ချင်းတိုင်းရင်းသားတို့၏ ရိုးရာဗေဒင်ပညာနှင့် အတိတ်နိမိတ် ယုံကြည်မှုများအကြောင်း

မင်းလပြည့်(ဟားခါး)

 

ပန်းပေါင်းစုံ ဖူးပွင့်လှပနေသော မြန်မာနိုင်ငံ တိုင်းရင်းသားတို့ကား ဓလေ့ထုံးစံ၊ ရိုးရာဝတ်စုံ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုတို့ ကွဲပြားခြားနားနေသော်လည်း အတူတကွ ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့ကြသည်မှာ ယနေ့တိုင်ထိပင်ဖြစ်သည်။ ချင်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်တွင် နေထိုင်ကြသကဲ့သို့ ရောင်စုံပန်းများပမာ အလှတရားကိုယ်စီ ကွဲပြားလျက် ရှိနေကြပါသည်။ ခေတ်မည်မျှ တိုးတက်စေကာမူ ရှေးထုံးကို မပယ်ကြဘဲ ကျင့်သုံးနေထိုင်လျက်ရှိကြပါသည်။

 

တောင်ပိုင်းချင်းအမျိုးသားတို့သည် အိမ်သစ်ဆောက်ရန်အတွက် မြေနေရာရွေးသောအခါ နတ်ဆရာများနှင့် သက်ကြီးဝါကြီးများအား တိုင်ပင်လေ့ရှိသည်။ ဆရာများက အိမ်ဆောက်မည့် မြေနေရာတွင် ဆန်စေ့၊ ပဲစေ့ စသည်တို့ကိုတူး၍ မြှုပ်ထားပြီး နောက်တစ်နေ့တွင် ဖော်ကြည့်ကြသည်။ မြှုပ်ထားသော ဆန်စေ့၊ ပဲစေ့၊ ပြောင်းစေ့များကို ပြန်၍မတွေ့လျှင် မြေခံမကောင်းဟု ဟောကိန်းထုတ်၍ နေရာသစ်ကို ရှာစေပြန်သည်။

 

တောင်ယာမြေသစ် ရွေးချယ်လျှင်လည်း ဟောကိန်းထုတ်သူက တောင်ယာမြေသစ်မှ မြေကိုယူ၍ ခေါင်းအုံးအောက်တွင် ထားအိပ်ပြီး၊ အိပ်မက်ဖြင့် ဟောကိန်းထုတ်လေ့ရှိသည်။ အိပ်မက်ကောင်းသော် တောင်ယာ မြေကိုရွေးစေ၍ အိပ်မက်မကောင်းသော် ယင်းတောင်ယာမြေကို မရွေးချယ်ရန် ဟောကိန်းထုတ်လေ့ရှိသည်။

 

အချို့သော ချင်းရွာများတွင် လူနာ၏ အခြေအနေကိုလည်းကောင်း၊ ကျွဲ၊ နွားပျောက်လျှင်သော်လည်းကောင်း နတ်ဆရာများက နတ်ဝင်သည်များကို နတ်ဝင်စေ၍ ရောဂါပျောက်၊ မပျောက် ကျွဲ၊ နွား ပြန်ရ၊ မရကို မေးမြန်းကြသည်။

 

တောကောင်ကြီးများ လိုက်သောအခါတွင်လည်း ကြက်ဗေဒင်မေးလေ့ရှိသည်။ များသောအားဖြင့် တောစောင့်နတ်အား အနီရောင်ကြက်များဖြင့် ပသလေ့ရှိသည်။ ကြက်ကိုသတ်၍ မြေပေါ်တွင်ပစ်ချပြီး ကြက်၏ ဦးခေါင်း လှည့်ရာဘက်၌ သားကောင်ကြီးများရှိမည်ဟု ဟောကိန်းထုတ်လေ့ရှိသည်။

 

