ ရသောသွေးကို ဇနီးမောင်နှံ၏ လက်ယာဘက်ခြေမတွင် သုတ်လိမ်းသည်။ ဤသို့ပြုခြင်း၏ အဓိပ္ပာယ်မှာ ဇနီးမောင်နှံနှစ်ဦး၏ လိပ်ကို ပေါင်းစည်းပေးခြင်းပင် ဖြစ်သည်။

 

အိမ်ထောင်ဖက်ရာတွင်အသွင်းဖိုးသည် အရေးကြီးလှသည်။ မတူပီချင်းမှအပ အခြားမင်းတပ်၊ မတူပီချင်း တို့တွင် ထိမ်းမြားမင်္ဂလာ ပြုလုပ်ရန်အတွက် သတို့သားသည် သတို့သမီး၏ မိဘဆွေမျိုးများကို အသွင်းဖိုးပေးရသည်။

 

အသွင်းဖိုးပေးရာတွင် သတို့သားနှင့် ယင်း၏မိဘများသာလျှင် တာဝန်ယူရသည်မဟုတ်ဘဲ အခြားရင်းနှီးသော ဆွေမျိုးများကလည်း ဝိုင်းဝန်းကူညီကြရသည်။ ထိုနည်းအတူ အသွင်းဖိုးကို လက်ခံရာတွင် သတို့သမီး၏ မိဘများသာလျှင် ရရှိသည်မဟုတ်ဘဲ အခြားရင်းနှီးသော ဆွေမျိုးများလည်း ရရှိကြသည်။ အသွင်းဖိုးပေးရာတွင် တစ်ချိန်တစ်ခါတည်း အပြီးအပြတ် မပေးနိုင်သောကြောင့် နှစ်ရှည်လများ အချိန်ဆိုင်း၍ ပေးကြရသည်။ အသွင်းဖို ပေးဆပ်သောအခါတွင်လည်း ကျွေးမွေးဧည့်ခံမှုရှိသောကြောင့် အမျိုးနှစ်မျိုး၏ ချစ်ခင်ရင်းနှီးမှုအတွက် အသွင်းဖိုးစနစ်သည် အထောက်အကူတစ်ရပ် ဖြစ်လာပေသည်။

 

 

အသွင်းဖိုးကို ထုံးစံဓလေ့အရလည်းကောင်း၊ နှစ်ဦး နှစ်ဖက် ဆွေးနွေးသဘောတူချက်အရလည်းကောင်း သတ်မှတ်နိုင်ပေသည်။

 

သာမန်အားဖြင့် မရာချင်းတို့ပေးရသော အသွင်းဖိုးမှာအောက်ပါအတိုင်း ဖြစ်သည်။

 

သတို့သားသည် သတို့သမီး၏မိဘများကို အသွင်းဖိုး ပေးရာတွင် မင်္ဂလာဆောင်သောအချိန်၌ တချို့တစ်ဝက်ကိုသာလျှင် ပေးအပ်၍ ကျန်သောအသွင်းဖိုးကို  နောက်ပိုင်း စီးပွားရေးအခြေအနေ တောင့်တင်းလာသော  အချိန်တွင် ပေးအပ်ရသည်။ လူတစ်ဦးသည် အသွင်းဖိုးကို  အပြည့်မပေးရမီ သေဆုံးသွားပါက ယင်း၏သားများသည် အသွင်းဖိုးကို ပေးဆပ်ရမည့်တာဝန် ရှိလေသည်။ ထိုသူတွင် သားများမထွန်းကားပါက အသွင်းဖိုးပေးရမည့်  တာဝန်ကို ယင်း၏ရင်းချာသော ဆွေမျိုးများက ထမ်းဆောင်ရသည်။

 

ပနမ်းအမျိုးသားတို့၏ ထူးခြားချက်တစ်ခုမှာ ယောက်ျားလေး၏မိဘသည် ချွေးမလောင်းကို ငယ်စဉ်ကပင် တောင်းဆိုထားလေ့ရှိသည်။ ယင်းကဲ့သို့ တောင်းဆိုရာတွင် အသိသက်သေနှစ်ယောက် ထားရသည်။ အောင်သွယ်သဘောမျိုး ဖြစ်သည်။ နောင်အခါ မင်္ဂလာဆောင်သည့်အချိန်တွင် ကာယကံရှင်များက ပုဆိုးတစ်ထည်စီ လက်ဆောင်ပေးရသည်။ အရွယ်ရောက်သည်ရှိသော် ယောက်ျားလေး၏ မိဘများသည် မိန်းကလေး မိဘများထံသို့ အဆိုပါအသိသက်သေ နှစ်ယောက်ကိုလွှတ်၍ မင်္ဂလာစကား သွားရောက်ပြောဆိုစေကာ  လှံတစ်စင်းထားခဲ့ရသည်။

 

