ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၂ ဒသမ ၇ ပေ ရေကျော်နေ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီ တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက်  ၂ ဒသမ ၇ ပေ ရေပိုလွှဲမှ ရေကျော်လျက်ရှိပြီး  မုန်းချောင်း အောက်ဘက်နှင့် မြစ်ကမ်းဘေး ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင်အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ စိုးရိမ်ဖွယ်အခြေအနေမရှိသေး ကြောင်း ကြီးအုံကြီးဝ တမံ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုမှာ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်စေရန်အတွက် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ်အခြေအနေသတ်မှတ်၍   အစိမ်းရောင်အလံစိုက်ထူထားရှိပြီး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား ကြီးအုံကြီးဝတမံမ တာဝန်ခံ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အမြဲစောင့်ကြည့်လျက်ရှိပြီး ထူးခြားမှုအခြေအနေရှိပါက ဒေသခံပြည်သူများ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)