အချို့လည်း မြေတွင်စိုက်ထားသော တိုင်သုံးတိုင်ပေါ်၌ ကြက်ဥကို တင်ပြီးနောက် မီးဖြင့်ကင်ပြီးလျှင် တုတ်ဖြင့်ရိုက်လိုက်သည်။ ကြက်ဥမှ အရည်စဉ်ရာ အရပ်ကိုကြည့်၍ ကြီးသောသားကောင် ရတတ်သည်ဟု ဟောကိန်းထုတ်လေ့ရှိသည်။

 

ရွာထဲသို့ တောကောင်များဖြစ်သော ချေ၊ သမင်၊ ဒရယ်များဝင်သော် ရွာမီးလောင်တတ်သည်ဟု နိမိတ်ဖတ်ကြသည်။ တောကောင်ဝင်လျှင် ယတြာ ချေသောသဘောဖြင့် နတ်ပသကြသည်။

 

mdn

 

တောင်ပျားများသည် ရန်မူတတ်သော ပျားကောင်များမဟုတ်သဖြင့် တောင်ပျားများ အိမ်ဝင်းထဲ၌စွဲလျှင် စီးပွားတက်မည်ဟု အယူရှိကြသည်။ အိမ်တွင် မွေးမြူထားသော ကြက်၊ ဝက်များ အပေါက်များလျှင် သို့မဟုတ် အိမ်တွင်စိုက်ထားသော ပန်းပင်၊ သစ်ပင်များ အပွင့်အသီးလှိုင်လှိုင်ထွက်လျှင် စီးပွားတက်မည်။ တောင်ယာစပါး အထွက်ကောင်းမည်ဟု နိမိတ်ဖတ်သည်။

 

ခရီးသွားခိုက် မြွေ၊ ရှဉ့်များ မြင့်ရာမှ နိမ့်ရာသို့ ဆင်းလာသည်ကို မြင်ရလျှင် နိမိတ်ကောင်းသည်ဟု ယူဆကြသည်။ မြွေနှင့် ရှဉ့်များ နိမ့်ရာမှ မြင့်ရာသို့ တက်သွားလျှင် နိမိတ်မကောင်းဟု ယူဆကြသည်။

 

ခရီးသွားစဉ် ဘောင်ပီငှက် တစ်ခါအော်၍ အနောက်ဘက်ပြန်သွားလျှင် လာဘ်မကောင်း၊ အတိတ်နိမိတ် မကောင်းဟု ယူဆကြသည်။ မင်္ဂလာဆောင်အတွက် စေ့စပ်ရန်သွားစဉ် ဘောင်ပီငှက် တစ်ခါအော်သံကြားလျှင် စေ့စပ်ရေး ပျက်တတ်သည်ဟု အယူရှိကြသည်။ တောင်ငှက် သုံးကြိမ်သုံးခါ အော်သံ ကြားလျှင် အတိတ်နိမိတ် ကောင်းသည်ဟု ယူဆပြီး အကြံအစည် လုပ်ငန်းဆောင်တာ အောင်မြင်မည်ဟု အယူရှိကြသည်။

 

လေကြီးမိုးကြီးကျသော် ရွာများတွင် အစိမ်းသေ သေသူများလိမ့်မည်ဟု အယူရှိသည်။ ထို့ကြောင့် လေကြီးမိုးကြီးထန်လျှင် ရှေးအခါက နတ်ပသ၍ နတ်များကို တောင်းပန်ကြသည်။

 

အသားလှုပ်ခြင်းတွင် အထက်နှုတ်ခမ်းလှုပ်မူ ရန်ဖြစ်ရတတ်သည်။ အောက်နှုတ်ခမ်းလှုပ်လျှင် အစားကောင်းစားရမည်။ အထက်မျက်ခမ်းများလှုပ်လျှင် လာဘ်ကောင်းမည်။ သတင်းကောင်း ကြားရမည်။ အောက်မျက်ခမ်းလှုပ်လျှင် ဘေးအန္တရာယ်တွေ့ကြုံရလိမ့်မည်ဟု အယူရှိကြသည်။ ။