မရာနှင့် ကလင်ကော့(လူရှေ)တို့တွင် ပဏာမ မင်္ဂလာစကားပြောဆိုစဉ် လက်ခံသည်၊ လက်မခံသည်ကို ချက်ချင်း စကားပြန်လေ့မရှိပေ။ သုံးရက်၊ လေးရက် ရက်ချိန်းပေးတတ်သည်။ စကားပြန်မည့်ရက်ကို မိန်းကလေးရှင်က ရက်ချိန်းပေးရသည်။ ထိုနေ့တွင် ယောက်ျားလေးဘက်မှ ကိုယ်စားလှယ်များက တစ်ခေါက်လာ၍ စကားယူရသည်။ သဘောတူလက်ခံသည်ဆိုမှ ယောက်ျားလေး၏ မိဘများသည် အသွင်းငွေများနှင့် ပတ်သက်၍ မိန်းကလေးမိဘထံသို့ လာရောက်ဆွေးနွေးသည်။ လက်ငင်းမည်မျှ ပေးနိုင်မည်၊ ကျန်ငွေကို မည်သို့ပေးမည်စသည်တို့ကို ဆွေးနွေးခြင်းဖြစ်သည်။ သဘောတူသော မိန်းကလေး၏မိဘများသည် ခေါင်ရည်သောက်၍ တပျော်တပါး စားသောက်ကြသည်။ ကလင်ကော့ (လူရှေ) တို့ကမူ ခေါင်ရည်သောက်ရုံမကဘဲ ဝက်၊ ကြက်များကို သတ်၍ပင် ဧည့်ခံသည်။

 

မင်္ဂလာရက်ချိန်း သတ်မှတ်ပြီးသည့်နောက်တွင် ယောက်ျားလေး၏ မိဘများသည် ကတိထားခဲ့သည့်အတိုင်း အသွင်းငွေများကိစ္စကို ဆောင်ရွက်ရသည်။ သတ်မှတ်ထားသည့်နေ့တွင် ယောက်ျားလေး၏ မိဘများသည် ဆွေမျိုးများ၊ ရပ်ကွက်လူကြီးများနှင့် သတို့သမီးအိမ်သို့ သွားကြသည်။ ဤနေ့တွင် ခမီ၊ အနူး၊ ခေါင်စို၊ ပနမ်း၊ မြို့ အမျိုးသားတို့သည် ကြက်ကောင်ရေ ၃၀ ခန့် ယူသွားလေ့ ရှိကြသဖြင့် ကြက်ပို့သွားသည်ဟုပင် ခေါ်ကြသည်။ ထိုနေ့တွင် ကတိထားခဲ့သော မင်္ဂလာကြေးငွေကို ပေးရသည်။ ယောက်ျားလေးက တင်ရသည့်လက်ဆောင်များတွင် ကြက်၊ လှံ၊ စရိုင်းခေါ်ဓားတို၊ မောင်း၊ ဖလားနှင့် တောင်ဝှေးစသည်တို့ ပါဝင်သည်။

 

ဤသို့ဖြင့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာလက်ထပ် ထိမ်းမြားမှုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အများအားဖြင့် ချင်းတိုင်းရင်းသားတို့၏ ခရစ်ယာန်ဘာသာထုံးစံအတိုင်း နှစ်ဖက်မိဘ ဆွေမျိုးများအား ဖိတ်ကြား၍ လည်းကောင်း၊ ရွာနီးချုပ်စပ်များအား ဖိတ်ကြား၍လည်းကောင်း၊ နွားနောက်၊ ဝက်၊ ကြက် စသည်တို့ဖြင့် စည်ကားစွာ ဧည့်ခံကျွေးမွေးကြပါသည်။ လက်ထပ်ထိမ်းမြားရာတွင် သင်းအုပ်ဆရာ (ဓမ္မဆရာ) ၏ ကျမ်းစာအရလည်းကောင်း၊ ဧည့်ပရိသတ်များ၏ ရှေ့မှောက်တွင် ရိုးမြေကျသစ္စာရှိစွာဖြင့် ပေါင်းသင်းနေထိုင်ပါမည်ဟု သစ္စာဆိုရပေသည်။

 

ချင်းတိုင်းရင်းသားတို့သည် မျိုးနွယ်ပေါင်း ၅၃ မျိုးရှိသဖြင့် ရိုးရာဓလေ့များမှာ ကွဲပြားခြားနားကြသော်လည်း ၎င်းတို့တိုင်းရင်းသား မျိုးနွယ်အလိုက် ရိုးရာယဉ်ကျေးမှုများကိုပါ မြတ်နိုးစွာ ထိန်းသိမ်းလိုက်နာကြပေသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကိုများသည်လည်း ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုများကို မြတ်နိုးစွာကာကွယ် စောင့်ရှောက်လျက်ရှိကြသဖြင့် ပန်းဥယျာဉ်အတွင်းမှ ရောင်စုံပန်းများ ပွင့်လန်းနေသကဲ့သို့ တင့်တယ်လှပလျက် ရှိပါကြောင်း ဖော်ပြရေးသားလိုက်ရပေသည်။

 

မှီငြမ်း

ချင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများ