မြို့သစ် အောက်တိုဘာ ၂၂
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် ခရမ်းချဉ်စိုက်ပျိုးရောင်းချသူ တောင်သူမိသားစုများ ခရမ်းချဉ်ဈေးကောင်းရ၍ မိသားစုဝင်ငွေ ပိုမိုရရှိကြောင်း သိရသည်။
“ရာသီနှင့်ကိုက်ညီသည့် အသီးအနှံပင်များကို ပုံမှန်ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း၊ အဓိက စားဖိုချောင် သီးနှံကို စိုက်ပျိုးရောင်းချကြောင်း၊ ခုလက်ရှိ ခရမ်းချဉ်(၁)ဧက အပင်(၅၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ငွေကျပ်(၅)သိန်းခန့်ရင်းနှီးမြုတ်နှံထားကြောင်း စိုက်ပျိုးပြီးရက် (၄၅)ရက်ခန့်တွင် စတင်ခူးယူရကြောင်း၊ (၁)ရက်ခြားပိဿာ(၁၀၀) ကျော်ခူးယူရောင်းချရကြောင်း၊ အပင်သက်တမ်းအနေဖြင့် တစ်လခန့်ခူးယူရမည် ဖြစ်၍ ပိဿာချိန် (၃၀၀၀)ခန့် ရရှိနိုင်ကြောင်း” ခရမ်းချဉ်စိုက်တောင်သူ တစ်ဦးက ပြောသည်။
ယခုလက်ရှိ ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿလျှင် (၁၂၀၀)ကျပ်ရရှိ၍ ဝင်ငွေအနေဖြင့် ရင်းနှီးငွေနှုတ်ပြီး ပါက အမြတ်ငွေကျပ် (၁၀)သိန်းခန့်ရရှိနိုင်ကြောင်း၊ ခရမ်းချဉ်များကို အဓိကအားဖြင့် ကုန်သည်များက စိုက်ကွင်းအရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)