 

အိမ်မီးလောင်သည်ဟု အိပ်မက်မက်လျှင် လူသေမည်။ အမဲဟင်းလျာ စားရသည်ဟု မြင်မက်လျှင် တောလိုက် ထွက်ရတတ်သည်။ သားကောင်များများ ရမည်။ အံသွားကျိုးသည်ဟု မြင်မက်လျှင် မိဘတစ်ဦးဦးကို ထိခိုက်တတ်သည်။ အစွယ်ကျိုးသည်ဟု မြင်မက်လျှင် အိမ်သားတစ်ဦးဦး သေဆုံးလိမ့်မည်ဟု အတိတ်နိမိတ် ကောက်လေ့ရှိသည်။ ထို့ပြင် တောင်ယာသွားသော်၊ တောလိုက် ထွက်သော် ဘယ်ဖက်ခြေထောက် ခလုတ်တိုက်မိလျှင် အနှောင့်အယှက် တွေ့ရတတ်သည်။ ညာဖက်နှင့် တိုက်မိသော် နိမိတ်ကောင်းသည်ဟု အယူရှိကြသည်။

 

ဘာသာရေးနှင့် ပတ်သက်သော အတိတ်နိမိတ် အယူအဆများ

 

ဝဋ်လည်တတ်သည်ဟူသော အယူအဆကို ချင်းအမျိုးသားများ လက်ခံထားကြသည်။ သူတစ်ပါး အရုပ်ဆိုးသည်ကို ကြည့်၍ရယ်မိလျှင် မွေးသောကလေးများ အရုပ်ဆိုးတတ်သည်ဟု ယုံကြည်ကြသည်။ သူတစ်ပါး ဆင်းရဲသည်ကို ကြည့်၍ ဝမ်းသာအားရဖြစ်လျှင်လည်း မိမိသည် ဆင်းရဲတတ်သည်ဟု အယူအဆ ရှိလေသည်။ မြေတွင်း၊ ကြွက်တွင်းများကို ပိတ်လျှင် သေခါနီး၌ အသက်ရှူမဖြစ်ဘဲ အသေမြန်တတ်သည်ဟု အယူရှိကြသည်။

 

သူတစ်ပါးလင်မယား ရန်ဖြစ်သည့်အကြောင်း၊ မသင့်မတင့် ဖြစ်ကြသည့် အကြောင်းကိုပြောလျှင် မိမိတို့အချင်းချင်းလည်း မသင့်မတင့် ဖြစ်တတ်သည်ဟူ၍ အယူရှိကြသည်။ မုဆိုးမများ၊ မိဘမရှိသော ကလေးများနှင့် သက်ကြီးရွယ်လွန် များကို စောင့်ရှောက်လျှင် နောင်အစဉ် ချမ်းသာရလိမ့်မည်ဟု အယူရှိကြသည်။

 

အသုဘအတွက် ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ နောက်များသတ်၍ နတ်ပသလျှင် ကျွေးမွေးဧည့်ခံလျှင် နွား၊ ကြက်၊ ဝက်နှင့် နောက်တို့၏ ဝိညာဉ်သည် သေသူ၏ ဝိညာဉ်နောက်သို့ လိုက်သည်ဟု အယူရှိသည်။ ။

 

ချက်ကြိုးကို ခွေးများ၊ ကြောင်များစားသော်၊ ပိုးကောင်ကိုက်သော် ကလေး ဖျားနာတတ်သည်ဟု အယူရှိသည်။ ကလေးနေမကောင်းသော် ယတြာချေသည့် သဘောဖြင့် ကလေးငယ်၏ နာမည်ကို ပြောင်းပေးလေ့ရှိသည်။

 

ငလျင်ပြင်းစွာလှုပ်သော် ရောဂါဘယထူပြောမည်ဟု အယူရှိကြသည်။ ရှေးက ငလျင်လှုပ်လျှင် နတ်များကို ပသကြသည်။ ။

 

အခါမဟုတ်ဘဲ မိုးရွာသော်၊ တိမ်တောက်ချိန်များသော် ရာသီဥတု ဖောက်ပြန်တတ်သည်။ သီးနှံစပါး ပိုးဖျက်တတ်သည်ဟု အယူရှိကြသည်။ ထို့ကြောင့် ရှေးအခါက အချိန်မဟုတ်ဘဲ မိုးရွာလျှင်၊ တိမ်နီတောက်ဖန်များလျှင် နတ်ဆရာ၏ အကူအညီဖြင့် နတ်ပသလေ့ရှိသည်။ ။

 

ကျားစွယ်၊ ကျားရိုးများဆောင်လျှင် အမှောင့်ပယောဂစုန်း၊ တစ္ဆေ၊ ကဝေများ များမကပ်နိုင်ဟု အယူရှိသည်။ ထို့ကြောင့် ကလေးငယ်များအား ကျားရိုး၊ ကျားစွယ်များကို အဆောင်အဖြစ် ဝတ်ဆင်ပေးထားလေ့ရှိသည်။

 

ကျားသတ္တဝါ၌ နတ်ဆိုးများ အမြဲတွယ်ကပ်လျက်ရှိသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျားကိုပစ်၍ရသော် ကျားခေါင်းကိုဖြစ်စေ၊ ကျား၏ ကိုယ်ခန္ဓာကိုဖြစ်စေ ရွာအတွင်းသို့ မယူဝံ့ပေ။ ဤကဲ့သို့ ကျားခေါင်းနှင့် ကျားခန္ဓာကိုယ်ကို ယူဆောင်ခဲ့သော် ရွာအတွင်းမှ လူများနှင့် တိရစ္ဆာန်များကို ကိုက်စားခြင်း၊ လက်စားချေခြင်း ပြုတတ်သည်ဟု အယူရှိသည်။ ထို့ကြောင့် ပွဲပြုလုပ်ပြီးမှသာလျှင် ကျားသေကို ရွာတွင်းသို့ သွင်းလေ့ရှိသည်။ ။

 

ဟားခါးနယ်တွင် နေထိုင်မကောင်းသော် ရှေးအခါက ရွှံ့များဖြင့် ကျွဲရုပ်၊ နွားရုပ်၊ ကြက်ရုပ်၊ ဝက်ရုပ်၊ ပုတီးစေ့၊ မောင်းသဏ္ဌာန် ရွှံ့ရုပ်များပြုလုပ်၍ ရွာလမ်းများပေါ်တွင် ပစ်ထားတတ်သည်။ မကောင်းဆိုးဝါးနတ်၏ ဒေါသ အမျက်ကို ဖြေဖျောက်ရန်ဖြစ်သည်ဟု ဆိုသည်။ ဤသို့ပြုလုပ်သော် ဖျားနာခြင်းပျောက်မည်ဟု အယူရှိကြသည်။

 

မြွေများမိတ်လိုက်နေသည်ကိုမြင်လျှင် လာဘ်မကောင်းဟု ယူဆကြသဖြင့် ယင်းအကြောင်းကို အခြားသူများအား ပြောပြလေ့မရှိကြချေ။ ဝက်ဝံများနှင့် သမင်၊ ဒရယ်၊ ချေငယ်များကို ပစ်သောအခါ သစ်ပင်ကိုင်းများပေါ်တွင် တွယ်ကပ်၍ သေနေလျှင် မစားကောင်းဟု ယူဆကြသည်။ တောနတ်နှင့် ဆိုင်သောကြောင့် တောနတ်က မပေးလို၍ တောကောင်သမင်၊ ဒရယ်၊ ချေငယ် များကို ပြန်လည်ဖမ်းယူထားသည်ဟု အယူရှိကြလေသည်။

 

ပီကိုင်ဟုခေါ်သော ကြက်ဥမှုတ် ဗေဒင်ဆရာများကိုလည်း ချင်းရွာများတွင် တွေ့ရှိရသည်။ ယင်းဗေဒင်ဆရာများသည် နတ်နှင့်ဆိုင်ရာ ကိစ္စများနှင့် ရွာသူရွာသားများက လာရောက်မေးသည့် အလုပ်အကိုင်ကိစ္စ၊ သွားရေး လာရေးကိစ္စ၊ သာရေးနာရေးကိစ္စ စသည်တို့တွင် ဗေဒင်ကြည့်ပေးသည်။ ဗေဒင်ဟောခမရလျှင် ပီကိုင်သည် လူမမာအတွက် တိရစ္ဆာန်များ ပူဇော် ပသသောအခါ ပေါင်တစ်ခြမ်း ရလေ့ရှိသည်။

 

ပလက်ဝချင်းအမျိုးသားများသည် ခရီးသွားလာရာတွင် နေ့ကောင်းရက်မြတ် ရွေးချယ်သော အလေ့အထများ မရှိသော်လည်း ခရီးထွက်၍ ခလုတ်တိုက်မိလျှင်၊ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့လျှင် မြွေကိုတွေ့လျှင် နိမိတ်မကောင်း ဟု ယူဆကြသည်။ ခရီးသွားနေစဉ် သစ်တောက်ငှက် အော်မြည်သံကို ကြားရသော် နိမိတ်ကောင်းသည်။ မကြာမီ ခေါင်ရည်သောက်ရတော့မည်ဟု ဝမ်းသာအားရ ဖြစ်ကြသည်။

 

အိမ်တွင်လည်းကောင်း၊ ရွာတွင်လည်းကောင်း၊ အိမ်အနီးသစ်ပင်တွင်လည်းကောင်း စွဲခဲ့သော် အဖျားအနာ ရောက်တတ်သည်ဟု အယူရှိသည်။ ပျားတုတ်ခံရသည်ဟု အိပ်မက်မက်လျှင်လည်း ဖျားနာတတ်သည်ဟု ယူဆကြသည်။ ယင်းအခါမျိုးတွင် အနက်ရောင်ရှိသော ကြက်မနှင့် ယတြာပြုကြသည်။ မွေးမြူထားသော ကြောင်သည် အိမ်မှထွက်သွားလျှင် မီးဖိုတွင် မှိုပေါက်လျှင် သေဘေးရောက်မည့်နိမိတ်ဟု အယူရှိသည်။ အိမ်နောက်ဘက်တံခါးမှ ငှက်ပျံ ထွက်ခဲ့လျှင် ခြေနှစ်ချောင်း ထွက်တတ်သည်။ အိမ်ရှေ့မှဝင်သော် လာဘ်ဝင်မည်။ ခွေးသည် အိမ်ခေါင်မိုးပေါ်တက်သော် သေဘေးရောက်အံ့။ နေအိမ်များတွင် မြွေတက်သော် ဘေးရောက်တတ်သည်။ တောင်ယာတွင် တောမျောက်များ ဝိုင်းပတ်၍ ကစားသည်ရှိသော် နိမိတ်မကောင်း၊ ခြအုံတွင် မှိုပေါက်သော် ကောင်းသည်။ ချမ်းသာကြွယ်ဝသည်ဟု အယူရှိကြသည်။

 

ဤကဲ့သို့ဖြင့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာယုံကြည်မှုများမှာ ကွဲပြားခြားနားစေကာမူ စိတ်ဝင်စားဖွယ်ကောင်းသော ရိုးရာယုံကြည်မှုများကား အရိုးပေါ်အရွက်မဖုံးစေဘဲ၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ကြမည်မှာ အမှန်ပင် သေချာလှပါပေသည်။

 

မှီငြမ်း

ချင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံ